LGBTQ+ တွေအတွက် မြန်မာဥပဒေအရ အကာအကွယ်ပေးမှုမရှိ (မိတ်ကပ်ပညာရှင်မေဦး)

LGBTQ+ မိတ်ကပ်ပညာရှင် မေဦး

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားနေတာနဲ့အမျှ အရင်ကတည်းကိုက ဥပဒေအရ အကာအကွယ်ပေးထားတာ မရှိတဲ့ LGBTQ+ (လိင်ခံယူမှုကွဲပြားသူတွေ) အတွက် အခြေအနေတွေဟာ ဆိုးရွားနေဆဲဖြစ်ကြောင်း LGBTQ+ ဖြစ်တဲ့နာမည်ကျော် မိတ်ကပ်ပညာရှင် မေဦးက ဗွီအိုအေကို ပြောပါတယ်။

ဒီလ ဇွန်လ ကို အမေရိကန်ပြည်ထောင်စုမှာ LGBTQ+ လ အဖြစ်သတ်မှတ်ထားတာပါ။ အမေရိကန် သမိုင်းမှာ လိင်ခံယူကွဲပြားသူတွေအပေါ် ခွဲခြားမှုတွေရှိခဲ့ပြီး ၁၉၆၉ ခုနှစ် ဇွန်လ (၂၈) ရက်နေ့က နယူးရောက် Stonewall Gay ကလပ်မှာ ရဲတပ်ဖွဲ့က အလွန်အကျွံ နှိမ်နင်းမှုတွေကနေ စတင်ခဲ့တဲ့ နိုင်ငံတဝှမ်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဂုဏ်ပြု တဲ့အနေနဲ့ နှစ်စဉ် ဇွန်လကို LGBTQ+ လအဖြစ် ပြဌာန်းခဲ့တာပါ။

ဒုက္ခသည်တဦးအနေနဲ့ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချနေထိုင်နေတဲ့ မိတ်ကပ်ပညာရှင် မေဦးကို Zoom ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ မေဦးရေ အခုလိုမျိုး VOA မြန်မာပိုင်းက ဆက်သွယ်မေးမြန်းတာကို ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မေဦး ။ ။ ဟုတ်ကဲ့ပါ မ။ မေဦးကလည်း ကျေးဇူးတင်ပါတယ်။

မအင် ။ ။ အဲ့ဒီတော့ အမေရိကန်ပြည်ထောင်စုမှာ ဒီလ ဇွန်လမှာ LGBTQ+ တွေအတွက် သူတို့လ အဖြစ် သတ်မှတ်ပေးထားတယ်။ ဒီ စနေနေ့မှာဆိုရင်လည်း ဝါရှင်တန်ဒီစီမြို့တော်မှာ LGBTQ+ တွေရဲ့ ချီတက်ပွဲတွေ၊ သူတို့အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ တောင်းဆိုလှုပ်ရှားမှုတွေကို စနေနေ့မှာ သူတို့ အကြီးအကျယ် ပြုလုပ်ကြပါတယ်။ ဆိုတဲ့အခါကြတော့ အခု မေဦးတို့ အမေရိကန်ပြည်ထောင်စုမှာ ရောက်လာပြီးတော့ ဒုက္ခသည်အဖြစ် အခြေချနေထိုင်တဲ့ လူတဦးအနေနဲ့၊ ကိုယ်တိုင်ကလည်း LGBTQ+ ဖြစ်တဲ့အတွက် ဒီ အမေရိကန်ပြည်ထောင်စုမှာ LGBTQ တွေရဲ့ အခြေအနေ ပေါ့ အထူးသဖြင့် ဒီ အခွင့်အရေးတွေ၊ သူတို့လှုပ်ရှားမှုတွေကို ဘယ်လို တွေ့ရလဲ။ ဘယ်လိုမြင်လဲ ရှင့်။

မေဦး ။ ။ မနှစ်ကတော့ မေဦး ဇွန် Pride ကို New York ဘက်ကို သွားရတယ်။ ဆိုတော့ မနှစ်က မေဦး အမေရိကကို ရောက်တဲ့အချိန်မှာ အဲ့ဒီပွဲကို ဝင်သွားတဲ့အချိန်မှာ တခါမှ ကိုယ် မတွေ့ဘူးမကြုံဘူးတဲ့ အဖြစ်အပျက်မျိုးတွေနဲ့ ကြုံရတယ်။ မေဦး မွေးလာတဲ့အချိန်ကနေ အခုချိန်ထိကို မြန်မာပြည်မှာ နေခဲ့တဲ့အချိန်နဲ့ ဒီမှာ ရောက်သွားတဲ့အချိန်မှာ အရမ်းကို ကွာခြားတာတွေကို တွေ့ရတယ်။ အဲဒါ ဘာလဲဆိုတော့ အမ အခုနက ပြောသလိုပေါ့ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေ အကုန်လုံးကို တောင်းဆိုတယ်။ ဒီ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိ တောင်းဆိုပြီးတော့လည်း ဒီ ဟာတွေ အကုန်လုံးကလည်း လုပ်ခွင့်ရတယ်၊ ဖြစ်ခွင့်ရတယ်။ ပြီးတော့ ဒီလိုမျိုး တိုးတက်တဲ့နိုင်ငံမှာ ဒီလောက် အခွင့်အရေးရတဲ့ အချိန်ထိကို သူတို့ လိုချင်တဲ့ rights တွေက အခုချိန်ထိ တချို့ဟာတွေက မပြည့်စုံသေးဘူး။ ပြည့်လည်းမပြည့်စုံသေးတဲ့အတွက် အားလုံးက ရဲရဲဝံ့ဝံ့နဲ့ တောင်းဆိုကြတယ်။ ပွင့်ပွင့်လင်းလင်း နေကြတယ်။ ဘာအခက်အခဲမှ မရှိဘဲနဲ့ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို ပြောခွင့်ရတယ်။ ဆိုခွင့်ရတယ်။ ပြီးတော့ ကိုယ့်က gay တစ်ယောက်အနေနဲ့ မေဦး လုံးဝမတွေ့ဘူး၊ မကြုံဘူးတဲ့ ဒီ အခြေအနေမျိုးကို အမေရိကန်နိုင်ငံမှာ တွေ့ရတာဖြစ်တဲ့အတွက် ဘယ်လိုပြောရမလဲ။ ကိုယ့်ရဲ့ နောက် ကမ္ဘာသစ်တစ်ခုကို ရောက်သွားသလိုမျိုးလည်း ခံစားရတယ်။ ပြီးတော့ ကိုယ့်ဘဝမှာ ဒီလို freedom ဆိုတဲ့ feeling ကိုလည်း အပြည့်အဝ ခံစားရတယ်။

မအင် ။ ။ အဲဒီလို ကွာခြားချက်ကို ဘာကြောင့် မြင်မိလဲ။ မြန်မာနိုင်ငံမှာဆိုရင် စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းတော့ အခြေအနေတမျိုး ဖြစ်သွားတာပေါ့။ ဒါပေမဲ့ စစ်အာဏာ မသိမ်းခင်မှာ အရပ်သား အစိုးရတွေ အုပ်ချုပ်ခဲ့တယ်။ ဒီမိုကရေစီ တစိတ်တပိုင်း ရနေခဲ့တဲ့ အနေအထားမျိုး ဖြစ်နေတာတောင်မှ ဒီလိုအခြေအနေတွေက အရမ်းကို ကွာခြားတယ်ဆိုတာ ဘယ်လိုကြောင့်လဲရှင့်။ ဘာကြောင့်လို့ တွေ့ရလဲ။

မေဦး ။ ။ အဓိကအားဖြင့် ပြောရမယ်ဆိုရင် မေဦးတို့ မြန်မာပြည်က အရမ်းကို traditional ဖြစ်တယ်။ ပြီးတော့ Culture အရလည်း Open minded သိပ်မရှိဘူး။ နောက်တခုက religion အရဆိုတော့ အဲ့ဒီသုံးမျိုးကြားထဲမှာ မေဦးတိို့ LGBTQ+ တွေက အမြဲတမ်း ဖိနှိပ်ခံရတယ်။ လူအခွင့်အရေး ဆုံးရှုံးတာ ဒီ culture နဲ့ traditional. ပြီးတော့ လူမျိုးရေးဆိုင်ရာတွေ နောက်တစ်ခါ law တွေ။ မပြည့်ဝတဲ့ ဒီ ဥပဒေတွေကြားထဲမှာ အသက်ရှင်ရတယ်၊ နေထိုင်ရတယ်။ ဘောင်ကျဉ်းစွာနဲ့ပေါ့။ ဆိုတော့ မေဦးတို့ နေခဲ့တုန်းကလည်း အဆင်ပြေအောင် နေ့တဓုဝ နေခဲ့ရတယ်။ ဒီ ဥပဒေတွေနဲ့ အဆင်ပြေလားဆိုတော့ အဆင်မပြေဘူး။ ဒါပေမဲ့ အဲဒီ အဆင်မပြေမှုကြားထဲမှာ နေရင်းနဲ့ ကိုယ့်ကိုယ်ကို လူ့အခွင့်အရေး ဆုံးရှုံးမှု ဆုံးရှုံးရမှန်း မသိတဲ့၊ ဆုံးရှုံးနေရတဲ့ နေ့ပေါင်းများစွာကို ဖြတ်သန်း ရတယ်။ တခါတလေကျရင် တချို့ကိစ္စတွေဆို ဒီကိစ္စကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမှာဆိုလို့ရှိရင် ဒီလို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ဟာက အကြီးကြီးပေါ့။ ကိုယ်တွေ မြန်မာပြည်မှာ နေတုန်းကတော့ ဒီကိစ္စက အဆင်ပြေပါတယ်လေ၊ ငါ့အတွက်ကတော့ နေ့တဓုဝ ထမင်းစား ရေသောက် ဖြတ်သန်းနေရတဲ့ ပုံစံမျိုးနဲ့ပဲ နေလာတဲ့အခါကြတော့ ကိုယ့်လူအခွင့်အရေးကိုလည်း ဆုံးရှုံးမှန်းမသိ ဆုံးရှုံးနေရတဲ့ အခြေအနေပေါ့။ ဆိုတော့ အဓိကအားဖြင့်ကတော့ မေဦးတို့ မြန်မာပြည်မှာ ဒီ law ဥပဒေပေါ့။ ဥပဒေက လုံးဝစိုးမိုးမှု မရှိဘူး။ အသက်ဝင်မှု မရှိတဲ့အတွက် မေဦးတို့ နေ့တဓုဝ၊ အချိန်နဲ့အမျှ လူ့အခွင့်အရေး ခံစားနေရတယ်လို့ မြင်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ဘယ်လို ဥပဒေမျိုးတွေ အထူးသဖြင့် LGBTQ တွေအတွက်၊ LGBTQ+ တွေ အတွက် မြန်မာနိုင်ငံမှာ ဥပဒေက ဘယ်လို ကန့်သတ်ချက်တွေ ရှိနေတာလဲရှင့်။

မေဦး ။ ။ ဥပမာအားဖြင့်ပေါ့နော် မေဦးတို့ ဒီ LGBT, မေဦးအနေနဲ့ ပြောရမယ်ဆိုရင် Gay ပေါ့။ Gay တယောက်ကို သူက Gay ဖြစ်လို့ သူ့ရဲ့ ဖြစ်တည်မှုကို ရှုတ်ချတာမျိုး၊ လှောင်ပြောင်တာမျိုး၊ သရော် တာမျိုးကို ပါးစပ်နဲ့ပဲဖြစ်ဖြစ်၊ ကိုယ်နှုတ်အမူအယာနဲ့ဖြစ် စော်ကားလို့ရှိရင် ကာကွယ်ပေးတဲ့ ဥပဒေ မရှိဘူး။ မေဦးတို့ ဒီလိုမျိုးဖြစ်လို့၊ ဥပမာ ကိုယ်ထိလက်ရောက် မဟုတ်ရင်တောင်၊ ကိုယ့်ကိုယ် နှုတ်နဲ့ စော်ကားလို့ ကိုယ့်အနေနဲ့ အရမ်းကို စိတ်မကောင်း ဖြစ်ရတယ်။ ဖြစ်ရလို့ သွားတိုင်နိုင်မယ့် အခြေအနေမျိုးလည်း မရှိဘူး။ ဒီလိုမျိုး ကာကွယ်ပေးထားတယ်ဆိုတဲ့ ဥပဒေ မရှိတဲ့အတွက် မေဦးတို့မှာ ဒါကို ဖြေရှင်းဖို့ မရှိဘူး။ ဥပမာအားဖြင့် မေဦး အမှတ်ရနေဦးမယ်ဆိုရင် ငယ်ငယ်တုန်းက ခဏခဏ ဖြစ်တာပေါ့။ သူငယ်ချင်းတွေနဲ့ သွားတယ်။ လမ်းမှာ တွေ့လို့ရှိရင် စလိုက်တယ်။ နောက်လိုက်တယ်၊ ပြောင်လိုက်တယ်။ အဲ့ဒီလို ပြောင်လိုက်တာနဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုကြည့်လိုက်တယ်။ ရယ်ကြတယ်၊ လှောင်ကြတာကို ဘယ်သူမှ ဖြစ်ချင်တဲ့အရာကိစ္စ မဟုတ်ဘူး။ မကြုံချင်ကြဘူး။ ဒါပေမဲ့ ဒီလိုမျိုး ကြုံဖို့အတွက် ကြုံလာရအတွက် မေဦးမှာ ဘယ်မှာသွားတိုင်းရမယ်ဆိုတဲ့ဟာ မရှိဘူး။ ဘယ်သူမှလည်း ဖြေရှင်းလို့ မရဘူး။ ဒါကတချို့။ တချို့ဆိုရင် မိသားစုက အရမ်းကို traditional ဖြစ်တယ်။ Culture အရရော Religion အရကော အရမ်းကို အရှက်အကြောက်ကြီးတဲ့ မိသားစုဆို ပိုတောင်ဆိုးသေးတယ်။ ငါကတော့ ဒီလိုပြောခံရလို့ ငါ့အမေလည်း သွားတိုင်းလို့ မရဘူး။ ငါ့အဖေလည်း သွားတိုင်လို့ မရဘူး။ ငါ့ မိသားစုကို သွားတိုင်လို့ မရဘူး။ သွားတိုင်လို့ရှိရင် ငါ့မိသားစုက နင်ဒီလိုဖြစ်နေလို့၊ နင် အခြောက် ဖြစ်နေလို့ အပြောခံရတာလေဆိုတဲ့ စကားလုံးနဲ့ပဲ ပြီးသွားတဲ့ ဘဝ ကြီးက။ ဆိုတော့ မေဦးတိို့မှာ ဒီလိုမျိုး ကာကွယ်ပေးတဲ့ law မရှိဘူး။ ဥပဒေ မရှိဘူး။

အစ်မ အခု ဒီ အမေရိကန်နိုင်ငံမှာကြည့် မေဦးတို့က လူတယောက်ကို သွားပြီးတော့ နင် ပိန်တယ်၊ ဝတယ် ပြောလို့ မရဘူး။ ဒါတောင် ပိန်တယ်၊ ဝတယ်ဆိုတဲ့ စကားလုံးတစ်ခုအနေနဲ့ပဲနော်။ နင်က ဘာ color, မင်း အသားအရောင်က ဘယ်လိုဖြစ်လို့၊ နင်က ဘာဖြစ်လို့ဆိုပြီးတော့ ရှုတ်ချတာ လုံးဝ မရဘူး။ law တွေ ရှိတယ်။ ဥပဒေ ရှိတယ်။ ဘယ်သူမှ မပြောရဲဘူး။ ဆိုတော့ မေဦးတို့ မြန်မာပြည် မှာ ဒီဟာမျိုးက နေ့တဓုဝ ပြောနေကြတယ်၊ ဖြတ်သန်းနေကြတာ။ ဒါကို ထမင်းစား ရေသောက်ဘဝတွေနဲ့ ဖြတ်သန်းနေရတာ။ မေဦးအနေနဲ့ကတော့ ဒီ ဥပဒေတွေ အသက်မဝင်တာကို တရားဥပဒေ စိုးမိုးမှုမရှိတာလို့ မြင်ပါတယ်။

မအင်ကြင်းနိုင် ။ ။ တဘက်မှာ ကြည့်တဲ့အခါကြတော့ ဥပမာဆိုရင် မေဦးတို့ဆိုရင် မြန်မာနိုင်ငံမှာဆို တကယ့် နာမည်ကြီး မိတ်ကပ်ပညာရှင်တွေ ဖြစ်တဲ့အခါကြတော့ အဲ့ဒီလိုမျိုး မိတ်ကပ်ပညာရှင်တွေနဲ့ ပတ်သက်ရင် သတင်းမဂ္ဂဇင်းတွေ၊ အင်တာဗျူးတွေမှာကြတော့ သူတို့တွေရဲ့ ချမ်းသာကြွယ်ဝမှုတွေပေါ့။ နောက် ဝင်ငွေတွေ ဒါတွေကို ပြနေတဲ့အခါကြတော့ ယေဘူယျအားဖြင့် ဒီလို မိတ်ကပ်ပညာရှင်တစ်ဦး LGBTQ တစ်ယောက်အနေနဲ့ မိတ်ကပ်ပညာရှင်တစ်ဦး ဖြစ်လာတယ်ဆိုလို့ရှိရင်၊ နာမည်ကြီးလာတယ်ဆို ဝင်ငွေကောင်းတယ်။ သူတို့ဘဝကြီးက အားကျစရာကြီးဆိုတဲ့ အအေထား မျိုးတွေလည်း မြန်မာနိုင်ငံရဲ့ မဂ္ဂဇင်းတွေမှာ ဖော်ပြတာကို တွေ့ရတယ်ဆိုတော့ အဲ့ဒါမျိုးအပိုင်းတွေမှာ တကယ့် LGBTQ တွေရဲ့ ဘဝတွေက ဒီလို အောင်မြင်မှုတွေနဲ့ ဒီလိုပျော်ရွှင်စရာတွေနဲ့ ကောင်းနေသလား။ အားကျစရာကောင်းနေတဲ့ အခြေအနေမျိုးတွေလားရှင့်။

မေဦး ။ ။ အဲ့ဒီအနေနဲ့ ပြောရမယ်ဆိုရင် ဥပမာအားဖြင့် ပြောရမယ်ဆိုရင် မေဦးတို့ လူတစ်ယောက်ပေါ့နော်။ လူတစ်ယောက် အောင်မြင်လာတယ်။ လူတစ်ယောက် အခြေအနေ တခုကို ရောက်လာ တယ်ဆိုလို့ရှိရင် ပတ်ဝန်းကျင်ကပြောတဲ့ လေသံကနည်းနည်းလေး ပြောင်းလာတယ်။ သိတယ်မဟုတ်လား ဒီ လူတစ်ယောက်ရဲ့ စိုးမိုးမှု။ ဒီလူတစ်ယောက်ရဲ့ ကြီးကျယ်ခမ်းနားမှု။ ဒီ လူတစ်ယောက်ရဲ့ super star ဖြစ်မှု၊ လင့်လက်တောက်ပမှုပေါ် မူတည်ပြီးတော့ ပတ်ဝန်းကျင်ရဲ့ လေသံ flow ကတော့ ပြောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ Gay ဖြစ်လို့ အောင်မြင်ခြင်းရဲ့ နောက်ကွယ်မှာ supporting ရှိသလိုမျိုး၊ ချစ်ပေးတတ်တာမျိုး ရှိသလို၊ ရှုတ်ချမှု၊ လှောင်ပြောင်မှုကလည်း ရှိနေတုန်းပဲ။

ပြီးသွားရင် ဒါ Gay ဖြစ်လို့ မဟုတ်ဘူးနော်။ ဒီ မြန်မာပြည်မှာ ဒီလိုမျိုး Law ဥပဒေ အရ တရားဥပဒေ စိုးမိုးမှု မရှိတဲ့အတွက် ပုံမှန်လူတောင်မှ နေ့တဓုဝ human rights ကို တချိန်လုံး ဆုတ်ယုတ်နေတာ။ မေဦးတို့ Gay ဆိုရင်တော့ အတိုင်းအဆမရှိဘူး။ ဆိုတော့ ဘယ်လိုပဲ အောင်မြင်မြင်၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ အောင်မြင်မှုရဲ့ဘေးမှာ ချစ်ပေးသလို၊ supporting ပေးသလို၊ အမြဲတမ်း ရှုတ်ချမှု၊ သရော်မှု၊ လှောင်ပြောင်မှုကလည်း အမြဲရှိနေတယ်။ အဲ့ဒီအတွက် မေဦးတို့ မြန်မာပြည်က ဒီ Gay နဲ့ LGBTQ+ တွေက ပိုပြီးတော့ struggle လုပ်ရတယ်။ ပိုပြီးတော့ ရုန်းကန်ရတယ်။

မအင်ကြင်းနိုင် ။ ။ ဘယ်လိုပုံစံမျိုးတွေ ပိုပြီးရုန်းကန်ရလဲရှင့်။

မေဦး ။ ။ ဥပမာအားဖြင့် မေဦးတို့ အပြင်တနေရာ သွားကြတယ်။ ဥပမာ ဒီမှာဆိုရင် မိန်းခလေးလို ဝတ်စားထားတယ်ဆိုရင်၊ restroom ဝင်တယ်ဆိုလို့ရှိရင် မိန်းခလေးလိုပဲ ဝင်ရတယ်။ မိန်းခလေး restroom ကို သုံးရတယ်။ ယောက်ျားလေးပုံစံဆိုရင် ယောက်ျားလေး restroom ကို ဝင်ရတယ်။ တချို့နေရာတွေမှာဆိုရင် Gay တွေအတွက် သီးသန့်ထားတဲ့ restroom တောင် ရှိတယ်လို့ သိရတယ်။ မြန်မာပြည်မှာ မိန်းမလို ဝတ်စားထားတဲ့ Gay တယောက်ဆိုရင် ယောက်ျားအိမ်သာပဲ ဝင်ရတယ်။ မိန်းမအိမ်သာထဲ ဝင်လို့မရဘူး။ ဒါက ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင် အစ်မ စဉ်းစားကြည့် မိန်းမလို ဝတ်စားထားတဲ့ လူတယောက်က ဘယ်လိုလို့ ယောက်ျားလေးအိမ်သာကို သွားနိုင်မလဲ။ ယောက်ျားလေးအိမ်သာထဲကိုသွားရင် Gay လို့ တန်းသိတယ်။ အဲဒီအိမ်သာထဲမှာ လှောင်တာတွေ၊ ပြောင်တာတွေ၊ နောက် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ဖြစ်သွားနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယေဘူယျအားဖြင့် ပုံမှန်အခြေအနေမျိုးလေးမှာပဲ။ တခါတလေကြရင် မေဦးတို့ အပြင်သွားကြတယ်။ ကိုယ်ကတော့ နည်းနည်းလေး ယောက်ျားလေးပုံစံ ဖြစ်နေတော့ သိပ်ပြဿနာ မရှိဘူး။ တချို့အလှူပွဲတွေ၊ မြန်မာပွဲတွေမှာ Gay တယောက်လိုသွားရင် မတင့်တယ်တာမျိုးတွေ ရှိတယ်။ တခါတလေ မေဦးတို့သွားရင် ဒီလိုလူကြီးတွေအိမ်ရောက်ရင် ငါတို့က အဆင်ပြေပါ့မလား။ ငါတို့တွေနဲ့ သူတို့တွေနဲ့ ဘယ်လိုမျိုး ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ရမလဲ။ အမြဲစဉ်းစားတယ်။ ကိုယ့်အတွက်က မလိုလားအပ်ဘဲနဲ့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ စိတ်ညစ်ရတယ်။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ရတာပေါ့။

မအင်ကြင်းနိုင် ။ ။ LGBTQ+ တွေက ဒီတခေါက် စစ်အာဏာသိမ်းတဲ့အထဲမှာ တက်တက်ကြွကြွနဲ့ တကယ့်ကို ဦးဆောင်ပြီးတော့ ပါဝင်လာခဲ့တာ ဘာကြောင့်လဲရှင့်။

မေဦး ။ ။ အဓိက အခြေခံအားဖြင့်က ဒီမိုကရေစီလို့ ပြောလို့ရတယ်။ ဒီမိိုကရေစီရမှ မေဦးတို့ Gay life က၊ LGBTQ+ က ကောင်းမွန်စွာ အသက်ရှင်နိုင်မှာ။ အမေရိကမှာလည်း ဒီလိုပဲ Republican နဲ့ Democrat နှစ်ခု ရှိတယ်။ Republican နိုင်မယ်ဆိုရင် Gay တွေဘဝက လုံးဝလုံခြုံမှု မရှိဘူး။ မေဦးတိို့ ဒီမှာရှိတဲ့ Gay တွေကို စကားပြောကြည့်တယ်။ သူတို့ပြောတာကို နားထောင်ကြည့်တဲ့အခါ Trump တက်ချိန်တုန်းကဆို သူတို့အတွက် လုံခြုံမှု မရှိတဲ့အတွက် တခြားအဖွဲ့အစည်းတွေ ဖွဲ့ရတယ်။ Gay တွေအတွက် လုံခြုံမှုတွေ ရှိလာအောင်လို့ အများကြီးကြားဖူးတယ်။ ဒါတောင်မှ ဒါက အမေရိက။ မြန်မာပြည်မှာဆို ဒီမိုကရေစီ မရှင်သန်နေသရွေ့ကတော့ Human Rights ဆုံးရှုံးနေတာ၊ ဒီမိုကရေစီ မရှိဘူးဆိုရင် ပုံမှန် လူ့အခွင့်အရေးက အချိန်နဲ့အမျှ ဆုံးရှုံးနေမှာ။ LGBTQ+ ဆိုရင် မတွေးအောင်မတွေးနဲ့တော့။ ဆိုတော့ မေဦးတို့ လုံခြုံမှုအတွက်ကို ဒီမိုကရေစီအစိုးရကိုပဲ လိုချင်တယ်။ မေဦးတို့ကို ကာကွယ်ပေးတဲ့ ဥပဒေတွေနဲ့ လုပ်ပေးနိုင်တဲ့ အစိုးရတရပ်ကို လိုချင်တာဖြစ်တဲ့အတွက် ဒီအာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင် ။ ။ အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ LGBTQ+ တွေအတွက် လိုအပ်နေတဲ့ အခြေအနေတွေဆိုလို့ရှိရင် ဘယ်လိုအခြေအနေတွေက အဓိက LGBTQ တွေ ရင်ဆိုင်နေရတဲ့ အဆိုးဝါးဆုံး အခြေအနေတွေလဲ။ ဒါတွေကို ဘယ်လိုပြုပြင်ပြောင်းလဲသင့်သလဲ။

မေဦး ။ ။ ဥပဒေက အရေးကြီးဆုံးပဲ။ ပြီးခဲ့တဲ့ ၂၀၁၅ ကနေ၂၀၂၀ လောက်ထိက NLD အစိုးရတက်တယ်။ NLD အစိုးရတက်တုန်းကတောင် မေဦးတို့ ဒီလိုအဖွဲ့အစည်းတွေ ရှိတယ်။ LGBTQ+ ဆိုတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ လွှတ်တော်အမတ်တွေနဲ့ သွားတွေ့ကြတယ်။ ဥပဒေတခုကို ကာကွယ်ပေးဖို့ တောင်းဆိုကြတယ်။ အဲဒီအခြေအနေမှာကတည်းက မအောင်မြင်ခဲ့ကြဘူး။

မအင်ကြင်းနိုင် ။ ။ အခု မေဦးပြောသွားတဲ့ LGBTQ+ တွေက မြန်မာနိုင်ငံမှာ တောင်းဆိုနေတဲ့ ဥပဒေအရ ကာကွယ်ပေးရေးမှာ အဓိက ဘာအချက်တွေကို တင်ပြထားပါသလဲရှင့်။

မေဦး ။ ။ အဓိကတော့ အခုရှိပြီသား ဥပဒေတွေ ရှိတယ်။ ရှိပြီသားဥပဒေတွေထဲမှာ ဥပမာ ၃၇၇ လို ဥပဒေမျိုးဆိုရင် LGBTQ+ အတွက် အန္တရာယ်ရှိတဲ့ ပုဒ်မမျိုးတွေကို ပြင်ပေးဖို့။ ပြီးတော့ LGBTQ+ တွေရဲ့ ဖြစ်တည်မှုကို ကာကွယ်ပေးတဲ့ ဥပဒေမျိုးတွေ။ ဥပမာ မိန်းမတွေ၊ ကလေးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ရှိသလိုမျိုး LGBTQ+ တွေကို ကာကွယ်ပေးတဲ့ ဥပဒေမျိုးတွေရှိဖို့၊ ရေးပေးဖို့၊ လုပ်ပေးဖို့ တောင်းဆိုထားတာပါ။

မအင်ကြင်းနိုင် ။ ။ အဲဒီ ၃၇၇ ဆိုတာက ဘာလဲ။

မေဦး ။ ။ ပုဒ်မ ၃၇၇ ဆိုတာက ဓမ္မတာနဲ့ ဆန့်ကျင်သော၊ ပုံမှန်မဟုတ်တဲ့ လိင်တူဆက်ဆံတာမျိုး။ ဥပမာ ယောက်ျားချင်း၊ မိန်းမချင်းတို့။ ဒါမျိုးဆိုရင် ဥပဒေအရ ဖမ်းဆီးထောင်ချလို့ ရတယ်။ နားလည်မှုနဲ့ နေကြတယ်။ ဒါပေမဲ့ အကယ်၍များ တခုခုဖြစ်ခဲ့မယ်ဆိုရင် ကာကွယ်မှု မရှိဘူး။ ဒါမျိုးကို ပြောချင်တာပါ။