ဒီးမော့ဆိုမြို့ပေါ် PDF နဲ့ စစ်ကောင်စီ အပြန်အလှန်ပစ်ခတ်

ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ဒေသခံအချို့။ ယခင်ပုံဟောင်း။ (ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)

{{{Zawgyi/Unicode}}}

ကယားပြည်နယ် ဒီးမော့ဆိုမြို့ပေါ်မှာ မနေ့က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ KNDF က VOA ကိုပြောပါတယ်။ ဒီးမော့ဆိုမြို့ခံတွေ အစောပိုင်းကတည်းက တိမ်းရှောင်နေတဲ့နေရာမှာ တိုက်ပွဲဖြစ်နေပေမယ့် ဒေသခံတွေတော့ အထိအခိုက် မရှိခဲ့ပါဘူး။ ဒီအကြောင်းရန်ကုန်ကပေးပို့ထားတဲ့သတင်း နန်းလောဝ်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၁ ရက် မနက်အစောပိုင်းကစလို့ ဒီးမော့ဆိုမြို့က လူနေအိမ်တွေရှိရာဘက် စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး ညနေ ၄ နာရီလောက်မှာတော့ ဒီးမော့ဆိုမြို့ ထူလွီး ဘီလာရပ်ကွက်မှာ KA နဲ့ KNDF တပ်ရင်း ၁၉ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“သူတို့တွေ ရမ်းသမ်းပြီးတော့ လက်နက်ကြီးထုတာတော့ မနက်အစောကြီးကတည်းက။ သူတို့စပြီး ထုတယ်ပေ့ါလေး။ သူတို့နဲ့ထိတွေ့ပြီးတော့မှ ပစ်ခတ်မှုလုပ်တာ ညနေပိုင်း ၄ နာရီလောက်မှာပေါ့လေး။ တနာရီ တနာရီကျော်လောက်ပေါ့၊ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပေါ့။ အဲ့ဒီထူလွီးဘီလာ မှာ ဟုတ်၊ သူတို့တွေက တပ်ထဲကနေမြို့ပေါ်ကို လှုပ်ရှားလာတယ်။ လူနေအိမ်ရပ်ကွက်တွေမှာ ဝင်နေတာတို့၊ ပြီးတော့ အိမ်တွေမှာ ဖောက်တာတို့၊ ပစ္စည်းတွေ ဘာတွေ ယူသွားတာတို့ရှိတာပေါ့လေး။ ဆိုတော့ အဲ့ဒီထူလွီးဘီလာရောက်တဲ့အချိန်မှာ ကျနော်တို့ KNDF ၊ KA နဲ့ ပေါင်းပြီးတော့မှ သူတို့ကို ပြန်ပြီးတော့မှ ပစ်တာပေ့ါလေး။”

ဒီတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးဘက်က တဦးထိခိုက်ဒဏ်ရာရရှိပြီး စစ်ကောင်စီဘက် က ၈ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ VOA က သီးခြားအတည်မပြုနိုင်ပါဘူး။ စက်တင်ဘာ ၇ ရက်နေ့ကစလို့ ဒီးမော့ဆိုမြို့ပေါ်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့ချိန်ကတည်းက တမြို့လုံးနီးပါး အိုးအိမ်စွန့်ခွာ ဘေးထွက်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီက နေ့တိုင်းလိုလို လူနေရပ်ကွက် ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လေ ျှာက်ပစ်ခတ်မှုတွေလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား တရက်ခြားတခါ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးသူတဦးက ပြောပါတယ်။

“ဟိုစစ်တပ်ထဲကနေ အဲ့လို လက်နက်ကြီးလှမ်းထုတာ ဒီနေ့တိုင်းလိုလိုဖြစ်နေတယ်၊ ဒီနှစ်ဘက်တိုက်ပွဲဖြစ်တာတော့ အဲ့လို တရက်ခြားတခါ၊ နှစ်ရက်ခြားတခါ။ ဒါတော့ ပုံမှန်ဖြစ်နေကျပဲ၊ အဲ့လိုမျိုးပဲ တချို့ရွာတွေက တိုက်ပွဲငြိမ်တဲ့အချိန်ဆိုရင် ပြန်လာတယ်။ ပြန်ဖြစ်လို့ရှိရင် ပြန်ပြေးသွားတယ်၊ အဲ့လိုမျိုးပေါ့၊ တကယ်မြို့ပေါ်မှာဆိုလို့ရှိရင်တော့ စစ်ကောင်စီတပ်စွဲထားတဲ့ အနီးအနားမှာဆိုလို့ရှိရင် ဘယ်သူမှပြန်လာမနေရဲဘူး။ တိုက်ပွဲမဖြစ်ရင်တောင်မှ ဟို… မပြန်လာရဲဘူးလေး။ ဘာလို့လဲဆိုတော့ အခုမြို့ပေါ်ရပ်ကွက်တိုင်းလိုလိုက မိုင်းတွေထောင်ထားတာတွေ ရှိတယ်။ အော် စစ်ကောင်စီပဲ ထောင်ထားတာပေါ့။ ဘယ်သူထောင်ရမှာလဲ။ သူတို့ပဲရှိတာ။ အဲ့ဒီနားမှာ
သူတို့ပဲရှိတယ်လေး။”

ဒီးမော့ဆိုမြို့ပေါ်နဲ့ ကျေးရွာနေအိမ်တွေဘက်မှာ စစ်ကောင်စီက မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့်တိုက်ပွဲအခြေအနေငြိမ်နေပေမယ့်လည်း ဒေသခံတွေ နေရပ်ပြန်မလာရဲဘူးလို့ ပြောပါတယ်။ စားနပ်ရိက္ခာပြန်လာသယ်ရင်း မိုင်နင်းမိလို့ ခြေလက်ပျက်စီးသွားသူ နှစ်ဦးထက်မနည်း ရှိနေပါတယ်။ ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြတဲ့ ဒီးမော့ဆိုမြို့ခံတချို့ မြို့ထဲပြန်ပြီး အစားအသောက်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူကြသူတချို့ အသတ်ခံရတာတွေလည်းရှိပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့တုန်းက ဒီးမော့ဆိုမြို့ နယ် ငူးပလော့ကျေးရွာမှာ အစားအသောက်ပစ္စည်းတွေ ပြန်လာယူတဲ့ အရပ်သားပြည်သူနှစ်ဦးကိုစစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့အဲ့ဒီ ဘာသာရေးဆရာတော်က VOA ကို ပြောပါတယ်။ စစ်ဘေး ဒုက္ခသည်တွေ မလုံခြုံတဲ့ ဘဝရောက်နေတာကို ခုလိုပြောပြပါတယ်။

“တွေ့ပြီးတော့ တခါတည်း အဲ့လို သေနတ်နဲ့ အပစ်ခံရတယ်။ ဆိုင်ကယ်ပေါ်ကနေပေါ့နော် ရုပ်ပျက်ဆင်းပျက်ကျပြီးသေတယ်။ နောက် အနောက်လိုက်လာတဲ့ (သူ) တွေ့တဲ့အခါမှာ ပြန်ပြီးတော့မှ အမြန်ပြန်ရှောင်တဲ့အခါမှာ လွတ်သွားတယ်။ သူတို့လည်း တအား လန့်ဖျပ်ကုန်တာပေါ့နော်၊ ဆိုတော့ ကျနော်တို့မှာ တကယ်ပြည်သူတွေ မလုံခြုံတော့ဘူး၊ နောက် ကိုယ့်ကိုယ်ပြန်ပြီးတော့ ရိက္ခာလေး အဝတ်လေး ပြန်ယူတာကိုး အသက်နဲ့ရင်းရတယ်ဆိုတာ တကယ်ပဲ ဟို… ဖော်ပြမတတ်တဲ့ ရင်ထဲကပေါ့နော် ပြောစရာစကားလုံးကို မရှိတော့လောက်အောင် ခံစားနေရပါတယ်။”

ခုလိုကယားပြည်နယ်ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

Your browser doesn’t support HTML5

ဒီးမော့ဆိုမြို့ပေါ် PDF နဲ့ စစ်ကောင်စီ အပြန်အလှန်ပစ်ခတ်


==========

{{{Unicode}}}










#Demosoe #KayahFighting #MyanmarViolence #VOABurmese