ဒေါ်အောင်ဆန်းစုကြည်ကို Helen Keller ဆုချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်ကို Helen Keller ဆုချီးမြှင့် (MOI)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို Helen Keller နိုင်ငံတကာအဖွဲ့ HKI က ၂၀၁၆ ခုနှစ် အတွက် လူသားချင်းစာနာမှုဆုကို အောက်တိုဘာလ ၂၇ ရက် ကြာသပတေးနေ့မှာ ချီးမြှင့်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေ တိုးတက်အောင် ကြိုးပမ်းမှုတွေနဲ့ လူသားချင်း စာနာမှုနဲ့ အကူညီပေးတာတွေအတွက် ဂုဏ်ပြုသည့်အနေနဲ့ ဒီဆုကို ပေးအပ်ကြောင်း HKI အဖွဲ့ရဲ့ ဥရောပဆိုင်ရာ အကြီးအကဲ Dr. Howard Cohn က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနကို လာရောက်ပြီး ဆုပေးအပ်စဉ်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး ဝိဇ္ဇာဘွဲ့ရရှိတဲ့ မျက်မမြင်၊ နာမကြား မသန်စွမ်းတစ်ဦးဖြစ်တဲ့ Helen Keller တည်ထောင်ခဲ့တဲ့ HKI အဖွဲ့ဟာ မြန်မာအပါအဝင် အာရှနဲ့ အာဖရိက နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ မျက်စိနဲ့ နားရောဂါအပါအဝင် ကျန်းမာရေးနဲ့ အဟာရမချို့တဲ့စေရေး ဆိုင်ရာ စီမံကိန်းပေါင်း ၁၂၀ ကျော် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

Helen Keller ဟာ မျက်စိလည်း မမြင်၊ နားလည်း မကြားရတဲ့ မစွမ်းမသန် ဘဝကနေ ကြိုးစားမှုနဲ့ အခက်အခဲတွေကို ကျော်လွန်လွှား ခဲ့သလို လူသားတွေကိုပါ ကူညီစောင့်ရှောက်ခဲ့သူမို့ ဒီလို အမျိုးသမီးဆီက ရတဲ့ ဆုကို ပိုတန်ဖိုးထားကြောင်း ဆုလက်ခံယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် ဆက်လျှောက်ရမယ့် ခရီးတလျှောက် ကြုံတွေ့ရမယ့် အခက်အခဲ အတားအဆီးတွေကို ကျော်လွှားနိုင်ဖို Helen Keller စိတ်ဓာတ်မျိုးနဲ့လုပ်ဆောင် သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

စာရေးဆရာမတဦးဖြစ်တဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ Helen Keller က ၁၉၅၉ ခုနှစ်မှာ HKI ကို ထူထောင်ခဲ့ပြီး ၁၉၆၀ ကစပြီး သူလို အများအကျိုး ထူးထူးချွန်ချွန် ဆောင်ရွက်သူတွေကို ဆုတွေ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ လူသားချင်းစာနာမှု ဆိုင်ရာ ဆုကို စတင်ချီးမြှင့်တာဖြစ်ပြီး ဒီဆုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်လည်း ၂၀၁၃ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်ကို Helen Keller ဆုချီးမြှင့်