မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ၄၉ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ ASEAN နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့အတူ တခြား ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ဖို့အတွက် ဒီကနေ့ နေ့လယ်ပိုင်းက လာအိုနိုင်ငံကို ထွက်ခွာသွားပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံမှာ ဒီလ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြဖွယ် ရှိပါတယ်။
အခုအစည်းအဝေးဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီးကတည်းကဆိုရင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်တာဖြစ်ပါမယ်။ ပြီးခဲ့တဲ့မေလက သမ္မတဦးထင်ကျော် ရဲ့ လာအိုနိုင်ငံ တရားဝင် ခရီးစဉ် မှာလည်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါသွားဖူးပါတယ်။
တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ထဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလည်း ပါနေတာပါ။ ဖိလစ်ပိုင်နိုင်ငံက နယ်သာလန်နိုင်ငံ၊ The Hague မြို့အခြေစိုက် PCA လို့ခေါ်တဲ့ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ ခုံသမာဓိ တရားရုံးမှာ တင်ပြ လျှောက်ထားခဲ့တာ သိပ်မကြာခင်ကပဲ ဆုံးဖြတ်ချက်ထွက်ထားပြီး ဒါနဲ့ပတ်သက်လို့ တရုတ်နဲ့ ဖိလစ်ပိုင်ကြား တင်းမာမှုတချို့လည်းရှိနေပါတယ်။
အခု အာဆီယံဝန်ကြီးတွေ အစည်းအဝေးနဲ့အတူ တရုတ်နိုင်ငံပါ တက် ရောက်မယ့် အာဆီယံ + ၃ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးလည်း ကျင်းပမှာဖြစ်ပြီး တောင်တရုတ်ပင်လယ်အရေးကို အနိမ့်ဆုံးအဆင့်တော့ တရားဝင်အစည်းအဝေးတွေပြင်ပ သီးခြား တွေ့ဆုံတာတွေမှာ ဆွေးနွေးကြ ဖွယ်ရှိပါတယ်။
တောင်တရုတ် ပင်လယ်အရေး သက်ဆိုင်တဲ့နိုင်ငံတွေအနေနဲ့ ထိန်းသိမ်းလုပ်ဆောင်ပြီး အင်အားသုံး ခြိမ်းခြောက် တာကို ရှောင်ကျဉ် ဖို့ မြန်မာ နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၃ ရက်နေ့ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေ၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားမယ် လို့လည်း မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5