မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်နှင့် မီးတွင်းမိခင်သေဆုံးမှု အာဆီယံမှာ ဒုတိယအမြင့်ဆုံး

မြန်မာနိုင်ငံရဲ့ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားစဉ် ကာလ မိခင် သေဆုံးမှုနှုန်းက အရှေ့တောင် အာရှ ဒေသမှာ ဒုတိယ အမြင့်ဆုံး ဖြစ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ မူဝါဒတွေ လိုအပ်နေပြီလို့ ကုလ သမဂ္ဂက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ကလေးမွေးဖွားနှုန်း ကျဆင်းလာမှုနဲ့ ကြုံတွေ့နေရပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေ သေဆုံးမှုက မြင့်တက်နေတာကြောင့် သားဆက်ခြား ကျန်းမာရေး အစီအစဉ်ကို မြှင့်တင်လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့လည်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးဖွားစဉ်နဲ့ မွေးဖွားပြီးစ မြန်မာ အမျိုးသမီး ၈ ဦးတို့ နေ့စဉ် သေဆုံးနေရတယ်လို့ ကုလ သမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ UNFPA က ပြောဆိုလိုက်ပါတယ်။ ကြိုတင် ကာကွယ်နိုင်ရက်နဲ့ အခုလို သေဆုံးနေရမှုက နှစ်စဉ် ၂၈၀၀ လောက် ရှိတယ်လို့လည်း UNFPA က ထောက်ပြပါတယ်။ သေဆုံးမှု မြင့်တက်နေရတာ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ လက်လှမ်းမမီရလို့ ဖြစ်တယ်လို့ UNFPA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် ဌာနေ ကိုယ်စားလှယ် ဒေါက်တာ လှလှအေးက အခုလို ပြောပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုကို ကောင်းမွန်စွာမရရှိသေးဘူးဆိုတဲ့ အချက်ကို ညွှန်းပြတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသေနှုန်းက ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံ တနိုင်ငံလုံးအနေနဲ့လည်း တိုင်းနဲ့ပြည်နယ်အရဆိုရင် ကွာခြားမှုတွေကိုတွေ့ရှိနေရတယ်။ တွေ့ရှိရတဲ့အခါကျတော့ကြည့်လိုက်မယ်ဆိုရင်လည်း ချင်း၊ ဧရာဝတီ ၊ ပဲခူး၊ မကွေး ၊ ရခိုင်ဒေသတွေမှာ ပိုပြီးတော့ မိခင်သေနှုန်းကပိုပြီးတော့ များနေတယ်။ ဒီလိုများတဲ့နေရာတွေမှာဆိုရင်လည်း တော၊ နယ် ခက်ခဲနက်နဲသွားလာရတဲ့နေရာတွေမှာ ပိုများပြီးတော့ မြို့မှာဆိုရင်တော့ နည်းနည်းပိုနည်းတာကို တွေ့ရှိရတယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းဟာ မိခင်တွေ ကလေးမွေးတဲ့အခါမှာ ပိုပြီးတော့ အားထည့်ဖို့လိုတယ်ဆိုတာ ဖော်ပြနေပါတယ်။”

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်ထောင်စု အကြောင်းအရာ ဆိုင်ရာ သန်းခေါင်စာရင်း - ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုဆိုင်ရာ အစီရင်ခံစာကို ကိုးကားပြီး ကုလ အဖွဲ့ UNFPA က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။ သေဆုံးမှု နှုန်းကို လျှော့ချဖို့ အတွက်မြန်မာ အမျိုးသမီးတွေ အနေနဲ့ သားဆက်ခြား ကျန်းမာရေးကို စိတ်ကြိုက် ရွေးချယ်ခွင့်ပိုပြီး ရှိလာဖို့ လိုအပ်တယ်လို့ UNFPA လက်ထောက် ဌာနေ ကိုယ်စားလှယ် ဒေါက်တာ လှလှအေးက ထောက်ပြပါတယ်။

“မြန်မာနိုင်ငံရဲ့လူဦးရေကို ကြည့်လိုက်မယ်ဆိုရင် ၅၁ သန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာဆိုရင် ကျေးလက်တောရွာမှာနေထိုင်တဲ့ ပြည်သူလူထုဖြစ်နေတယ်။ ပြီးတဲ့အခါ သူတို့မှာ ကျန်းမာရေးအသိပညာနည်းပါးပါတယ်။ မိခင်တွေက ကျန်းမာခြင်းမရှိတာနဲ့ နောက်သားဆက်ခြားခြင်းအကြောင်းမှာ အသိပညာနည်းပါးနေတဲ့ ပြည်သူလူထုက များနေတဲ့အခါကျတော့ ဒီသားဆက်ခြားခြင်းကိုတအားကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ဘူး။”

ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန် မိခင်တွေ သေဆုံးမှုနှုန်းကို လျှော့ချဖို့ သားဆက်ခြား ကျန်းမာရေးကို ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေတဲ့ တချိန်တည်းမှာဘဲ မြန်မာနိုင်ငံက ကလေးမွေးဖွားမှုနှုန်း ကျဆင်းတာကြောင့် လူဦးရေး ဆိုင်ရာ မူဝါဒတွေ ချမှတ်ဖို့ အတွက် အာဏာပိုင်တွေ ပြင်ဆင်နေကြရတာလည်း ဖြစ်ပါတယ်။ ဒေါက်တာ လှလှအေးကတော့ လူဦးရေများလို့ သားဆက်ခြားဖို့ လိုအပ်တာ မဟုတ်ဘဲ သေဆုံးမှု များနေလို့ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

“မွေးဖွားနှုန်းကဆိုရင် သန်းခေါင်စာရင်းအရ ၂.၅ လို့ ဖော်ပြတယ်ပေါ့နော် အဲဒီဟာက ဒီလောက်များတာတော့မဟုတ်ဘူး။ သို့သော် အိမ်ထောင်ကျပြီးသားအမျိုးသမီးတွေ fatality rate ကိုကြည့်လိုက်ရင် ၄.၉ ရာခိုင်နှုန်းဖြစ်နေတယ်။ ဒါကတော့ နည်းနည်းများတယ်။ အိမ်ထောင်ကျထားတဲ့ အမျိုးသမီးတယောက်က ကလေး ၄.၉ ဦးလောက် ပျမ်းမျှရှိတယ်။ ဒါပေမယ့် အမျိုးသမီးထုတခုလုံးကို ကြည့်မယ်ဆိုရင် သူတို့က ၂.၅ ယောက်ပဲမွေးတဲ့ average ရှိတယ်ပေါ့။ ဆိုတော့ ၂.၅ ဆိုတာ မများဘူး Total Population မှာ။ ဒါပေမယ့် မြန်မာနိုင်ငံမှာက မျိုးဆက်ပွားနိုင်တဲ့အမျိုးသမီး ၅.၂ ရာခိုင်နှှုန်း က အိမ်ထောင်မကျဘူး။ ဆိုလိုတာက တကယ်ယူတဲ့လူတွေက ကလေးများများမွေးတယ်။ အဲဒီတော့ မိခင်သေနှုန်းက များနေတာကို ကြည့်မယ်ဆိုရင် လူဦးရေများလို့ သားဆက်ခြားဖို့လိုတာမဟုတ်၊ မိခင်သေနှုန်းက များနေလို့ မိခင်ကျန်းမာရေးစောင့်ရှောက်မှုအတွက် သားဆက်ခြားဖို့လိုတာဖြစ်ပါတယ်။”

ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နဲ့ မွေးဖွားပြီးစ ကာလ မိခင်တွေ သေဆုံးမှုနှုန်းက ၁ သိန်းမှာ ၂၈၂ ဦး ရှိနေတာပါ။ ဝေးလံခေါင်သီတဲ့ ကျေလက်နေ မိခင်တွေ မိခင်လောင်းတွေ သေဆုံးမှုက မြို့ပြမှာ ဖြစ်ပွားမှုထက် များပါတယ်။ အရှေ့တောင် အာရှ ဒေသတွင်း ပျမ်းမျှ သေဆုံးမှုနှုန်းက ၁ သိန်းမှာ ၁၄၀ ဘဲ ရှိတာကြောင့် ၂၈၂ ဦးနှုန်း သေဆုံးနေရတဲ့ မြန်မာနိုင်ငံက အတော်လေးများနေတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်နှင့် မီးတွင်းမိခင်သေဆုံးမှု အာဆီယံမှာ ဒုတိယအမြင့်ဆုံး