မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့ ကချင်လူငယ်များ အနာဂတ်

N-SEN ပညာရေးကွန်ယက်က ဖလလမ်နော်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က လူငယ်တွေကြားမှာ ဖြစ်ချင်တဲ့မျှော်လင့်ချက်တွေ ဆုံးရှုံးပြီး အနာဂါတ် ပျောက်နေကြတယ်လို့ လူထုအမြင်ဖွင့် ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ N-SEN ပညာရေးကွန်ယက်က ဖလလမ်နော် က ပြောပါတယ်၊ စစ်ပွဲတွေကြောင့် မျှော်လင့်ချက် ဆုံးရှုံးသွားကြတဲ့ လူငယ်တော်တော်များများ ကျောက်တူးသမားတွေ ဖြစ်ကုန်ကြသလို မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်တွေ ဖြစ်သွားကြတာ တေ့ွနေရတယ်လို့ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊ အမေရိကန်အစိုးရရဲ့ YSEALI အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပညာတော်သင်အဖြစ် Washington မြို့တော်မှာ ရောက်ရှိနေစဉ်မှာ ဖလလမ်နော် ကို တေ့ွဆုံမေးမြန်းထားဖြစ်ပါတယ်၊ ပြည်သူ့အခွင့်အရေးတွေ အပါအဝင် သူတို့ N-SEN ပညာရေးကွန်ယက်က သင်ကြားပေးနေတဲ့ သင်တန်းတွေအကြောင်းကို မအင်ကြင်းနိုင်က တေ့ွဆုံမေးမြန်းထားတာပါ၊


မအင်ကြင်းနိုင် ။ ။ ဖလလမ်နော်တို့က ကချင်ပြည်နယ်မှာ ပညာရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းဆိုတော့ အခု ကချင်ပြည်နယ်မှာ ပညာရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ပေးနေလဲရှင့်။

ဖလလမ်နော် ။ ။ ကျမတို့ N-SEN Education Network ကို မြစ်ကြီးနားမှာ ကျမတို့ ရုံးဖွင့်ထားပါတယ်ရှင့်။ ကျမတို့ အဓိကအားဖြင့် နှစ်ခု sector အခန်းကဏ္ဍ (၂) ခု လုပ်နေတယ်။ တခုက ဘာလဲဆိုတော့ ကျမတို့ မြစ်ကြီးနားမှာပဲ (၁၀) လ ထားပြီးတော့ အင်္ဂလိပ် TOFEL Preparation လုပ်ပေးတယ်။ ပြီးတော့ Civic education သင်ပေးတယ်။ ပြီးတော့ နောက်တခုက Civic education ပြီး၊ Mobil education လုပ်ပေးတယ်။ Civic education သက်သက် ကချင်ပြည်နယ်မှာ။ ပြီးတော့ ကချင်ပြည်နယ်သာမက တခြား ရှမ်းပြည်နယ်ဘက်လည်း လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီက ရှမ်းပြည်နယ်မှာ သွားလုပ်ဖြစ်တယ်။

မအင်ကြင်းနိုင် ။ ။ ကချင်လူငယ်တွေကို ဘယ်လောက်လောက် လုပ်ပေးနိုင်လဲ။

ဖလလမ်နော် ။ ။ အဓိကတော့ ကျမတို့ လူငယ်တွေကို ဘယ်လိုမျိုး Selection လုပ်လဲဆိုတော့ ဆယ်တန်းအောင်ပြီးတော့ တခြား Further study လုပ်ချင်သေးတဲ့ လူငယ်တွေကို လက်လှမ်းခေါ်တယ်။ ပြီးတော့ တခြားက Graduate ဖြစ်တဲ့ လူငယ်တွေ - ကျောင်းပြီးပြီ၊ တက္ကသိုလ်ပြီးပြီ။ ပြီးတော့ တခြားအလုပ်လည်း မလုပ်ချင်သေးဘူး။ နိုင်ငံခြားကျောင်းလည်း ဆက်တက်ချင်တယ်ဆိုတဲ့ လူငယ်တွေကိုလည်း လက်လှမ်းခေါ်တယ်။

မအင်ကြင်းနိုင် ။ ။ ကချင်ပြည်နယ်မှာ အခုက တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်။ ဆိုတဲ့အခါမှာ ကချင်လူငယ်တွေအတွက် ပညာရေးအခြေအနေက ဘယ်လို ရှိလဲ။

ဖလလမ်နော် ။ ။ ကချင်လူငယ်တွေရဲ့ ပညာရေးဆိုတော့ ကျမတို့ Civic education က ဘယ်လိုလဲဆိုတော့ နယ်တွေကို Mobil နဲ့ လည်ပတ်ပြီးတော့ Civic education ကို (၄၅) ရက် သင်တန်းပေးတယ်။ အဲဒီအချိန်မှာ ကျမတို့ စစ်ဘေးဒဏ်ကြောင့် တချို့လူငယ်တွေ IDP Camp မှာ လာနေရတယ်။ တချို့လူငယ်တွေက IDP Camp ထဲမှာ ဆယ်တန်းအောင်ပြီသာ လူငယ်တွေကနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဆယ်တန်းဖြေမယ်ဆိုတဲ့ နှစ်မှာ သူတို့ အခွင့်အရေးမရတော့ဘူး။ စစ်ဘေးကြောင့် ပြောင်းရွှေ့ရတဲ့အထဲမှာ သူတို့တွေ ပါသွားတယ်။ အဲဒီတော့ သူတို့ဆီမှာ အခွင့်အရေး မရှိဘူး။ အဲဒီမှာ ကျမတို့ စဉ်းစားထားတာ တချက်တော့ရှိတယ်။ လူငယ်တွေဆိုရင် ဆယ်တန်းအောင်ပြီး ဘွဲ့ရထားသူတွေကို ဦးစားပေးတော့၊ ဇွန်လ နောက်ဆုံးပတ်ကနေ IDP Camp မှာ ဘယ်သူမဆို IDP မှာရှိတဲ့ လူငယ်တွေအားလုံး Civic education ပညာကို သင်ယူနိုင်ဖို့အတွက် ပြင်ဆင်ထားတာရှိတယ်။

မအင်ကြင်းနိုင် ။ ။ ညီမတို့ လိုက်ပြီးတော့ ကချင်ပြည်နယ်မှာ လှည့်လည်ပြီးတော့ ပညာသင်ကြားရေးကိစ္စမှာ ဆောင်ရွက်ပေးနေတဲ့အခါမှာ လူငယ်တွေ ဘယ်လိုမျိုး ဆုံးရှုံးနေရတာကို တွေ့ရလဲ။

ဖလလမ်နော် ။ ။ သူတို့တွေ ဖြစ်ချင်နေတဲ့အရာတွေအားလုံး ဆုံးရှုံးနေရတယ်။ ဥပမာ တချို့ မိသားစုဆိုရင် စစ်ဘေးမကြုံခင်မှာ သူတို့မိသားစုက ဒီခလေးကို ကျောင်းထားနိုင်တယ်။ မြစ်ကြီးနားမှာ အကယ်၍များ လိုင်ဇားနဲ့နီးတဲ့ ဒေသကဆိုရင် အခုက ပြာကျနေတဲ့ အိမ်တွေ။ အဲဒီ မိသားစုထဲက အရင်တုန်းကတော့ သူတို့တွေက တောင်ယာခုတ်မယ်၊ ဘာပဲလုပ်လုပ် ရတဲ့ပိုက်ဆံနဲ့ သူတို့ သားသမီးတွေကို သူတို့အနာဂတ်အတွက် ထားနိုင်တယ်။ အခုက အဲဒီလိုမျိုး ထားနိုင်ဖို့ နေနေသာသာ IDP တွေကို တရက်စာအတွက်ပဲ ပေးတော့တယ်ဆိုတော့ ဒီလူငယ်တွေရဲ့ အနာဂတ်က ဘယ်လိုမှ မျှော်လင့်လို့ မရဘူး။ မျှော်လင့်ချက် မရှိတဲ့ဘဝ ဖြစ်နေတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီအခါမှာ လူငယ်တွေက သူတို့ အနာဂတ် မရှိဘူး။ လောလောဆယ် အနာဂတ်တွေ ပျောက်နေတဲ့အခါ ဘာလုပ်ကြလဲ။

ဖလလမ်နော် ။ ။ တချို့လူငယ်တွေ ဖားကန့်တက်တယ်။ ကျောက်တူးတယ်။ တချို့လူငယ်တွေကြတော့ မိသားစု မိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာ မရှိတော့တဲ့ ခလေးတွေက အပြင်ရောက်ပြီဆိုရင် သူတို့ ဆေးဝါးသုံးစွဲကြတယ်။ ဆေးစွဲကြတဲ့ ခလေးတွေ ဘိန်းရဲ့ ကျေးကျွန်ဖြစ်သွားတဲ့ ခလေးတွေလည်း အများကြီးရှိတယ်။ အဓိက ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးကျေးကျွန်ဘဝကို တွေ့ကြုံခံစားနေရတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒါ ဘယ်လောက်အထိ များလဲ။ ဘယ်လောက်အထိ အခြေအနေ ဆိုးနေလဲ။

ဖလလမ်နော် ။ ။ ရွာတရွာထဲမှာ မိသားစု အိမ်ခြေ (၁၀၀) ရှိပါစို့။ အိမ်ခြေပေါင်း (၉၀) လောက်က ဒီ မူးယစ်ဆေးဝါးနဲ့ မကင်းဖြစ်နေတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ ညီမတို့ လိုက်ပြီးတော့ ပညာတွေ သင်ကြားပေးတယ်။ အဲဒီ လူငယ်တွေကို ပညာသင်ကြားပေးတဲ့အခါ သူတို့ရဲ့ ပညာအပေါ် လိုချင်တဲ့စိတ်၊ လူငယ်တွေရဲ့ အခြေအနေမျိုးကို တွေ့ရလဲ။

ဖလလမ်နော် ။ ။ ကျမတို့ ပထမဦးဆုံး Civic education လုပ်တုန်းက သူတို့တွေက Civic education ကို ဘာလဲဆိုတာ နားမလည်ဘူး။ ဘာသင်မလဲဆိုတာကို သိလဲမသိဘူး။ ကျမတို့က သူတို့ကို အမြန်ဖွင့်တဲ့အပိုင်းကို အရင် ပြောပြရတယ်။ နိုင်ငံသားတိုင်း သိသင့်သိထိုက်တဲ့ အသိပညာဆိုတာကို ကျမတို့ မြန်မာနိုင်ငံအစိုးရက နိုင်ငံသားတိုင်းကို မသိခိုင်းမမြင်ခိုင်းတဲ့အတွက်ကြောင့် ကျမတို့ မသိခဲ့ဘူး။ အခု သိရတော့မယ်ဆိုတဲ့ သဘောထားနဲ့ သူတို့တွေကို ဖွင့်ပေးရတယ်။ သူတို့တွေ က ပထမမှာ ဘာမှ မသိဘူး။ ဒါပေမဲ့ သူတို့ရဲ့ အတွေးအမြင်က ကျမတို့ (၄၅) ရက်လုပ်တာ - အင်္ဂလိပ် Grammar သင်မယ်။ ကျမတို့ ပထမဦးဆုံးက ပူတာအိုမှာ လုပ်တယ်။ အဲဒီမှာ သူတို့တွေက English Grammar ကို သင်တန်းပေးဖို့ နေရာလဲ မရှိဘူး။ သင်ယူဖို့လဲ အခွင့်မကြုံဘူး။ အဲဒီအတွက် ကျမတို့ စဉ်းစားလိုက်ပြီးတော့ Grammar section လေး ထည့်လိုက်တယ်။ များသောအားဖြင့် လူတွေက ကျမတို့ E-SEN Network ကို မြင်တာက အင်္ဂလိပ်စာ သင်ပေးတဲ့ Training Center အနေနဲ့ မြင်ကြတယ်။ သူတို့ရဲ့ အမြင် မပြောင်းလဲသွားအောင်လို့ မနည်းဆွဲခေါ်ရတယ်။ ကျမတို့က အင်္ဂလိပ်စာ သင်တာက အဓိက Civic education လုပ်တာပါ။ တိုင်းသူပြည်သား နိုင်ငံသားအားလုံး သိသင့်သိထိုက်တဲ့ ပညာရေးကို သင်နေတာပါ။ အင်္ဂလိပ်က ဒီမှာ ခင်များတို့ ကျောင်းသူကျောင်းသားတွေ ဒီမှာ အခွင့်အရေးမရှိလို့ ကျမတို့ ထည့်ပေးတာဆိုပြီး ပြောရတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ စောစောက Civic education လူထုပညာပေး ဘာသာရပ်မှာ ညီမတို့ ဘာတွေ သင်ပေးနေလဲ။

ဖလလမ်နော် ။ ။ အဲဒီအထဲမှာ အဓိက ကျမတို့ရဲ့ Constitution စာအုပ်လေးကို သင်ပေးတယ်။ ပြီးတော့ လူ့အခွင့်အရေးဆိုတာ ဘာလဲ။ ဒီမိုကရေစီဆိုတာ ဘာလဲ။ နိုင်ငံရေးကို ဘယ်လို နားလည်လဲ။ နိုင်ငံရေးဆိုတာ ဘာလဲ။ ပြီးတော့ အမျိုးသမီးအခွင့်အရေး။ တခြား ငြိမ်းချမ်းရေးပတ်သက်တဲ့ Peace and Conflict Studies တွေ၊ Negotiation Process ဆွေးနွေးညှိနှိုင်းစေ့စပ်မှုတွေကို သင်ပေးတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီလို သင်တန်းတခု ပြီးသွားလို့ရှိရင် ညီမတို့ ရလာတဲ့ အကျိုးရလဒ်၊ ထိရောက်မှုကို ဘယ်လို သုံးသပ်မိလဲ။

ဖလလမ်နော် ။ ။ ကျမတို့ သင်ပေးပြီးပြီရင် အမြဲတမ်း သူတို့ဆီက Feedback ယူတယ်။ အဲဒီ Feedback ယူတဲ့ဟာက စာပေါ်မှာပရှိတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်သလား၊ မလုပ်ဆောင်ဘူးလားဆိုတာကို သိအောင် သူတို့ (၄၅) ရက် သင်တန်းပြီးပြီဆိုရင် သူတို့တွေ ပညာရေးပေါ်မှာ စိတ်ဝင်စားလာလား။ ဘယ်လိုင်းမှာ စိတ်ဝင်စားလာလဲဆိုတာ ပေါ်လာတယ်။ ဘာကိုကြည့်လဲဆိုရင် သူတို့တွေ (၄၅) ရက်ပြီးပြီ ပညာရေးပေါ် စိတ်ဝင်စားလာတယ်ဆိုရင် ကျမတို့ဆီ apply လာကြတယ်။ တချို့လူငယ်တွေဆို ညီမတို့က သူတို့ ကွန်မြူနီတီက သူတို့ religious ဘာသာရေး၊ ခရစ်ယာန်ဆိုရင် ဘုရားကျောင်းမှာရှိတဲ့ လူငယ်တွေရဲ့ ကဏ္ဍမှာ ပါဝင်လှုပ်ရှားလာတယ်။ တခြားလူငယ်တွေကို သူတို့ သင်ထားတာတွေကို ဝေငှပေးတာတွေရှိတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီလိုဆိုတော့ တစုံတရာတော့ ထိရောက်မှုရှိတယ်ပေါ့။

ဖလလမ်နော် ။ ။ ထိရောက်တယ်။ အရမ်း ထိရောက်တယ်လို့ ကိုယ့်ဘာသာ ထင်မြင်တာမဟုတ်ဘဲ အများအမြင်က ထိရောက်တယ်လို့ ယူဆပါတယ်။

မအင်ကြင်းနိုင် ။ ။ ဘယ်လောက်ရှိပြီလဲ အဲဒါတွေ လုပ်လာခဲ့တာ။

ဖလလမ်နော် ။ ။ ဒီဟာလုပ်တာက ၂၀၁၂ ကနေ စလုပ်ဖြစ်တာ။

မအင်ကြင်းနိုင် ။ ။ လူငယ်တွေအတွက် ကချင်ပြည်နယ်မှာ ပညာပေးရေး၊ ပညာရေးနဲ့ ပတ်သက်ပြီး လုပ်နေတဲ့အခါမှာ အဓိက လိုအပ်ချက်တွေ ဘာတွေရှိလဲရှင့်။

ဖလလမ်နော် ။ ။ လိုအပ်ချက်တွေကတော့ သင်တန်းတိုင်းမှာ လိုအပ်ချက်တွေက အမြဲတမ်း ရှိနေတယ်။ အဓိကအားဖြင့် လူငယ်တွေအတွက် ဥပမာ သင်ခန်းစာတခု ပေးတယ်ဆိုရင် Teaching materials သင်ထောက်ကူပစ္စည်းတွေ မလုံလောက်တဲ့ဟာတွေ။ တခါတလေ ကျမတို့ နေရာမရဘူး။ ဥပမာ ဒီနေရာ လုပ်မယ်ဆိုလို့ရှိရင် ဒီကလူတွေနဲ့ ဆက်သွယ်ပြီးတော့ လုပ်ရတယ်။ ဒေသခံတွေနဲ့ ဆက်သွယ်ပြီးတော့ လုပ်ရတယ်။ ဒေသခံတွေက နေရာမပေးဘူး ဆိုလို့ရှိရင် ကျမတို့ အဲဒီအထဲမှာ သင်တန်းလုပ်လို့ မရဘူး။ ဘယ်လောက်လုပ်ချင် လုပ်လို့မရဘူး။ အဲဒါကြောင့် ဒေသနဲ့ ကျမတို့ ဆက်သွယ်မှု Communication မှာ အခက်အခဲရှိတယ်။

မအင်ကြင်းနိုင် ။ ။ အခုလို ဗွီအိုအေ လာပြီးတော့ အင်တာဗျူး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဖလလမ်နော် ။ ။ ကျမကလည်း ကျေးဇူးအများကြီး တင်ပါတယ်။