၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Donald Trump ဦးဆောင်မယ့် အမေရိကန်အစိုးရသစ်အနေနဲ့ မြန်မာစစ်ကောင်စီလို အာဏာရှင်တွေကို ပြတ်ပြတ်သားသား ဆက်ဆံသွားဖို့ ရှိတယ်လို့ အမေရိကန်-မြန်မာ နိုင်ငံရေးအကဲခတ် ဒေါက်တာထွန်းမြင့်က သုံးသပ်ပါတယ်။ တရုတ်ကို စီးပွားရေးအရ ပစ်မှတ်ထား ဖိအားပေးဆက်ဆံသွားဖို့ ရှိနေတဲ့ ရီပတ်ဘလင်ကန်အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ။
အမေရိကန်ပြည်ထောင်စု Carleton ကောလိပ် နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ ဒေါက်တာထွန်းမြင့်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလင်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရန့် အပြတ်အသတ် အနိုင်ရခဲ့သလို အထက်နဲ့ အောက်လွှတ်တော်မှာဆိုရင်လည်း ရီပတ်ဘလင်ကန်တွေက အများစုအသာစီးရခဲ့ပါတယ်။ အဲဒီတော့ ရီပတ်ဘလင်ကန်တွေ ကြီးစိုးမယ့် အမေရိကန်နိုင်ငံရေးမှာ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအပြောင်းအလဲတွေ ရှိလာနိုင်မလဲ။
ဒေါက်တာထွန်းမြင့် ။ ။ နိုင်ငံခြားရေးမူဝါဒအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလင်ကန် ပါတီတွေရဲ့ နိုင်ငံခြားရေး ကိစ္စတွေကို ချဉ်းကပ်တဲ့အခါ ဒီမိုကရက်တစ်တွေက စကားလုံးကြီးကြီးသုံးမယ်၊ နည်းနည်းစကားပြောကောင်းတယ်။ ရီပတ်ဘလင်ကန်ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒက လက်တွေ့ကျကျ အလုပ်လုပ်လေ့ ရှိတယ်။ သူတို့ပြောတဲ့အတိုင်း လုပ်လေ့ရှိတယ်။ ဒီမိုကရက်တစ်က Diplomacy ကို အားပေးတယ်။ ရီပတ်ဘလင်ကန်က သူတို့ရဲ့ အာဏာကို သူတို့ အားပေးတယ်။ အဲဒီမှာမှ စီးပွားရေးအာဏာနဲ့ စစ်ရေးအာဏာ နှစ်ခုစလုံးကို လက်တွေ့သုံးလေ့သုံးထ ရှိတယ်။
မအင်ကြင်းနိုင် ။ ။ နိုင်ငံခြားရေးမူဝါဒမှာ ရီပတ်ဘလင်ကန်တွေ ကိုင်စွဲလေ့ရှိတဲ့ စီးပွားရေး၊ စစ်ရေး သြဇာအာဏာကို အသုံးပြုဆက်ဆံသွားဖို့ ရှိမယ်လို့ ပါမောက္ခ ဒေါက်တာထွန်းမြင့်က သုံးသပ်သွားတာပါ။ ဒါပေမဲ့ အမေရိကန်ဝါရင့် နိုင်ငံရေးသမားကြီးဖြစ်တဲ့ မစ်ချ်မက်ကောနယ်လိုမျိုး ရီပတ်ဘလင်ကန် အထက်လွှတ်တော်ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ရှိလာမှာဆိုတော့ ရီပတ်ဘလင်ကန်ဘက်က အရင်လို့မဟုတ်ဘဲ ပြည်ပအရေးကို အာရုံစိုက်မှု နည်းနိုင်မလား။
ဒေါက်တာထွန်းမြင့် ။ ။ မနည်းနိုင်ပါဘူး။ ပိုပြီးတော့ Hawkish လို့ ပြောနိုင်တဲ့ နိုင်ငံခြားရေးမူဝါဒကို သုံးသွားနိုင်တယ်။ နောက်တခုက တနိုင်ငံချင်း တနိုင်ငံချင်း ဆက်ဆံရေးတွေမှာ ခွဲခြားပြီးတော့ သင့်တင့်လျောက်ပတ်သလို သူတို့ ရီပတ်ဘလင်ကန်ပါတီရဲ့ မူဝါဒနဲ့အညီ လုပ်သွားလိမ့်မယ်။ ဆိုလိုတာက ဒီမိုကရက်တစ်ရဲ့ မူဝါဒက ယေဘုယျသုံးပြီးတော့ လုပ်လေ့ရှိတယ်။ ကမ္ဘာပေါ်မှာ သူတို့ရဲ့ ခေါင်းဆောင်ကြီးတွေက သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ စံတန်းဖိုးတွေနဲ့ ပြောကြတယ်။ ရီပတ်ဘလင်ကန် ဒါမျိုးပြောတာတွေ မရှိဘူး။ သူတို့က တိုက်ရိုက် သက်ဆိုင်သူတွေနဲ့ သက်ဆိုင်သလို အချက်အလက်ပေါ် မူတည်ပြီးတော့ လုပ်လေ့ရှိတယ်။ တရုတ်နဲ့ ပတ်သက်တာ ပြောကြမယ်။ နောက် ဂါဇာနဲ့ ပတ်သက်တာ၊ Middle East နဲ့ ပတ်သက်တာ၊ အာဖရိကနဲ့ ပတ်သက်တာ၊ ရုရှားနဲ့ ပတ်သက်တာ ကဏ္ဍတခုချင်းကို ခွဲပြီးတော့ လုပ်သွားလိမ့်မယ်။ ဒါက စီးပွားရေးဆန်တဲ့ သမိုင်းကလာတဲ့ လူတွေရဲ့ စဉ်းစားချက် ဖြစ်တယ်။ အဲဒီတော့ ရီပတ်ဘလင်ကန်ပါတီမှာ ရှိတဲ့ လူတွေဟာ စီးပွားရေးအာဏာကို စသုံးလိမ့်မယ်။ စီးပွားရေးအာဏာပြီးရင် နောက်ကနေ Backing အနေနဲ့ စစ်ရေးအာဏာကို သူတို့ သုံးသွားလိမ့်မယ် ဖြစ်တယ်။
မအင်ကြင်းနိုင် ။ ။ အဲဒီတော့ သမ္မတဟောင်း ဒေါ်နယ်လ်ထရန့် အရင် လေးနှစ်သက်တမ်းတုန်းက တရုတ်နဲ့ စီးပွားရေးဆက်ဆံမှုပိုင်းမှာ အတော်လေး တင်းမာခဲ့သလို တရုတ်ပစ္စည်းတွေပေါ်မှာ ကောက်ခံတဲ့ အခွန်ကို မြှင့်တင်ခဲ့တာပါ။ နှစ်နိုင်ငံ စီးပွားရေးမှာ ထိခိုက်မှုတွေ ရှိခဲ့ပေမဲ့ ထရန့်က တရုတ်နဲ့ ပတ်သက်ရင် စီးပွားရေးအရ ပြတ်သားတဲ့ မူဝါဒအခိုင်အမာ ရှိနေတယ်လို့ ပါမောက္ခ ဒေါက်တာထွန်းမြင့်က သုံးသပ်ပါတယ်။
ဒေါက်တာထွန်းမြင့် ။ ။ စီးပွားရေးနဲ့ ပတ်သက်ရင် ပြတ်ပြတ်သားသားလုပ်မယ့် မူဝါဒတွေ ပေါ်လာလိမ့်မယ်။ အထူးသဖြင့် Elon Musk ကတော့ Tesla, Starlink, X ကုမ္ပဏီရဲ့ CEO ကိုယ်တိုင် ကူညီပြီးတော့ ထရန့်နိုင်အောင် လုပ်ခဲ့တဲ့ သမိုင်းတိုလေး - နှစ်ပတ်သုံးပတ်တွင်း သမိုင်းတိုလေးကို ကြည့်မယ်ဆိုရင် တရုတ် EV ကားတွေရဲ့ အခွန်ကောက်ခံမှု မြင့်လာနိုင်တယ်။ ဒါက သူ့ရဲ့ စီးပွားရေး အကျိုးအတွက် ကာကွယ်မယ့် လုပ်ငန်းတွေအားလုံး အခွန်တွေ တင်လာလိမ့်မယ်။ တင်လာတဲ့အခါကြရင် တရုတ်နိုင်ငံရဲ့ စီးပွားရေးတွေက ကသောင်းကနင်း ဖြစ်လာလိမ့်မယ်။ ဒါက ပထမဦးဆုံး စီးပွားရေးအာဏာကို သုံးပြီးတော့ ရီပတ်ဘလင်ကန် နိုင်ငံခြားရေးမူဝါဒကို အဲဒီလိုသွားလိမ့်မယ်။ အဲဒီလိုလုပ်လို့မှ တရုတ်က နားမထောင်ဘူး၊ လုပ်စရာရှိတာ မလုပ်ဘူးဆိုရင်တော့ နောက်ဆုံး စစ်ရေးအထိ သွားတဲ့အထိ ပြင်ဆင်ထားပြီးသား ဖြစ်တယ်။ အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေး အစီအစဉ်ထဲမှာ National Security Establishment ထဲမှာ။ Scenario ကတော့ ဒီ Game ကို ဒီလိုလုပ်မယ်၊ ဒီလိုမလုပ်လို့ရှိရင် ဒါလာမယ်။ ရီပတ်ဘလင်ကန်ပါတီက ဒီလိုမျိုးလုပ်တဲ့အခါမှာ တိကျလေ့ရှိတယ်။ အဲဒီတော့ အဲဒီနည်းနဲ့ သွားတဲ့အခါမှာ ကမ္ဘာပေါ်မှာရှိတဲ့ အာဏာရှင်တွေအနေနဲ့ သိပ်ပြီးတော့ မချောင်ဘူးဆိုတာမျိုး ဖြစ်လာလိမ့်မယ်။
မေး ။ ။ အဲဒီလိုဆိုရင် အာဏာရှင်နိုင်ငံတွေအပေါ် သက်ရောက်မှုတွေ ရှိလာလိမ့်မယ်ဆိုတဲ့အပိုင်းကို မေးချင်ပါတယ်။ ဘယ်လို ပုံစံမျိုး သက်ရောက်နိုင်မလဲ။ အခုဆိုရင် တရုတ်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်ကို ဖိတ်ခေါ် ပြီးတော့ နေရာပေး ဆက်ဆံတာတွေ လုပ်ဆောင်လာပြီး မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေ ပြန်ပြီးအကောင်အထည်ဖေါ်ဖို့ တွန်းအားပေးတာတွေ ရှိနေတာဆိုတော့ ထရန့်အစိုးရသစ်နဲ့ နိုင်ငံခြားရေးမူဝါဒက စစ်ကောင်စီအပေါ် ဘယ်လို သက်ရောက်မှုတွေ ရိုက်ခတ်မှုတွေ ရှိနိုင်မလဲ။
ဒေါက်တာထွန်းမြင့် ။ ။ ထရန့်ကတော့ အဲဒီလောက် စဉ်းစားပြီးတော့ လုပ်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ကို ဝိုင်းရံထားတဲ့ အကြံပေးတွေနဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ် ခေါင်းဆောင်တွေက လုပ်သွားမှာ ဖြစ်တယ်။ အဲဒီခေါင်းဆောင်တွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံခြားရေးဆိုင်ရာ NGOs တွေ ရှိလိမ့်မယ်။ International NGOs တွေ ရှိမယ်။ USAID မှာရှိတဲ့ ခေါင်းဆောင်တွေ ရှိမယ်။ State Department ရှိတဲ့ အထူးသဖြင့် ထိပ်ပိုင်းခေါင်းဆောင်တွေ Director General အဆင့် ခေါင်းဆောင်တွေကနေ မြန်မာ့အရေးကို အကောင်အထည်ဖော် လုပ်ဆောင်သွားလိမ့်မယ်။ အဲဒီတော့ ချဉ်းကပ်ရမှာက တရုတ်နဲ့ ပတ်သက်ပြီး သူတို့ ဘယ်လိုစတင်ပြီး လုပ်မလဲဆိုရင် ထရန့်အနေနဲ့ အခွန်တိုးမြှင့်တာကို လုပ်မယ်။ ဆယ်ရာခိုင်နှုန်းက နှစ်ဆယ်ရာခိုင်နှုန်း မြှင့်မယ်ဆိုတာကို သူကိုယ်တိုင် ပြောထားတယ်။ အဲဒီတော့ အခွန်မြှင့်တင်မယ်ဆိုတာ တရုတ်ရဲ့ စီးပွားရေး ကုမ္ပဏီတွေက အမေရိကန်နိုင်ငံကို ကုန်တင်သွင်းတဲ့အခါမှာ အကောက်ခွန်က အခွန်ကောက်လိမ့်မယ်။ ကောက်တဲ့အခါမှာ တရုတ်ကလာတဲ့ ပစ္စည်းတွေ ဈေးကြီးလာမယ်။ ဈေးကြီးတဲ့အပြင် အမေရိကန်နိုင်ငံမှာ တရုတ် ပစ္စည်းတွေ မယုံကြည်တဲ့ စားသုံးသူတွေကလည်း များတော့၊ ဘာကိုလုပ်မလဲဆိုရင် တရုတ်က စီးပွားရေးသမားဖြစ်တော့ Make in USA ရဲ့ Quality, Brand ကို သူသိတော့ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်လိမ့်မယ်။ မြှင့်တင်တဲ့အခါမှာ ထုတ်လုပ်ရေးမှာ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ Tissue ကအစ ကုန် ပစ္စည်းတွေကို ပြည်တွင်းမှာ။ သို့မဟုတ် မက်ဆီကို၊ ကနေဒါတို့ကို သုံးလာလိမ့်မယ်။ အဲဒီလို တရုတ်နိုင်ငံရဲ့ စီးပွားရေးဈေးကွက်ကို ကျဉ်းအောင်လုပ်လိမ့်မယ်။ အဲဒီကျဉ်းတဲ့အပေါ်မှာ Director General အဆင့်ရှိတဲ့ ခေါင်းဆောင်တွေအနေနဲ့ ရုရှား၊ မြောက်ကိုရီးယားတို့နဲ့ ကိုင်တွယ်တဲ့အခါ Soft Power ကို သုံးမယ်။ စီးပွားရေးကြိုးနဲ့ ဆွဲကြည့်မယ်။ ဆွဲလို့ အမေရိကန်ရဲ့ လိုလားချက်အတိုင်း မလိုက်ဘူးဆိုလို့ရှိရင် စစ်ရေးဆိုင်ရာအထိ လိုက်လာနိုင်တယ်ဆိုတာကို ကြိုပြောထားပြီးသား ဖြစ်တယ်။ အဲဒီတော့ အမေရိကန်သမ္မတ တစ်ယောက်ချင်းတိုင်းမှာ စစ်တပွဲခင်းလေ့ ရှိတယ်။ အဲဒီတော့ လာမယ့် လေးနှစ်အတွင်းမှာ ဘယ်ကို ခင်းမလဲ၊ ဘယ်ကို ဦးတည်မလဲဆိုတာတော့ စောင့်ကြည့်ရလိမ့်မယ်။
ကျနော်တို့ Mapping လုပ်ကြည့်လို့ ရပါတယ်။ အခုလက်ရှိ အနေအထားမှာ တရုတ်ရဲ့ အစွယ်ပြနေတဲ့ လက်မောင်းပြနေတဲ့ အရာကို မဆုတ်ဘူးဆိုရင် တရုတ်ကို တီကောင်ကို ဆားနဲ့ဖြူးလိုက်သလို တုန့်သွားအောင် လုပ်လိမ့်မယ်။ လုပ်တယ်ဆိုရင် တရုတ်က ဘယ်လိုတန်ပြန်တုံ့ပြန်မလဲပေါ် မူတည်လိမ့်မယ်။ တရုတ်အနေနဲ့ သူ့အိမ်တွင်းစီးပွားရေးကို ခလောက်ဆန်အောင် သူ လုပ်လိမ့်မယ်။ အပေးအယူ Give and Take က South China Sea နဲ့ North Korea, Russia ကိစ္စကို သူ ရှင်းလိမ့်မယ်။ အဲဒီနည်းနဲ့ ကြည့်မယ်ဆိုရင် စီးပွားရေး မူဝါဒကို တရုတ်ကို တည့်တည့်ကို ပြောထားတာ အခွန်ကို ၂၀ ရာခိုင်နှုန်းအထိ ကောက်သွားမယ်ဆိုတာကို ပြောထားတယ်။ ဒါက ရှင်းတယ်။
မအင်ကြင်းနိုင် ။ ။ အဲဒီတော့ နွေဦးတော်လှန်ရေးမှာ ဦးဆောင်မှုအခန်းမှာရှိနေတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပတ်သက်ရင် ဘယ်လို အပြောင်းအလဲတွေ ရှိနိုင်မလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘိုင်ဒန်အစိုးရလက်ထက်မှာ NUG အစိုးရအပေါ် အသိအမှတ်ပြု ဆက်ဆံတာရှိတော့ အခု ထရန့် အာဏာပြန်ရလာတဲ့အခါမှာ NUG နဲ့ ပတ်သက်ပြီး ဘယ်လိုဆက်ဆံသွားမယ်လို့ သုံးသပ်ပါလဲ။
ဒေါက်တာထွန်းမြင့် ။ ။ ထရန့်အနေနဲ့ ကုလားထိုင်မှာ ထိုင်ပြီးနေတဲ့ကောင်တွေကို စိတ်မဝင်စားဘူး။ အလုပ် တကယ်ကွင်းထဲမှာ ဆင်းပြီးတော့ လုပ်နေတဲ့ အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကို သူ စိတ်ဝင်စားတယ်။ အဲဒီတော့ ရီပတ်ဘလင်ကန်ပါတီကလည်း တကယ် အလုပ်လုပ်တဲ့ကောင်တွေက ဘယ်သူတွေလဲ။ လက်တွေ့မှာ တကယ်ရှိနေတဲ့ လူတွေက ဘယ်သူတွေလဲ။ အဲဒီတော့ NUG နဲ့ ပတ်သက်လို့ ထိုင်စောင့်တဲ့ မူဝါဒနဲ့ သွားမယ်ဆိုရင်တော့ အမေရိကန်က ဒါလေးလုပ်ပေးပါ။ လုပ်ဖို့ရာကို ထိုင်စောင့်တဲ့ မူဝါဒနဲ့ သွားမယ်ဆိုရင်တော့ ထရန့်က သိပ်ပြီးတော့ ဂရုစိုက်မှာ မဟုတ်ဘူး။ သို့သော် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်အောင် တကယ်လုပ်နေတဲ့ အဖွဲ့တွေက ဘာတွေလဲ၊ ဘယ်အဖွဲ့တွေလဲဆိုတာကို USAID, State Department တို့က လက်တွေ့ကျကျ ကွင်းဆင်းလေ့လာလိမ့်မယ်။ လေ့လာပြီးလို့ရှိရင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို သုံးသပ်လိမ့်မယ်။ အဲဒီတော့ ရှင်းရှင်းပြောရမယ်ဆိုရင် ထရန့်ရဲ့ စီးပွားရေး network ကို ကောင်းကောင်းနားလည်ဖို့ လိုအပ်တယ်။ သူနဲ့ သူ့မိတ်ဆွေတွေ network ကို နားလည်တယ်ဆိုရင် အဲဒီ network တွေကို ချဉ်းကပ်ပြီးတော့ မြန်မာနိုင်ငံနဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒကိုချတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ချမယ်ဆိုရင် NUG အနေနဲ့ ရလိမ့်မယ်။ ဆိုလိုတာက ထိုင်နေလို့ မရဘူး၊ စကားပြောနေရုံနဲ့ မရဘူး၊ တကယ်အလုပ်လုပ်ပြရမယ်။ အဲဒါမျိုးကို ထရန့်က လိုလားတယ်။ အဲဒီလိုမျိုးလူကိုလည်း သူက ပိုကြိုက်တယ်။
မအင်ကြင်းနိုင် ။ ။ အဲဒီတော့ မြန်မာစစ်တပ်နဲ့ သူကို ထောက်ခံတဲ့ အသိုင်းအဝိုင်းတွေထဲမှာ ထရန့်ကို ကြိုက်နှစ်ကြတဲ့သူ အများအပြားရှိတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ကျမတို့ကို ပြောပါတယ်။ ဒါပေမဲ့ ဆရာ သုံးသပ်ချက်ထဲမှာ ထရန့် ဦးဆောင်မယ့် အစိုးရသစ်လက်ထက် နိုင်ငံခြားရေးမူဝါဒက အတော်လေး ပြတ်ပြတ်သားသားရှိမယ့် အနေအထားမှာ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ရင် အမေရိကန်အစိုးရသစ်က ဘယ်လိုသဘောထားမျိုးနဲ့ ဆက်ဆံသွားမယ့် အခြေအနေမျိုး ရှိမယ်လို့ သုံးသပ်ပါလဲ။
ဒေါက်တာထွန်းမြင့် ။ ။ သူတို့ ထောက်ခံတာက ထရန့်နဲ့ Personality အလုပ်ကို လုပ်တဲ့အခါမှာ ပြတ်ပြတ်သားသား ပြောတဲ့အတိုင်း ဘောင်ချပြီးလုပ်တဲ့ ပုံစံမျိုးကို သူတို့ ကြိုက်ကြတာ ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ သူတို့ကြိုက်တဲ့အရာက သူတို့ကို ခက်ခက်ခဲခဲ ဖြစ်လာအောင် လုပ်လာနိုင်မယ်ဆိုတာကို မမြင်လို့ ဖြစ်ပါလိမ့်မယ်။ နောက်တခုက ထရန့်က အဲဒီလိုမျိုး Personal Trait ရှိပုံကလည်း အဓိက မြန်မာနိုင်ငံနဲ့ တရုတ်နဲ့ အရေးတွေမှာ ကြမ်းခင်းထားတဲ့ လမ်းကို ကြည့်ရမှာ ဖြစ်တယ်။ ဆိုလိုတာက Director General အဆင့်ရှိတဲ့ လူတွေ၊ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒ လုပ်ထားသူတွေကို ကြည့်ရမှာ ဖြစ်တယ်။ အဲဒီလိုမျိုး ကြည့်တယ်ဆိုရင် အဲဒီလူတွေကပဲ ဦးဆောင်သွားမှာ ဖြစ်တယ်။ အဲဒီလူတွေကို ဘယ်သူတွေနဲ့ အစားထိုးသွားမလဲဆိုတာ - ဉပမာ Derek Chollet တို့လို လူမျိုးကို ဘယ်သူတွေနဲ့ အစားထိုးသွားမလဲဆိုတော့ ထရန့်ရဲ့လူတွေက လုပ်သွားတာ ဖြစ်တယ်။ ရီပတ်ဘလင်ကန်ပါတီက ရွေးမှာ ဖြစ်တယ်။ ရွေးပြီးတော့ ခန့်အပ်လိမ့်မယ်။ အဲဒီလူတွေ လုပ်ခဲ့တဲ့သမိုင်းနဲ့ action ကို ကြည့်ရမယ်။ ကြည့်မယ်ဆိုရင် အဲဒီလူတွေက မူဝါဒကို ချမှတ်သွားမှာ ဖြစ်တယ်။ On the ground လုပ်မယ့် အလုပ်တွေကို ချမှတ်သွားမှာ ဖြစ်တယ်။ ထရန့်အနေနဲ့ မူဝါဒ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဒီအာဏာရှင်ကို ရှင်းလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်လက်ထဲကို အရောက်မခံလိုဘူး။ ဆိုလိုတာက တရုတ်ကို အမေရိကန်အနေနဲ့ Rival Power အနေနဲ့ သုံးလာလို့ရှိရင် သူနဲ့ ဝိုင်းရံနေတဲ့ အာဏာရှင်တွေကို သူ အရင်ဆုံး ရှင်းမှာ ဖြစ်တယ်။ အောက်ခြေ နိုင်ငံခြားရေး မူဝါဒ စဉ်းစားတဲ့လူတွေအနေနဲ့။
အဲဒီတော့ ထရန့်ကို ကြိုက်တဲ့ စစ်ခေါင်းဆောင်တွေက ကြိုက်လို့ရပါတယ်။ ကြိုက်ရင်လည်း သူတို့ ကြိုက်သလို ဖြစ်လာပါလိမ့်မယ်။ သူတို့ကြိုက်တာက Personal Trait ပေါ့။ လူတယောက်ရဲ့ စရိုက်ကို ကြိုက်တာ ဖြစ်ပါလိမ့်မယ်။ မူဝါဒအရ ကြည့်မယ်ဆိုရင် သူတို့အတွက် အခက်အခဲ ပိုပြီးတော့ တွေ့လာလိမ့်မယ်။ အဲဒီမှာမှ ဘယ်ပေါ်မူတည်မလဲဆိုရင် NUG မှာ ရှိတဲ့ ခေါင်းဆောင်တွေအနေနဲ့ အလုပ်တကယ် လုပ်နိုင်စွမ်းရှိသလား။ တော်လှန်ရေးနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို တကယ်ခေါင်းဆောင်နိုင်စွမ်း ရှိတဲ့ လူတွေလားဆိုတာကို မေးခွန်း ကွက်ကွက်ကွင်းကွင်း မေးကောင်းမေးလာပါလိမ့်မယ်။ မေးလာရင် သူတို့ တိတိကျကျ လုပ်လာပါလိမ့်မယ်။