နေပြည်တော်က စစ်ကြောရေးစခန်းတခုမှာ (၁၈) ရက်ကြာခဲ့တဲ့ အချိန်ဟာ အရှင်လတ်လတ် ငရဲပြည်ရောက်နေသလားအထိ ခံစားခဲ့ရကြောင်း၊ ၂၀၂၂ နိုဝင်ဘာလမှာ လွတ်ငြိမ်းချမ်းသာနဲ့ ရမည်းသင်းထောင်က လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် အကူအညီပေးခဲ့သူလည်းဖြစ်တဲ့ ကိုကျော်ဌေးဦးက ဗွီအိုအေကို ပြောပါတယ်။
အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရပေမယ့် အမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက် ထောင်ထဲမှာ ရက်ပေါင်း (၄၂၀) ကျော်နေခဲ့ရပြီးနောက်ပိုင်း လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ကိုကျော်ဌေးဦးက ပေးပို့ခဲ့တာပါ။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဖြေ ။ ။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာ နေတယ်ဆိုတာက low profile နဲ့ နေခဲ့တာပါ။ ကျနော် အမေရိကကနေ ပြန်သွားတော့ ၂၀၁၇ - အဲဒီတောက်လျှောက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လရောင်တောစီမံကိန်းမှာ ကျနော်က အနီးကပ်ကြီးကြပ်လုပ်ကိုင်ရပါတယ်။ လုပ်ရတဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဘယ်လောက်အထိ ရှင်းရှင်းလင်းလင်း မူဝါဒချမှတ်ထားသလဲဆိုရင် အစိုးရနဲ့ မပတ်သက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော့်ကို ပြောတဲ့နေရာမှာလည်း (၁) NLD နဲ့ မထိဆက်နဲ့။ (၂) အစိုးရဝန်ကြီးတွေနဲ့ မထိဆက်နဲ့။ တိုင်းပြည်ရဲ့ တကယ့်စက်ယန္တရားတွေ လည်ပတ်နေတဲ့ အခွင့်အာဏာကို မသုံးရဘူးဆိုတာကို တိတိကျကျ ညွှန်ကြားပါတယ်။ ကျနော်တို့ NGO အဖွဲ့မှာ လုပ်တဲ့အတွက် ဒီလိုဟာမျိုး ကျနော်က ပညာရှင်တယောက်အနေနဲ့ပဲ လရောင်တော စိုက်ပျိုးရေးစီမံကိန်းမှာ လုပ်ခဲ့ရပါတယ်။ အဲဒီအခါကြတော့ ကျနော်ကိုယ်တိုင်လည်း ဒီမှာလုပ်နေတယ်ဆိုတာ ကျနော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေတောင် မသိပါဘူး။ ကျနော် အဲဒီလိုမျိုး နေခဲ့တယ်။ နေခဲ့တဲ့အတွက်လည်း စစ်ထောက်လှမ်းရေးတွေ၊ စအဖတွေက မျက်စိမှောက်ခဲ့တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံး ဘယ်သူမှ အပြင်မှာ လုပ်ပေးရမယ့်လူ မကျန်တဲ့အချိန်ကြတော့ ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ် (၈) ယောက် အဖမ်းခံရပါတယ်။
အဲဒီတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက် စအဖကတဆင့် ဒေါ်အောင်ဆန်းစုကြည် ဘာတွေလိုလဲ - ဆေးဝါးကအစ သူတို့ခွင့်ပြုချက်နဲ့ တပတ်ကိုတခါ ရှေ့နေကနေတဆင့် ပေးရပါတယ်။ ပေးရတဲ့အခါကြတော့ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ရုပ်လုံးတွေ ပေါ်လာတာပေါ့။ ပထမပိုင်းကတော့ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ရမလားဆိုပြီးတော့ ညှိနှိုင်းတာတွေ၊ ဆွေးနွေးတာတွေ ရတဲ့နည်းနဲ့ ဆက်သွယ်ကြတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ ပြည်သူလူထုပေးထားတဲ့ mandate ပေါ်မှာ မဖောက်ပြန်ဘူး။ အလွဲသုံးစားမလုပ်ဘူး။ အဲဒီအတွက်လည်း စစ်အာဏာရှင်တွေက အလွန်မတန် ဒေါသထွက်ကြတယ်။ နောက်ပိတ်ဆုံးအချိန်မှာ ကျနော့်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ စကားပြောဆိုလို့ဆိုပြီးတော့ အကြောင်းပြချက်နဲ့ (၉) လပိုင်း (၁၃) ရက်နေ့မှာ လဖမ်းပါတယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အချိန်မှာ ကိုကျော်ဌေးဦးက ထောက်ပို့လုပ်ပေးရတယ်ဆိုတော့ အဲဒီ့ရဲ့ အတွေ့အကြုံကို ပြောပြပေးပါအုံးရှင့်။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ဆီကို ပစ္စည်းပို့တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဆီက လိုတဲ့ပစ္စည်း စာရွက်ထွက်လာတယ်။ ထွက်လာတာက ဘယ်လိုပုံစံနဲ့ ထွက်လာသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်ထားတဲ့ စအဖတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်ထိန်းတယ်။ ပြီးတော့ စအဖက ထိန်းတယ်။ အဲဒီလို နှစ်ဆင့်တက်လာပြီးတော့မှ SB ဆီကို ရောက်တယ်။ SB ဆီကနေ မြို့နယ်ရဲမှူးဆီကို ရောက်တယ်။ မြို့နယ်ရဲမှူးကမှ ရှေ့နေကိုပြောတယ်။ ရှေ့နေကမှ ကျနော့်ကိုတဆင့်ပြောတယ်။ အဲဒီလို တရားဝင်အဆင့်ဆင့် ဖြတ်လာတဲ့စာရင်း။ ပြီးရင် သူတို့လိုအပ်တဲ့ - ဥပမာ ကြက်သွန်၊ အာလူး၊ ဆန်၊ ဆီ လိုတဲ့ အခြေခံစားကုန် - ခရမ်းချဉ်သီး၊ ချဉ်ပေါင်ရွက်၊ မျှစ် - သူတို့လိုတဲ့ စာရင်းလေးတွေကအစ။ တပတ်ကို ပစ္စည်း (၂၅) မျိုး - (၂၆) မျိုး ပါတယ်။ အဲဒီလိုဟာမျိုးကို ကျနော်က ဝယ်ပေးရတယ်။ ဝယ်ပေးပြီးရင် စောစောကပြောတဲ့ အမှတ် (၁) မြို့မရဲစခန်းကို သွားပို့ရတယ်။ ပို့ပြီးရင် အမှတ် (၁) မြို့မရဲစခန်းက စခန်းမှူး ကိုသိန်းဌေး (သုံးပွင့်) က ပစ္စည်းတွေကို စစ်တယ်။ စစ်ပြီးရင် သူက ဓါတ်ပုံရိုက်တယ်။ သူ့ရုံးအဖွဲ့က လူတွေက ထပ်ရိုက်တယ်။ ကျနော်ရေးတဲ့ပစ္စည်း မှန်ကန်တယ်ဆိုတာကို သူတို့က စစ်ပြီးတော့ စောင့်ကြည့်ခိုင်းတယ်။ SB က ကောင် လူယူပြီဆိုမှ - အကိုရပြီ သွားတော့ဆိုတော့မှ SB ကို ပစ္စည်းပေးတာကို ကျနော်က ရုံးခန်းနောက်ဘက်ကနေ ကြည့်ရတယ်။ SB က လူ လာသယ်သွားပြီဆိုရင် ကျနော့်တာဝန်ပြီးပြီ။ အဲဒီမှ ကျနော်က ရဲစခန်းထဲကနေ ပြန်ထွက်တယ်။
မေး ။ ။ အဲဒီတော့ အစပိုင်းတုန်းက ကိုကျော်ဌေးဦး ကို သူတို့က ဒေါ်အောင်ဆန်းစုကြည်အတွက် ပစ္စည်းတွေကို ပံ့ပိုးပေးဖို့ သူတို့ တရားဝင်ခွင့်ပြုထားတယ်။ သူတို့လည်း သိနေသားနဲ့ သူတို့ ကိုကျော်ဌေးဦး ကို ဖမ်းဆီးတဲ့အခါမှာ အဓိကအကြောင်းရင်းက ဘာကြောင့်လဲလို့ သိရပါသလဲရှင့်။
ဖြေ ။ ။ အဓိကအကြောင်းရင်းကတော့ သူတို့ official ပြောတာကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ကျနော်နဲ့ စကားပြောလို့ဆိုပြီး အကြောင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပို့လို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးလို့ဆိုတဲ့ အကြောင်းကတော့ တရားရုံးမှာ မတင်ပါဘူး။ အဲဒါနဲ့လည်း မဆွဲပါဘူး။ ထောက်လှမ်းရေးမှာတော့ ညှဉ်းပန်းနှိပ်စက်မေးတာတော့ ကျနော်ကို CIA လို့ စွပ်စွဲတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီကို လာပြီးတော့ အမေရိကန်နဲ့ သတင်းပို့နေတယ်ဆိုပြီးတော့ အဲဒီလိုမျိုး ကျနော့်ကို ညှဉ်းပန်းနှိပ်စက်ပါတယ်။
မေး ။ ။ စစ်ကြောရေးကာလအတွင်းမှာ ဘယ်လိုရင်ဆိုင်ခဲ့ရပါသလဲရှင့်။
ဖြေ ။ ။ စစ်ကြောရေးမှာ အားလုံး (၁၈) ရက် နေရပါတယ်။ တော်တော်ကို မိုက်မိုက်ရိုင်းရိုင်း လူမဆန်စွာတွေ လုပ်ပါတယ်။ ကျနော့်ကို mentally, physically တော်တော်လေး ညှဉ်းပန်းနှိပ်စက်ပါတယ်။ အဲဒီမှာ ကျနော့် သွားလေးချောင်းစလုံး မရှိတော့ပါဘူး။ အဲဒါ ထိုး ညှဉ်းပန်းနှိပ်စက်ခံရတာ။ ဒီဘယ်ဘက် သွားလေးချောင်းက ထောက်လှမ်းရေးမှာ ပြုတ်တာ။ ညာဘက်ချိုးစောင်းမှာ ခေါင်းပေါက်ပါတယ်။ ဒါကတော့ ကျနော့်ကို ညှဉ်းပန်းနှိပ်စက်တာ။ ပထမ (၅) ရက်ဆိုရင် ထမင်းတနပ်ပဲ ကျွေးပါတယ်။ စစ်ကြောရေးထိုင်ခုံမှာ (၇) ရက် (၂၄) နာရီ၊ အင်္ဂတေပေါ်မှာ အိပ်ခဲ့ရပါတယ်။ နောက် ကျနော့်ကို အမေရိကန်နိုင်ငံသားမှန်း သိသွားတဲ့အချိန်ကြတော့ ဆက်ဆံရေးပြောင်းသွားပါတယ်။ အားလုံး ထောက်လှမ်းရေး စစ်ကြောရေးမှာ (၁၈) ရက် နေခဲ့ရပါတယ်။ ညှဉ်းပန်းနှိပ်စက်တာတွေကတော့ တော်တော့ကို ဆိုးပါတယ်။ အဲဒီမှာ စိတ်ပိုင်းဆိုင်ရာကို ခြိမ်းခြောက်တဲ့ဟာတွေ၊ စားပွဲခုံပေါ်မှာ လက်ပစ်ဗုံးချပြီးတော့၊ သေနတ်ချပြီးတော့၊ ကျည်ဆံချပြီးတော့ - မင်းကောင်းကောင်းဖြေ - မဖြေရင် ပစ်သတ်လိုက်လို့ရတယ်။ မင်းကို ပစ်သတ်လိုက်ရင် ငါတို့ ရာထူးတောင် တိုးအုံးမယ်။ အဲဒီလိုမျိုးအထိ ညှဉ်းပန်းနှိပ်စက်တယ်။ မင်းထွက်ပြေးလို့ ငါတို့ ပစ်သတ်လိုက်တယ် - အဲဒီလိုမျိုး လိမ်ပြီးတော့ ပြောမယ်ဆိုတဲ့ ပုံစံနဲ့ကို ခြိမ်းခြောက်ကြတယ်။ ပြီးရင် သူတို့မှာ Video Files တွေ ရှိပါတယ်။ အဲဒီ Video Files တွေ ပြပါတယ်။ ဘယ်လို ညှဉ်းပန်းနှိပ်စက်ထားတယ်ဆိုတာတွေ။ လူတယောက်ရဲ့ ပါးစပ်ထဲကို အက်ဆစ်လိုထည့်ပြီး အမြုပ်တွေထွက်ပြီး လောင်ကျွမ်းနေတဲ့ပုံ ပြတယ်။ ပြီးရင် ဝါးချွန်နဲ့ ထိုးနေတဲ့၊ စစ်ဖိနပ်နဲ့ နင်းနေတဲ့ ပုံတွေကို ပြပါတယ်။ မင်းလားကွ NLD, မင်းလားကွ ငနီကြောင် အဲဒီလို တယောက်က စစ်ဖိနပ်နဲ့ နင်းနေတာ။ ကြည့်တော့ အရပ်ဝတ်စုံနဲ့ပါ။ ဖိနပ်ကတော့ Jungle Boots တောစီးဖိနပ် ခေါ်တာပေါ့။ အဲဒီလိုဖိနပ်နဲ့ လည်ပင်းကို နင်းနေတဲ့ပုံ။ အဲဒီလိုပုံတွေ ကျနော့်ကို ပြပါတယ်။ အဲဒါတွေပြပြီးတော့ ခြိမ်းခြောက်တာပေါ့။ အဲဒီလောက်အထိလုပ်တယ်။ မင်းကောင်းကောင်းဖြေ။ အထူးသဖြင့် ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လိုပတ်သက်လဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မင်း ဘာလို့ ဒီလိုလုပ်ပေးနေသလဲ။ ဒါက ကျနော်က ဒေါ်အောင်ဆန်းစုကြည်လို ရိုးရိုးသားသား၊ ယဉ်ယဉ်ကျေးကျေး ခေါ်တာ။ သူတို့က အောင်ဆန်းစုကြည်၊ စုကြည် တော်တော်ကို မိုက်မိုက်ရိုင်းရိုင်း - အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့ အငြိုးအတေးနဲ့ ဆက်ဆံနေတုန်းပါ။
မေး ။ ။ စစ်ကြောရေးကာလ ရက် (၂၀) နီးပါး စစ်ဆေးပြီးတဲ့အခါကြတော့ ကိုကျော်ဌေးဦး ကို ဘာဆက်လုပ်လဲရှင့်။
ဖြေ ။ ။ ကျနော့်ကို စက်တင်ဘာလ (၃၀) ရက်နေ့မှာ အမှတ် (၁) မြို့မရဲစခန်းကို ခေါ်သွားပါတယ်။ အဲဒီမှာလည်း စစ်ကြောရေးစခန်းက ထွက်တဲ့အချိန်မှာ မျက်လုံးကို ပိတ်ထားပြီးတော့ ကားပေါ်တက်ခါနီး ဘာပြောလဲဆိုတော့ - မျက်လုံးပိတ်ထားပြီးတဲ့အချိန်မှာ တပ်မှူးဆိုတဲ့ကောင်တကောင် ရောက်လာပါတယ်။ တပ်မှူး ခဏစကားပြောမယ်ဆိုပြီးတော့ - အဲဒီလူကတော့ နည်းနည်းယဉ်ကျေးပါတယ် - ခင်များ ကောင်းကောင်းနေ၊ ခင်များ ကောင်းကောင်းမနေဘဲနဲ့ ကျယ်ကျယ်လောင်လောင် ပြောမယ်ဆိုရင် အနှစ် (၂၀) ကျသွားမယ်။ ခင်များ ပါးစပ်ပိတ်ထား။ မလိုအပ်ဘဲနဲ့ လျှောက်မပြောနဲ့။ အဲဒီလိုပြောတာနဲ့ ခင်များ ဒုက္ခရောက်ပြီဆိုတာ မှတ်ပါလို့ ကျနော့်ကို ကားပေါ်တင်လိုက်ပါတယ်။ အဲဒီ Van ကားပေါ်မှာ ကျနော့်ဘေးနားမှာ နှစ်ယောက်ထိုင်တယ်။ လက်ထိပ်ခတ်ထားတယ်။ ရှေ့က နှစ်ယောက်ပါတယ်။ ကျနော့်ကို ခေါ်သွားတယ်။ မိနစ် (၂၀) လောက် ကြာတယ်။ အဲဒီထောက်လှမ်းရေးစခန်းကနေ။ နောက်တော့ ပြန်သိတယ်။ သူတို့ ကျနော့်ကိုထားတဲ့ နေရာက ဂျီဒေါင်ကန် - စစ်ကြောရေးမှာလို့ သိရတယ်။ နောက် အမှတ် (၁) မြို့မရဲစခန်းကို ရောက်တယ်။ အမှတ် (၁) မြို့မရဲစခန်းဆိုတာက ကျနော် အပတ်တိုင်းသွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပစ္စည်းပို့ပေးနေတဲ့ ရဲစခန်း။ အဲဒီ့ ရဲစခန်းရောက်တော့ နေ့လယ် တစ်နာရီခွဲ နှစ်နာရီလောက်ကြတော့ ဥတ္တရ အထူးရုံးကဆိုပြီးတော့ Video Conferencing နဲ့ ကျနော့်ကို ပုဒ်မ (၅၂ - က) နဲ့ တရားစွဲပါတယ်ဆိုပြီးတော့ ပြောပါတယ်။ အဲဒီမှ ကျနော် ရှေ့နေ ငှားရပါတယ်။ နောက် နေပြည်တော်ထောင် ရောက်တဲ့အချိန်မှာ ခြေချင်းခတ်တယ်။ နောက် ကျနော့်ကို (၁၈) ရက်လုံးလုံး အဲဒီ Q ဆောင်မှာ နေရပါတယ်။ အဲဒီ Q ဆောင်မှာလည်း နေပြည်တော်အချုပ်ထောင်ရဲ့ Q ဆောင်ဆိုတာက ထောင်ရဲ့ရှေ့မှာ အရင်ထားတယ်။ အဲဒီမှာ ကျနော်တို့ ထပ်ပြီးတော့ ညှဉ်းပန်းနှိပ်စက်ခံရတယ်။ ရဲက သုံးရက်တိတိ ကျနော်တို့ကို ညှဉ်းပန်းနှိပ်စက်တယ်။ ညတိုင်းလိုလို သာမန်အကျဉ်းသားတွေက ကျနော့်ကို ထိုးခိုင်းတယ်။ ထိုးစမ်း - အဲဒီနောက်က ထိုင်နေတဲ့ကောင်ကို။ သူက သူ့ကိုယ်သူ နိုင်ငံခြားသားဆိုပြီးတော့ ဖြစ်ချင်တဲ့ကောင်။ အမေကျော် ဒွေးဒေါ်လွမ်းတဲ့ကောင် ဆိုပြီးတော့ ကျနော့်ကို ဆောင့်ကန်တယ်။ ထိုးကြတယ်။ သွားတချောင်းက အဲဒီမှာ ပြုတ်တယ်။ ထောက်လှမ်းရေးမှာတော့ သွားသုံးချောင်း ပြုတ်တယ်။ လေးချောင်း ဆုံးရှုံးခဲ့ရတယ်။ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာတွေက အဲဒီအချိန်တုန်းက တော်တော်လေးဆိုးတယ်။ ပြီးတော့ အင်္ဂတေပေါ်မှာ အိပ်ရတယ်။
မေး ။ ။ အဲဒီတော့ ကိုကျော်ဌေးဦး ကို သူတို့ ထောင်ထဲမှာထားပြီးတဲ့နောက်ပိုင်း ပြန်မလွှတ်ခင်အချိန်အထိ ထောင်တွင်းဖြတ်သန်းရတဲ့ အနေအထား ဘယ်လိုရှိပါသလဲရှင့်။
ဖြေ ။ ။ ကျနော် နေပြည်တော်အချုပ်ထောင်မှာ အားလုံး (၇) လ နေရပါတယ်။ တရားရုံးမှာ အမှုတည်ဆောက်တဲ့အခါမှာ သူတို့ဘက်က ဘယ်လိုမှကို အဆင်မပြေဘူး။ ချဆိုလို့သာ ချတာ။ တရားသူကြီးမကတောင် တောင်းပန်ပါတယ် - ဦးကျော်ဌေးဦရယ် ကျမတို့လည်း ဘယ်လိုမှကို မဖြစ်လို့ အမြင့်ဆုံးထောင်ဒဏ် (၇) နှစ် ချလိုက်ပါတယ်။ ထောင်ထဲမှာ နေရတဲ့အချိန်မှာလည်း တော်တော်ကို ဆိုးပါတယ်။ နေပြည်တော်အချုပ်ထောင်က လုံးဝမကောင်းဘူး။ ရေကအစ ဝယ်သောက်ရတယ်။ အခုအချိန်အထိလည်း အကျဉ်းသားတွေမှာ သောက်ရေသန့် ကောင်းကောင်း မရပါဘူး။ ချိုးရေဆိုလည်း တော်တော်ဆိုးပါတယ်။ နောက်ပိတ်ဆုံး ထောင်မှူးနှစ်ပွင့် ကျော်သူရဆိုရင် တော်တော်ကို ဖိနှိပ်တယ်။ နှိပ်စက်တယ်။ ရတဲ့နည်းနဲ့ကို ညစ်ပတ်ကောက်ကျစ်တယ်။ ဘယ်တော့မှ သူတို့တွေက ဥပဒေလည်း မလေးစားဘူး။ လူတွေကို လူလို့လည်း မထင်ဘူး။ သူဆိုရင် ဂုဏ်ယူစွာနဲ့ ပြောနေသေးတယ် - ခင်များတို့လို အကျဉ်းသားတွေ - ပထမတုန်းက မင်းနဲ့ငါနဲ့ ပြောတာ - နောက်ပိုင်းကြမှ ကျနော့်ကိ အမေရိကန်သံရုံးက အဆက်အသွယ်ရပြီ၊ သံရုံးနဲ့ တပတ်တခါ ပြောရတဲ့အချိန်ကြမှ သူက ကျနော့်စားပွဲရှေ့ လာထိုင်တယ်။ အမြဲတမ်း ကျနော် စကားတခွန်း မှားမလားဆိုတာကို အမြဲတမ်းစောင့်ကြည့်တယ်။ ပြီးရင် သူပြောတဲ့ စကားအတိုင်းပြောရရင် - အကျဉ်းသားတွေကို မိန်းကျင်း ရှိတယ်။ မိန်းကျဉ်းကနေ လောက်လေးခွနဲ့ အဲဒီလိုပစ်ပြီးတော့ကို နှိမ်းနင်းတာ။ သေနတ်မရှိလို့ သေနတ်ရှိလို့က ပစ်တောင် ပစ်မယ်ဆိုတဲ့ အယူအဆနဲ့ကို ပြောတယ်။ တော်တော်ကို ဆိုးတယ်။ ထမင်းကျွေးတာကတော့ ကျနော်တို့ ၈၈ နဲ့ နှိုင်းယှဉ်ရင်တော့ ထမင်းလေးတွေ ကောင်းလာတယ်။ အသားလေးရက် ကျွေးတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်လက်ထက်က လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးထဲမှာ တခုပေါ့။ အရင်တုန်းကတော့ အသားတစ်ရက်ပဲ ကျွေးတယ်။ အခုဆိုရင် လေးရက် ကျွေးပါတယ်။
မအင်ကြင်းနိုင် ။ ။ နောက်တပတ်မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဌေးဦးနဲ့ မေးမြန်းထားတဲ့ ဒုတိယပိုင်းကို ဆက်လက်ထုတ်လွှင့်ဖို့ ရှိပါတယ်။
=== Unicode ===