စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် ဗျူဟာကြောင့် စားနပ်ရိက္ခာရှားပါးမှုအပါအ၀င် အခြားအခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပေမဲ့ စစ်ဘေးဒုက္ခသည်တွေဆီကို လူသားချင်းစာနာမှု အကူအညီတွေ မရရအောင် လုပ်ဆောင်နေကြတဲ့ Clean Yangon လို ပြည်တွင်းလူမှုကူညီရေးအဖွဲ့ တွေရှိနေပါတယ်။ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဒဏ် အများဆုံးခံရတဲ့ ပြည်နယ်တခုဖြစ်တဲ့ ကရင်နီမှာ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ချက်တွေကို သိရအောင် Clean Yangon အဖွဲ့ တည်ထောင်သူ မသဉ္ဇာအေးကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ ကရင်နီပြည်နယ် ဒီမောဆိုမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းတခုကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီမှာ Clean Yangon အဖွဲ့ကနေ စစ်ဘေးဒုက္ခသည်ကလေးငယ်တွေကို အကူအညီပေးနေတာတွေကို တွေ့မြင်ခဲ့ရပါတယ်။
မသဉ္ဇာအေး ။ ။ ကလေးလူကြီးအားလုံးမှာ Air strikes ရဲ့ Trauma တွေ အများကြီးရှိတယ်။ အဲဒါကို တုံ့ပြန်ရမှာဆိုတာထက် လေယာဉ်ဆိုတာထက် ဝူးဆိုတဲ့ အသံကြားတာနဲ့ လေယာဉ်မဟုတ်ဘူး၊ ဆိုင်ကယ်၊ ထော်လာဂျီတွေ အသံကြားတာနဲ့ လေယာဉ်လားဆိုတဲ့ ကြောက်တဲ့စိတ်က လူတိုင်းမှာ ရှိကြတယ်။ စစ်ရှောင်တွေမှာ ပိုစိုးတယ်။ ကလေးတွေ၊ လူကြီးတွေ ဒီဒဏ်ကို အရမ်းခံခဲ့ရတယ်။ ကရင်နီက Air strikes အများဆုံးခံရတဲ့ နေရာလိုတောင် ပြောလို့ရတယ်ဆိုတော့ တုံ့ပြန်တာထက် သူတို့စိတ်ထဲမှာ Mental Trauma တွေ အများကြီးကို ပိုတွေ့ရပါတယ်။
မေး ။ ။ Clean Yangon က လက်ရှိ ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီနေတဲ့အခါမှာ အဓိကစိန်ခေါ်မှုတွေက ဘာတွေလဲ။
ဖြေ ။ ။ အဓိကတော့ ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက ဖြတ်လေးဖြတ် လုပ်တဲ့အချိန်နဲ့ ကြုံရတယ်။ အဲဒီတုန်းကဆို ဘာဖုန်းလိုင်းမှ မရဘူး။ အဆက်အသွယ်တွေ မရတဲ့အခါကြတော့ ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက် အခက်အခဲတွေ ရှိတယ်။ နောက်တခုက ကျမတို့က ပြည်သူကနေ ပြည်သူကို စီးဆင်းတာဆိုတော့ အဓိက ပြည်တွင်းပြည်ပက စေတနာရှင်တွေက အလှူငွေတွေ ထည့်ကြတယ်။ လှမ်းကူညီကြတဲ့ဟာမှာ Bank accounts တွေ ပိတ်ခံရတယ်။ အဲဒီမှာ ငွေကြေးစီးဆင်းမှုအပိုင်းမှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ပြီးတော့ ဒီဘက်ရောက်တဲ့အချိန်မှာ ကျမတို့ ဘဏ်အကောင့်ထဲက ပိုက်ဆံထုတ်တဲ့အခါမှာ percentage တွေ အရမ်းပေးရတာမျိုးတွေ ကြုံရတယ်။ အဲဒီအခက်အခဲတွေ ရှိတယ်။ နောက်တခုကတော့ ဖြတ်လေးဖြတ် လုပ်တဲ့အခါကြတော့ စက်သုံးဆီ သယ်ယူပို့ဆောင်ရေးအတွက် ခက်ခဲတယ်။ အဓိကတော့ ဆေးဝါးနဲ့ ဆန်တွေ ဒါတွေကို သယ်ဖို့အတွက် ပုံမှန်အားဖြင့် ခဏလေးနဲ့ ရောက်ရမှာကို အဆင့်ဆင့် သယ်ရတယ်။ အချိန်နဲ့တပြေညီ ရောက်ရှိဖို့ကို တော်တော်လေး ခက်ခဲခဲ့ပါတယ်။ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။
မေး ။ ။ ဒီလို Clean Yangon လို တောက်လျှောက် ဒုက္ခသည်တွေကို ကူညီနေတဲ့ နေရာမှာ အဓိက နောက်တချက်ကတော့ နိုင်ငံတကာအလှူရှင်တွေကော ရှိလား။
ဖြေ ။ ။ ကျမတို့ကတော့ နိုင်ငံတကာအလှူရှင်တွေ Grant, Proposal တွေနဲ့ မသွားပါဘူး။ ကျမတို့ Clean Yangon ကို ချစ်ခင်ကြတဲ့လူတွေ၊ Clean Yangon ကို ယုံကြည်စွာနဲ့ ဖေးမပေးကြတဲ့ ပြည်တွင်းပြည်ပရောက် မြန်မာတွေရဲ့ အကူအညီဖေးမမှုတွေနဲ့ပဲ ကျမတို့ လုပ်ကိုင်နေပါတယ်။
မေး ။ ။ အဲဒီတော့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းကြီးတွေက လာရောက်ပြီး ကူညီတာမျိုး ရှိပါသလား။
ဖြေ ။ ။ အဲဒီလိုမျိုး ကူညီတာတော့ မရှိပါဘူး။
မေး ။ ။ ဒါဆိုရင် အဓိက Clean Yangon က တကယ့်ကို ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အလှူရှင်တွေဆီကပဲ အဓိကရတာပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ၂၀၁၇ မှာ Clean Yangon ဆိုပြီးတော့ စလုပ်တဲ့အချိန်ကစပြီး ကျမတို့တွေ တစ်လတစ်ကြိမ် Campaign တွေ လုပ်ခဲ့တယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ပရဟိတ အဖွဲ့တွေကပဲ စုပြီးတော့ - ဥပမာ ကျမတို့အဖွဲ့က တစ်သောင်းထည့်တယ်။ အစ်မတို့အဖွဲ့က တစ်သောင်းထည့်တယ်။ အဲဒီလိုမျိုး ရန်ပုံငွေလေးတွေ စုပြီးတော့ ကျမတို့ လုပ်ခဲ့တာပါ။ အလှူကောက်ခံခဲ့တာတွေလည်း ကျမတို့ မလုပ်ခဲ့ဘူး။ ၂၀၁၉ မှာတော့ ကျမတို့ကို ပြည်သူ့ဂုဏ်ရည်အသင်းကနေပေးတဲ့ ပြည်သူ့ဂုဏ်ရည်အထူးဆုကို Clean Yangon က ရရှိခဲ့တယ်။ အဲဒီအချိန်မှာ ပိုပြီးတော့ နိုင်ငံတကာမှာရှိတဲ့ ပြည်တွင်းပြည်ပ ရောက်နေတဲ့ မြန်မာတွေက ပိုပြီးတော့ သိလာတဲ့အခါကြတော့ ဒီအဖွဲ့လေးက လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြအဖွဲ့ဆိုပြီးတော့ ဝိုင်းကူပေးကြတာတွေ ဖြစ်လာခဲ့ပါတယ်။
မေး ။ ။ ညီမရဲ့ အတွေ့အကြုံအရ စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ အခြေအနေမှာ ဘယ်ဟာတွေ အဓိကလိုအပ်နေတာကို တွေ့ရပါလဲ။
ဖြေ ။ ။ အဓိကတော စစ်ရှောင်တွေက စပြီးထွက်ပြေးလာရပြီးဆိုရင် သူတို့မှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အဝတ်တထည် ကိုယ်တခုတောင် မပါလာတာတွေများတယ်။ အဲဒီတော့ အိမ်တွင်းအသုံးအဆောင်တွေကအစ အကုန်လိုအပ်တယ်။ အဲဒီမှာမှ ဘာပိုလိုအပ်လဲဆိုရင် နေတဓုဝ စားဝတ်နေရေးအတွက် ဆန်၊ ဆီ၊ ဆားတွေ အကုန်လိုအပ်တယ်။ နောက်တခုက တဲအိမ်တွေ ဆောက်ပေးရတယ်။ သူတို့အတွက် မြေနေရာရှာ တဲတွေဆောက်ပေးရတယ်။ ပြီးတော့ ကျန်းမာရေးနဲ့အညီ သောက်သုံးရေတွေ၊ အိမ်သာတွေ အကုန်စီစဉ်ပေးရပါတယ်။
မေး ။ ။ အဲဒီအခါမှာ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ အဓိကတွေ့ရတဲ့ အခြေအနေ - အဲဒီမှာ ဘာကြောင့် ဒီလောက် စစ်ဘေးရှောင်ဒုက္ခသည်တွေက များလာတာလဲ။ ဘာကြောင့်လဲ။
ဖြေ ။ ။ အဓိကတော့ အခုကာလက တော်လှန်ရေးကာလလည်း ဖြစ်တယ်။ ကျမ စရောက်တဲ့ချိန်မှာဆိုရင် ၂၀၁၁ ခြောက်လပိုင်းမှာဆိုရင် စစ်ရှောင်စခန်းက ဆယ်ခု မပြည့်ဘူး။ လက်ချိုးရေတွက်လို့ ရတယ်။ ဒါပေမဲ့ ရှေ့မှာ အောင်ပွဲတွေ ရလာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေက ပိုများလာတယ်။ စစ်ကောင်စီက ပြည်သူတွေပါမရှောင် သူတို့က လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အခါကြတော့ တကယ့်လုံခြုံတဲ့နေရာဆိုတာ ရှိမနေတော့ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ကျမတို့က အားသာလေ သူတို့ဘက်က ပိုဖိလေ။ ပိုဖိတဲ့အခါကြတော့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေ ရှိတယ်။ ပြီးတော့ သူတို့ရဲ့ စိုက်ပျိုးရေးတွေ၊ စပါးကျီတွေကို မီးရှို့သွားတာတွေ ရှိတယ်။ ဒါမျိုးတွေကြတော့ ပြည်သူတွေက ရွာတွေထဲမှာ မနေရဲတော့ဘူး။ ဒီဘက်ကို ရှောင်ပြေးပြောင်းလာကြတော့ အခုအခါ ၂၀၂၄ မှာ စစ်ရှောင်စခန်း တစ်ရာကျော် ဖြစ်သွားတယ်။
မေး ။ ။ အဲဒီအခါမှာ ကိုယ်ကိုယ်တိုင်က အဲဒီလို ပဋိပက္ခထဲမှာ တိုက်ပွဲတွေကြားထဲကနေ ဒုက္ခသည်တွေကို ကူညီပေးနေတယ်ဆိုတော့ ကိုယ်ကိုယ်တိုင် အသက်အန္တရာယ်ကြုံခဲ့ရတဲ့ အခြေအနေတွေ ရှိခဲ့သလား။
ဖြေ ။ ။ ရှိပါတယ်။ ကျမတို့ မှတ်မှတ်ရရ ၂၀၂၂ စစ်ရှောင်စခန်းတွေမှာ ဆေးလိုက်ကုတယ်။ စခန်းတွေကို ပတ်ပြီးတော့ တစ်ပတ်ကို ငါးရက် ဆေးသွားကုပေးတဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အနီးကပ်ခံခဲ့ရတယ်။ ခံခဲ့ရတဲ့အချိန်မှာ ကျမတို့က ဆေးကုတဲ့အခါကြတော့ လူကြီးလူငယ် ကလေးတွေ အများကြီးရှိတယ်။ တကယ် လေယာဉ်ဆင်းလာတဲ့အခါမှာ ပထမအကြိမ်ဆိုတော့ အတွေ့အကြုံမရှိသေးတော့ စခန်းကလူတွေက ဆရာမ လေယာဉ်လာနေပြီ ဗုံကြဲတော့မလား မသိဘူးဆိုတော့ - လူကြီး အဖိုးအဖွားတွေကို ရွှေ့မယ်ဆိုတော့ အဖိုးအဖွားတွေကို ဗုံးခိုကျင်းထဲကို ရွှေ့ကြတယ်။ အဲဒီအချိန်မှာ စာသင်ကျောင်းလည်း ဖွင့်ထားတယ်။ စာသင်ကျောင်းက ကလေးတွေကလည်း လေယာဉ်လာတယ်ဆိုတော့ ပြေးထွက်လာတယ်။ အဲဒီမှာ ကျမတို့က ကိုယ်ထက် လူနာတွေ ဘေးအန္တရာယ်ကင်းရှင်းဖို့ကို ဦးစားပေးလုပ်ရတယ်။ အဲဒီမှာ လေယာဉ်က နှစ်ခါလောက် အသွားအပြန် လုပ်ပြနေချိန်မှာ ဗုံးကြဲတော့မယ့်အချိန်မှာ ကျမတို့က ပုန်းလို့ပုန်းရမှန်းမသိလိုက်ဘူး။ ကိုယ်တိုင်က လူနာတွေကို အသဲအသန် ရွှေ့နေရတော့ မှတ်မှတ်ရရ ဘာဖြစ်လဲဆိုတော့ ကလေးလေးတယောက်ကို ရွှေ့နေတဲ့အချိန်မှာ ကလေးလေးက လုံးဝလက်ကို မလွှတ်တော့ဘူး။ ဆရာမ ကြောက်တယ်ဆိုပြီး လက်ကိုကိုင်ထားတယ်။ ကိုယ်က သူ့ကိုယ်ပဲ ကာကွယ်ပေးထားခဲ့တယ်။ တကယ်တမ်း ဗုံကြဲသွားတဲ့အခါမှာတော့ သေလည်းသေပါစေ၊ သေပြီလို့တောင် တွေးမိတယ်။ ကျမတို့တသင်းလုံးက လူနာတွေကိုပဲ ဗုံးခိုကျင်းထဲ ရွှေ့ပေးနေတော့ ကိုယ့်ကိုယ်ကိုတော့ သတိမထားမိလိုက်တဲ့အခါမျိုးတွေ ရှိခဲ့တယ်။
နောက်တခါကြတော့ 11 Mission မှာ Medical Cover သွားယူပြီးတော့ အပြန်မှာ ဘာဖြစ်လဲဆိုတော့ လယ်ကန်သင်းအကြီးကြီး ကွင်းပြင်ကြီးကို ဖြတ်ကြတဲ့အခါမှာ ကားတွေကို မီးပိတ်မောင်းရတယ်။ ဒါပေမဲ့ ရောင်နီပျိုးပြပြ အချိန်လေးဖြစ်နေတော့ ကားတွေက လေးငါးစီးလောက် ဖြစ်သွားတော့ လေယာဉ်က တခြားပစ်မှတ်ကို ကြဲဖို့လာတာ။ ဒါပေမဲ့ ကျမတို့ ကားတန်းကြီးကိုလည်းတွေ့ကော လုံးဝနိမ့်ဆင်းလာပြီး ကြဲမယ်ဆိုတာ ဖြစ်ခဲ့တယ်။ အဲဒီနှစ်ခါကတော့ တကယ့်ကို မှတ်မှတ်ရရ ကြုံခဲ့ရတဲ့အခါတွေပါ။
မေး ။ ။ အဲဒီတုန်းက လေယာဉ်က ဗုံးကြဲလိုက်သေးလား။
ဖြေ ။ ။ ကြဲလိုက်ပါတယ်။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ကားရပ်ပြီးတော့ မြောင်းထဲဝင်ပြေးတဲ့လူက ဝင်ပြေး၊ ကျမကတော့ နည်းနည်းကြောက်လန့်ပြီးတော့ လီဗာအကုန်နင်းပြီးတော့ မောင်းချလိုက်တာ ဘယ်ရောက်သွားမှန်း မသိဘူး၊ သစ်ပင်အုပ်ထဲ ထိုးဝင်သွားခဲ့တယ်။ ကျမတို့ နွားတင်းကုတ်ရဲ့အရှေ့ကို ကျော်ပြီးတော့ ဗုံးကကျသွားခဲ့တယ်။ ပြီးတော့ Medial Cover ယူတဲ့အချိန်မှာ ကျနော်တို့ယူတဲ့ တိုက်၊ ကျန်းမာရေးပေးနေတဲ့ နေရာကို ပစ်မှတ်ထားတာပေါ့။ ကံကောင်းချင်တော့ ကျနော်တို့ အဆောက်အဦးပေါ် တည့်တည့်မကျခဲ့ဘူး။ ဘေးနေရာကိုကျတာ အနီးကပ်ကြီးတွေတော့ ကြုံခဲ့ရပါတယ်။
မေး ။ ။ တဘက်မှာကြတော့ ကရင်နီတော်လှန်ရေး အင်အားစုတွေ ရှိကြတယ်။ တော်လှန်ရေးအင်အားစုတွေက ကရင်နီစစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အစီအစဉ်တွေ၊ ဆောင်ရွက်ချက်တွေက ဘာတွေတွေ့ရလဲ။
ဖြေ ။ ။ အဓိကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက လွိုင်ကော်တိုက်ပွဲမှာဆို ပြည်သူတွေ ဘေးကင်းဖို့ကို သူတို့ ရွှေ့ပြောင်းလာတယ်။ ကူညီပေးတယ်။ ကျမတို့ Medical Team ကတော့ သူတို့နောက်မှာ ရှိတယ်။ ဒီရဲဘော်တွေကပဲ ပြည်သူတွေ ကာကွယ်ရေး၊ အန္တရာယ် ကင်းရှင်းဖို့ အသက်အန္တရာယ် ကင်းရှင်းဖို့ကို သူတို့ကိုယ်တိုင် ဆွဲထုတ်ပေးတာတွေ အများကြီးလုပ်ပါတယ်။ ရဲဘော်တွေကတော့ တော်တော်များများ စောင့်ရှောက်ပေးတယ်။ စပါးသိမ်းချိန်မှာဆိုရင်လည်း သူတို့ကူပြီးတော့ သိမ်းပေးတာမျိုးတွေ - ဒါတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြည်သူတွေအပေါ် ကူညီပေးတာတွေတော့ အများကြီးရှိပါတယ်။
မေး ။ ။ အခုဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူသားချင်း စာနာမှု အကူအညီတွေ အဓိက ပေးကြဖို့ဆိုပြီး နိုင်ငံတကာတွေကလည်း ပြောကြတယ်။ အမေရိကန်ပြည်ထောင်စုဆိုရင်လည်း လူသားချင်းစာနာမှု အကူအညီတွေ မြန်မာနိုင်ငံအတွက်ဆိုပြီး Budget တွေပေးတာလည်း ရှိတယ်။ အခုဆိုရင် အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ဒါတွေကို လူသားချင်းစာနာမှု အကူအညီ မြန်မာနိုင်ငံအတွက်ဆိုပြီး သူတို့ဦးဆောင်ပြီး ဒေသတွင်းမှာ လုပ်ဖို့ကိုင်ဖို့ဆိုပြီး သူတို့ လုပ်နေတာရှိတော့ ညီမတို့လို အဲဒီလို လုပ်နေတဲ့ ဒီအပိုင်းတွေအပေါ်မှာ ညီမအနေနဲ့ကော ဘယ်လိုမြင်လဲ။ ပြည်တွင်းမှာ ကိုယ်တိုင် ဦးဆောင်နေတဲ့ သူတဦးအနေနဲ့။
ဖြေ ။ ။ တကယ့်တကယ်တော့ ညီမတို့က အစပိုင်းတုန်းကလည်း ပြည်ပနိုင်ငံတွေရဲ့ အကူအညီကို မျှော်လင့်ကြတယ်။ ကိုယ့်မြန်မာနိုင်ငံကို ကူညီကြဖို့ကို မျှော်လင့်ကြတယ်။ ဒါပေမဲ့ တော်လှန်ရေး ကာလတလျှောက်မှာဆိုရင် ပြည်သူတွေကပဲ ပြည်သူတွေကို ပြန်ကြည့်တဲ့ အနေအထားပဲ အများဆုံးတွေ့ရတယ်။ အခုလိုမျိုးအချိန်မှာတော့ ဘေးအိမ်နီးချင်းနိုင်ငံတွေက ကူညီလာတာတွေ တွေ့တော့လည်း ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဒီဘက်မှာ လိုအပ်ချက်တွေ တအားများတယ်။ ဥပမာ ပြည်သူ့ကာကွယ်ရေးတပ်အတွက်ဆိုရင်လည်း ပြည်တွင်းပြည်ပက မြန်မာတွေကပဲ ဝိုင်းကူကြတယ်။ ဘာပဲလိုလို ဒီလူတွေကပဲ ဖြည့်ဆည်းပေးနေတာတွေ ရှိတယ်။ နိုင်ငံတကာရဲ့ စောင့်ရှောက်မှုတွေ၊ နိုင်ငံတကာရဲ့ ကူညီမှုတွေ အများကြီး လိုအပ်တယ်။ လိုအပ်ပေမယ့်လည်း သူတို့ အခက်အခဲ ဘာရှိလဲ ကျမတို့လည်း မသိဘူးပေါ့နော်။
မေး ။ ။ အခု နွေဦးတော်လှန်ရေးနဲ့ ပတ်သက်လို့ မသဉ္ဇာရဲ့ မျှော်လင့်ချက် ဘယ်လိုရှိလဲ။
ဖြေ ။ ။ အဓိကကတော့ ကျမတို့ နွေဦးတော်လှန်ရေးက ပြောရမယ်ဆိုရင် ဒီတော်လှန်ရေးကာလကို ကျမတို့ (၈၈) တုန်းက တခါကြုံခဲ့ရတယ်။ (၈၈) တုန်းကဆိုရင် ကိုယ်က သူငယ်တန်းပဲ ရှိသေးတော့ နိုင်ငံရေးကိစ္စကို နားမလည်ဘူး။ အခုကတော့ နိုင်ငံရေး နားလည်လို့ ဒီလိုမျိုး လုပ်တာလားဆိုရင်လည်း မဟုတ်ဘူး။ ကျမတို့က အဓ္ဓမ အနိုင်ကျင့်တဲ့ဟာကို မခံနိုင်ဘူး။ စစ်ကောင်စီရဲ့ အာဏာရှင်ဆန်ဆန် မတရားအနိုင်ကျင့်တာကို မခံနိုင်ဘူး။ ကျမတို့ ဓမ္မဘက်ကနေ ရအောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့ အဆုံးထိ တိုက်မယ်ဆိုတဲ့စိတ်နဲ့ ကျမတို့ အခုဆိုရင် ဒီဘက်ထိ ရောက်ခဲ့တယ်။ ကျမတို့ဆိုရင်လည်း အိမ်တွေချိတ်ပိတ်ခံရတယ်။ ရုံးခန်းတွေကအစ ချိတ်ပိတ်ခံရတယ်။ ချိတ်ပိတ်ခံရတယ်ဆိုတော့ ကျမတို့မှာ ယုံကြည်ချက်တခုရှိတာက ဒီပွဲက နိုင်ကိုနိုင်ရမယ်လို့ ကျမတို့ ယုံကြည်ချက်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက အရွယ်စုံပါတယ်။ လူငယ်လူကြီး အရွယ်စုံပါတယ်။ အရွယ်စုံပါပြီးတော့ ယုံကြည်ချက်စိတ်တခုနဲ့ တွန်းလှန်နေကြတယ်ဆိုတော့ အချိန်အားဖြင့်တော့ ကြာကောင်းကြာနိုင်တယ်။ ဒါပေမဲ့ တနေ့မှာတော့ ကျမတို့ ရည်ရွယ်တဲ့ ပန်းတိုင်ကို ရောက်မယ်လို့တော့ ယုံကြည်ပါတယ်။
မအင်ကြင်းနိုင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို အချိန်ပေးပြီးတော့ မေးတဲ့မေးခွန်းတွေကို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
မသဉ္ဇာအေး ။ ။ ကျမကလည်း Clean Yangon ကိုယ်စား ကျေးဇူးတင်ပါတယ်။