စစ်အာဏာသိမ်းမှုကြောင့် စိတ်ဖိစီးခံရတဲ့ ကလေးငယ်များ

ပီတိအိမ်မှာ အတန်းတက်ရောက် သင်ကြားနေကြသော ကလေးငယ်များ

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကြမ်းဖက်မှု ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် မြန်မာကလေးသူငယ်အများစုဟာ အရွယ်နဲ့မမျှ စိတ်ဖိစီးမှုကို အပြင်းအထန်ခံစားနေရကြောင်း စိတ်ကျန်းမာရေး ပညာရှင် ဒေါက်တာ K ကဗွီအိုအေကိုပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာပြည်သားတွေအတွက် စိတ်ကျန်းမာရေး နားခိုစရာ ပီတိအိမ် Joy House မှာ စေတနာ့၀န်ထမ်းလုပ်ကိုင်နေတဲ့ ဒေါက်တာ K ကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါ။ ကျမ အခုရောက်ရှိနေတဲ့ နေရာကတော့ မဲဆောက်မြို့က Joy House ပီတိအိမ်ပဲ ဖြစ်ပါတယ်။ မဲဆောက်မှာ ရောက်နေတဲ့ မြန်မာအသိုင်းအဝိုင်းအတွက်၊ အထူးသဖြင့်တော့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ကုစားပေးနေတဲ့ နေရာလို့လည်း ပြောရမှာပါ။ ဒီနေရာမှာဆိုရင် ကလေးတွေကို အသက်အရွယ်အလိုက် သင်တန်းတွေပေးတယ်။ အဲဒီလိုပေးတဲ့ နေရာမှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ခဲ့ရတဲ့ မိသားစုထွက်ပြေးလာကြသူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မိသားစုတွေ၊ သူတို့ ကလေးတွေက ပီတိအိမ်မှာ သင်တန်းလာရောက်တက်ကြပါတယ်။ အထူးသဖြင့်တော့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို ပြုလုပ်ပေးပြီးတော့ ကလေးတွေကို ကူညီနေတာကို တွေ့ရပါတယ်။ အဲဒီမှာ အကသင်တန်းတွေ၊ ပန်းချီသင်တန်းတွေ၊ အဆိုသင်တန်းတွေ။ နောက် ဒီမှာလာရောက် သင်ကြားပို့ချတဲ့ ဆရာ၊ ဆရာမတွေကလည်း စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာကြတဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ ပန်းချီ၊ ပန်းပု၊ အက - မြန်မာနိုင်ငံက အနုပညာရှင်တွေကိုယ်တိုင်က ကလေးတွေကို တတ်နိုင်သလောက် စေတနာဝန်ထမ်းအနေနဲ့ လက်ဆင့်ကမ်း ဖြန့်ဝေနေတယ်။ ဒီသင်တန်းတွေမှာ ပါဝင်ကြတဲ့ မြန်မာအကအပြင် အခုခေတ်စားနေတဲ့ KPop အကတွေလည်း သင်ကြားပေးတယ်ဆိုတော့ အထူးသဖြင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပိုပြီးတော့ ကူညီပေးတဲ့ သင်တန်းတွေဆိုရင်လည်း အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Mindfulness ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ဆရာဝန်ကိုလည်း တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါက်တာ K ။ ။ ဒီနေ့က Mindfulness for Children ၁၁ နှစ်အထက် ကလေးငယ်တွေနဲ့ လေ့ကျင့်ခန်းလုပ်တယ်။ ဘာလေ့ကျင့်ခန်းလည်းဆိုတော့ Self-reflection ကိုယ့်ကိုယ်ကို − ကျမ အခုလုပ်နေတာက ကိုယ့်မှာ ကောင်းတဲ့ အားသာချက်တွေ၊ ကောင်းတဲ့ဟာလေးတွေကို ပန်းပွင့်လေးတွေ သစ်ပင်လေးတွေနဲ့ ပုံဖော်ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ Reflect ပြန်လုပ်တဲ့ လေ့ကျင့်ခန်းလေး လုပ်နေပါတယ်။

မေး ။ ။ အခု ဒီသင်တန်းကိုပေးတဲ့အခါမှာ အသက်အရွယ် အပိုင်းအခြား ရှိပါသလားရှင့်။

ဖြေ ။ ။ ဒီနေ့ကတော့ ၁၁ နှစ်အထက်ကနေ ၁၅ နှစ်ထိပါ။ မနေ့ကတော့ ၆ နှစ်ကနေ ၁၁ နှစ် ပိုငယ်တာပေါ့။

မေး ။ ။ ကလေးတွေက ဒီသင်တန်းတက်ခြင်းအားဖြင့် အဲဒီကရရှိတဲ့ အကျိုး ထိရောက်မှုတွေက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ သူတို့အတွက်ကို အဓိကရရှိမှာတွေက ပိုပြီးတော့မှ အာရုံစူးစိုက်မှု့ကောင်းတာ နောက်တခုကကျတော့ သူငယ်ချင်း အပေါင်းအသင်းနဲ့ တယောက်ကိုတယောက် ချစ်ချစ်ခင်ခင်နဲ့ unpathetic ဖြစ်ဖြစ်နဲ့ ကိုယ်ချင်းစာတရားတွေ ပေါင်းသင်းဆက်ဆံရေးတွေ အချင်းချင်းပျော်ရွှင်မှု့တွေ အဲ့တာတွေ အတွက်ကို ရည်ရွယ်ပြီးတော့မှ လုပ်တယ်။ အဲ့ဒီ အကျိုးတရားတွေ သူတို့ရရှိပါတယ်။

မေး ။ ။ အဲ့ဒီလို အရောင်တွေနဲ့ သူတို့က အဓိကတော့ ပန်းချီဆွဲတာကိုပဲ လုပ်တာလား။

ဖြေ။ ။ မဟုတ်ဘူးရှင့် ကျမတို့ တခါတလေ ကလေးတွေလည်း လုပ်တယ်။ ကလေးဆိုတာ အဓိကကတော့ သူတို့ ကိုယ့်ကိုကိုယ် ပြန်ပြီးတော့မှ observe လုပ်နိုင်ခြင်း၊ မိမိကိုယ်ကို ပြန်ပြီးတော့ Mindfulness Exercise က ပုံသဏ္ဍာန်မျိုးစုံနဲ့ ကျမတို့ လုပ်တယ်။ သိုးမွှေးလုံးလေးတွေ ပါမယ်၊ ရွှံ့လုံးလေးတွေ ပါမယ်။ Clay လုံးလေးတွေ ပါမယ်။ အဲ့ဒီမှာမှ ဒီအရောင်တွေဆိုတာလည်း ကျမတို့က ပန်းချီသင်တာ မဟုတ်တဲ့အတွက်ကြောင့် သူတို့ရဲ့ Emotion အတိုင်း ကြိုက်တဲ့အရောင် သုံးခွင့်ရှိတယ်။ ကိုယ့်ကိုယ်ကို Express လုပ်တဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့အရောင်နဲ့ ကိုယ်သုံးပြီးတော့မှ ကျမက ဒီ Emotion လေးကို ခံစားနေရလို့ ဒီအဖြစ်အပျက်ကို ခံစားနေရလို့ ဒီအရောင်သုံးပါတယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဖွင့်ထုတ်ခြင်းပေါ့နော်။ အဲဒါနဲ့ ပြန်ပြီးတော့ ကိုယ့်ကိုကိုယ် ပြန်ကြည့်တယ်။ ကြည့်ပြီးမှ တပြိုင်ထဲမှာဘဲ စိတ်က ဒီမှာဘဲ Focus မိနေတယ်။ မိနေပြီးတော့ ဒီနေ့ကတော့ အရောင်ဆိုတော့ အမြင်အာရုံနဲ့ အထိအတွေ့ပေါ့နော်။ တခါတလေကျရင် သူတို့ Exercise တွေလည်းရှိ တယ်။ ဘယ်လိုလဲဆိုတော့ Mindful Drinking, Mindful Eating တို့ အဲ့ဒီလိုဟာတွေလည်း ရှိတယ်။

မေး ။ ။ အဲ့ဒီအခါမှာ လာတက်တဲ့ ကလေးတွေက ဒီလိုမျိုး သူတို့ စိတ်ခံစားမှု့အလိုက် သူတို့မှာ ဖြစ်ပေါ်လာတဲ့ အရောင်တွေနဲ့အလိုက် ဖော်ထုတ်ပြီးတော့ အဲဒီလိုတွေ ရေးဆွဲနေကြတာပေါ့လေ ကျမတို့ တွေ့ရသလောက်။ အဲ့ဒါပြီးရင် သူတို့ ဘာကြောင့် ဒါလုပ်သလဲဆိုတာမျိုးကို ဆရာမနဲ့ အပြန်အလှန် စကားပြောတာ ရှိလား။

ဖြေ ။ ။ အဲ့ဒါလည်း လုံးဝ သူတို့ လွတ်လွတ်လပ်လပ်ပဲ။ သူတို့ ပြောချင်စိတ်ရှိရင် ကျမ ပေးပြောတယ်။ ဒါမှမဟုတ် ကျမနဲ့ နှစ်ယောက်ထဲ ပြောချင်ရင်လည်း ပေးပြောတယ်။ အဲ့ဒီလိုမှ မဟုတ်ဘူး ကိုယ့်ဘာသာကိုယ် မပြောချင်ဘူး ဒီတိုင်းလေးပဲ ထားချင်တယ်ဆိုလည်း ရတယ်။ အကုန်လုံးက Feel free ပဲ ထားတယ်။ အဓိက ကျမ သိချင်တာက ဒါတွေကြောင့်မို့လို့ သူတို့ခံစားချက်က ကောင်းလားမကောင်းဘူးလား Yes or No ပဲ။ မကောင်းဘူးဆိုရင် တခြား Exercise တွေကို ကျမ ဆက်လုပ်တယ်။ အဆင်ပြေတယ် ကောင်းတယ်ဆိုရင် ဒီနေ့အတွက်က ဒီလေ့ကျင့်ခန်းမှာတင် ပြီးသွားတယ်။

မေး ။ ။ မင်္ဂလာပါ ဆရာမ။ ဆရာမ တချက်လောက် ကျမတို့ကို မိတ်ဆက်ပေးပါ။

ဒေါက်တာ K ။ ။ ကျမက အခု Joy House မှာ အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာ အစီအစဉ်တွေကို လုပ်ပေးနေသူ ဖြစ်ပါတယ်။ အဓိကအားဖြင့် ကျမ လုပ်ပေးတဲ့ ပရိုဂရမ်တွေရဲ့ နာမည်က Men-Circle, Sister-Circle နဲ့ ကလေးတွေအတွက်တော့ ၆ နှစ်ကနေ ၁၅ နှစ်အတွင်းကို Mindfulness for Children ဆိုပြီး အစီအစဉ်လေးတွေ လုပ်ပေးနေပါတယ်။

မေး ။ ။ ဆရာမ အခုလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေနဲ့ ပတ်သက်ပြီးတော့ အစီအစဉ်တွေမှာ Joy House က ဖွင့်လှစ်တဲ့ကျောင်းမှာ ဆရာမ ပါဝင်ရတဲ့အကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ ။ ။ ဒီအပိုင်းကတော့ ဒီကိုရောက်ရှိနေတဲ့ ကျမတို့ ပြည်သူလူထုရဲ့ လိုအပ်ချက်အရနဲ့ ကျမလုပ်တဲ့ ကုထုံး တော်တော်များများ ပုံစံလေးကတော့ နေ့စဉ်ဘဝ အသုံးချတဲ့အချိန်မှာ သူတို့ရင်ဆိုင်ရမယ့် စိတ်ဖိစီးမှုတွေ၊ နာကျင်မှုတွေကို ဘယ်လိုများ ဘယ်လိုလေ့ကျင့်ခန်းလေးတွေနဲ့ ဘယ်လိုအတွေးအမြင်တွေနဲ့ တုံ့ပြန်မလဲဆိုတာမျိုး။ ဘယ်လိုမျိုး သူတို့ရဲ့ဘဝကို အားအင်အသစ်နဲ့ စိတ်အင်အားသစ်နဲ့ ဘယ်လို ဆက်လျှောက်မလဲဆိုတဲ့ ပုံစံမျိုးတွေကို မျှဝေပေးချင်တယ်။ ဒါကြောင့်မို့ လူထုလိုအပ်ချက်နဲ့ ကျမ လုပ်ပေးချင်တာတို့ကြောင့် ဒီမှာ ပါဝင်ခဲ့ဖြစ်ပါတယ်။

မေး ။ ။ ဆရာမက စောစောက သင်တန်းထဲမှာလည်း ကျမတို့က ရှင်းပြခဲ့ပြီးပြီ − စိတ်ပိုင်းဆိုင်ရာတွေမှာ ကလေးတွေ ဘယ်လို မြှင့်တင်ပေးသလဲ။ ဆိုတော့ အဲဒီလို ကလေးတွေကို ဒီသင်တန်းတွေကြောင့် ထိရောက်မှုတွေက ဘယ်လို ရှိပါသလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ ကျမတို့က Group Session ဆိုပေမဲ့ တယောက်ချင်ုစီကို အားစိုက်ပြီး တယောက်ချင်းစီ လုပ်နေသလိုမျိုး သူတို့ကို ဂရုစိုက်ပြီးတော့ တောက်လျှောက်ကြည့်ပေးပါတယ်။ ကြည့်ပေးရင်နဲ့ အရင်ဆုံး လေ့ကျင့်တဲ့ ပုံစံလေးက မိမိကိုယ်ကိုယ် သတိပြုမိဖို့ − မိမိက အဆင်ပြေနေလား၊ မပြေနေဘူးလား ဆိုတာကို သတိပြုမိပြီးမှ ကိုယ့်ကိုယ်ကို ပြန်လည်သိရပြီး ကိုယ်က Positive ဘက်ကို ဘယ်လိုသွားမလဲဆိုတာကို ဆက်လက်ပြီး သင်ပေးတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီလိုအရွယ်တွေမှာ လုပ်ပေးခြင်းအားဖြင့် တောက်လျှောက်ရှေ့ဆက်ပြီးတော့ ဘယ်လိုသွားရမယ့် ဘဝလမ်းခရီးမှာ ဘယ်လိုပုံစံမျိုးနဲ့ ဘဝမှာ အေးချမ်းစွာဖြင့် အောင်မြင်အောင် လုပ်မှာလဲဆိုတာလေးတွေကို ဖြည့်ပေးနိုင်တယ်။ ပြီးတော့ လိုအပ်ချက်ဖြည့်ပြီးမှ ဒီထက်ပိုပြီးတော့မှ ကောင်းစေချင်တဲ့ ကလေးမျိုး တွေ့ရှိလာရင်လည်း ဒီလေ့ကျင့်ခန်းလေးတွေကို အသုံးချခြင်းအားဖြင့် သူ့ဟာသူ ပြန်ပြီးတော့ ပြေလည်သွားမယ်။ အပေါင်းအသင်းနဲ့ ပြန်နေတတ်တာ၊ အချင်းချင်း ကိုယ်ချင်စာတရားတွေ ပြန်ရှိလာတာ၊ ပြန်ပြီးတော့ စိတ်ဖိစီးမှုပဲဖြစ်ဖြစ်၊ စိတ်ရှုပ်စရာပဲဖြစ်ဖြစ် တွေ့တဲ့အချိန်မှာ မှန်ကန်စွာတုံ့ပြန်နိုင်တာ။ အဲဒါလေးတွေကို သူတို့ ရရှိပါတယ်။

မေး ။ ။ အဲဒီတော့ ဒီမှာ ဆရာမတို့ အခု Joy House မှာ သင်ပေးနေတဲ့ အစီအစဉ်တွေမှာ လာပြီးတော့ တက်ရောက်တဲ့ ကလေးတွေက ဘယ်လို ကလေးတွေပါလဲရှင့်။

ဖြေ ။ ။ များသောအားဖြင့်တော့ အကုန်လုံးသိတဲ့အတိုင်းပါပဲ ကျမတို့ ၂၀၂၁ ကာလနောက်ပိုင်းမှာပဲ ဒီမှာ ကျမတို့လူထု အများကြီးစုမိကြတယ်။ အဲဒီလိုမျိုး ကလေးတွေ များပါတယ်။ များသောအားဖြင့် သူ့ရဲ့နဂိုနေရာကနေ ပြောင်းရွှေ့လာရတဲ့ ၂၀၂၁ ကာလရဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့လာရတဲ့ မိဘနဲ့ ပြောင်းရွှေ့လာရတဲ့ ကလေးတွေများပါတယ်။

မေး ။ ။ အဲဒီမှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေမှာ တချို့ဆိုရင် ကျမတို့ သိထားတာဆိုရင် မိသားစုအတွင်းမှာ အဆင်မပြေတာမျိုးလား။ ဒါမှမဟုတ် တခြားပြင်ပကြောင့် မိသားစုပေါ် ထိခိုက်မှုတွေလား ဘယ်လိုပုံစံမျိုးတွေ တွေ့ရပါသလဲရှင့်။

ဖြေ ။ ။ သူတို့တွေက အပြောင်းအလဲတခုကို ဒီအရွယ်မှာ ရုတ်တရက် တခြားတနေရာကို ရွှေ့ပြောင်းလာရခြင်းဆိုတဲ့ဟာ တခုကတော့ လူတိုင်းမှာ ရှိကြတယ်။ ကလေးတိုင်းမှာ ရှိကြတယ်။ အခုနက မေးတဲ့မေးခွန်းအရဆိုရင် မိသားစုတွင်းမှာလား အပြင်ကလားဆိုရင် အပြင်က ကိစ္စတခုကြောင့်ပဲ သူတို့ တမိသားစုလုံးက‌ ရွေ့လျားလာတဲ့ပုံစံပေါ့နော်။ ဒီမှာရောက်ရင်တော့လည်း ဘဝသစ်ကြီးလို မိဘတွေကလည်း သူတို့ဘာသာသူတို့ ရုန်းကန်စရာရှိတာ ရုန်းကန်ရမယ်၊ လုပ်စရာရှိတာ လုပ်ရမယ်။ အဲ့ဒီမှာမှ သူတို့မှာ တခြားသော ကြုံတွေ့လာရသော အဖြစ်ပျက်တွေကလည်း တယောက်နဲ့တယောက်က မတူဘူး။ ဒါပေမယ့်လည်း ပုံမှန်အတိုင်း ရိုးရိုးလေးပဲ ငယ်ဘဝ ကျောင်းတက်၊ အသက်ကြီးသွာဆိုတာမျိုး မဟုတ်တဲ့ အချိုးကွေ့တခုကို ရင်ဆိုင်လာရသော ကလေးများ ဖြစ်ကြတယ်။ အဲ့ဒီမှာလည်း တချို့သောမိဘကလည်း Positive Mindset နဲ့ လုပ်စရာရှိတာ ဆက်လုပ်သွားပြီး ကလေးကို သူတို့ကောင်းကောင်း Support ပေးနိုင်တဲ့ မိဘဆိုရင်လည်း ပုံစံတမျိုး ကွဲထွက်တယ်။ နောက်တခု တချို့ကြတော့လည်း မိဘက စိတ်ညစ်တယ်ဆိုရင် မိဘရဲ့ တုံ့ပြန်မှု့ကလည်း ကလေးကို သက်ရောက်တယ်။ အဲ့ဒီတော့ External ရော Internal ရောကို သူတို့က ရင်ဆိုင်ရပါတယ်။

မေး ။ ။ အဲ့ဒီတော့ ဆရာမတို့ ဒီလိုအစီအစဥ်တွေ အထူးသဖြင့် ကလေးတွေပဲဖြစ်ဖြစ် Joy House ကနေ ကလေးတွေအပါအဝင်၊ လူကြီးတွေလည်းပါတယ် အထူးသဖြင့် စိတ်ခံစားမှု စိတ်ပိုင်းဆိုင်ရာ ပတ်သက်ပြီးတော့ ဆရာမတို့ အားပေးတာ ဖြည့်ဆည်းပေးတာ ဒီစိတ်ပိုင်းဆိုင်ရာ ကုထုံးတွေကို လုပ်ပေးတာကနေပြီးတော့ ဆရာမတို့ရဲ့ မျှော်လင့်ချက် အဓိက ဆရာမတို့ရဲ့ မျှော်လင့်ချက်က ဘာလဲရှင့်။

ဖြေ ။ ။ အဓိကကတော့ ဘယ်လိုပြောမလဲ ဒီကိစ္စက အရင်ဆုံး သူတို့တွေမှာ ကြာလာလိုရှိရင် ကာလရှည်ကြာလာရင် နောက်ဆက်တွဲဆိုးကျိုးတွေက သိတဲ့အတိုင်းပါပဲ စိတ်ကျန်းမာရေးကြောင့် စိတ်ဖိစီးလို့ဖြစ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေသည် အပြင်းအထန် ဖြစ်နိုင်တဲ့အတွက်ကြောင့် အရင်ဆုံး ကျမတို့ မျှော်လင့်ချက်က အဲဒါတွေကို ကာကွယ်ပေးချင်တယ်။ နောက်တခုက မျှော်လင့်ချက်က ဒီလက်ရှိမှာလည်း ဖြစ်ပေါ်ခံစားနေရတယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးထိကို မသွားဘဲနဲ့ လက်ရှိ ရှိနေတဲ့ ပြဿနာကို ဖြေလျှော့ပေးချင်တယ်။ ဒီ Joy House ရဲ့ ပုံစံကတော့ Non-medical treatment management ပုံစံပိုင်းကို သွားတယ်။ ကျမတို့ စိတ်ပိုင်းဆိုင်ရာတွေကို ပံ့ပိုးမှု့ပေးတယ်ဆိုပေမယ့် ဆေးတိုက်နေတာ မဟုတ်ဘူး။ သို့သော် အားလုံးသိတဲ့အတိုင်း စိတ်ပိုင်းဆိုင်ရာတွေက ဆေးတခုထဲ သောက်နေရုံနဲ့ မရတဲ့ ပူးပေါင်းပြီးတော့ Integrative Approach နဲ့ ကုသခါမှ။

ကုသတယ်ဆိုတာကလည်း လူတိုင်းမှာ စိတ်ညစ်တယ်ဆိုတာက လူတိုင်းဖြစ်ဖူးတော့ Integrative Approach နဲ့ ပူးပေါင်းပြီးတော့မှ လူတယောက်ကို လုပ်ဆောင်ပေးခြင်း ဖြစ်တယ်။ နောက် Joy House ရဲ့ လုပ်နေတဲ့ပုံစွကကျတော့ ကျမတို့ဒီ Mental Health နဲ့ လုပ်နေရတဲ့ ရည်ရွယ်ချက်သည် နံပါတ်တစ်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှု့ကနေရမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်ခြင်တဲ့အတွက်ကြောင့် Prevention ပုံစံနဲ့ အရင်စတယ်။ နောက်တခုက သူ့မှာလည်း လက်ရှိ သူမှာ စိတ်ဖိစီးမှု့နဲ့ ပတ်သက်သော လက္ခဏာပဲရှိရှိ ပြဿနာပဲရှိရှိ အဲ့ဒါလေးကိုပါ ကြိုးစားပြီးတော့ ဖြေလျှော့ပေးခြင်းဆိုတာကို သွားတယ်။ အဲ့ဒီတော့ ဆေးတိုက်ပြီးတော့ လုပ်တာမဟုတ်တဲ့ Non-medical တွေနဲ့ သွားပြီးတော့ ကူညီပေးတယ်။ အဲ့ဒါကြောင့်မို့ ကျမတို့ရဲ့ မျှော်လင့်ချက်က အနာဂတ်မှာ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်သွားရေးကို မျှော်လင့်သလို လက်ရှိမှာလည်း ပိုကောင်းရေးကို စိတ်ပိုင်းဆိုင်ရာ ပိုပြီးတော့ ပြည့်ဝတဲ့ လူသားတယောက်ဖြစ်ဖို့ကို မျှော်လင့်တယ်။

မအင်ကြင်းနိုင် ။ ။ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာမ။ အခုလိုမျိုး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်

ဒေါက်တာ K ။ ။ ကျေးဇူးတင်ပါတယ်ရှင်။