လက်နက်တွေ အစ္စရေး မပို့ဖို့ Democrat အမတ်တွေ တောင်းဆို

အမေရိကန်သမ္မတ Joe Biden နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း Nancy Pelosi (D-CA)

ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်နေတဲ့ အစ္စရေးကို အမေရိကန်က လက်နက်တင်ပို့မှု ရပ်ဆိုင်းထားဖို့ အမေရိကန် Democrat ပါတီဝင် အောက်လွှတ်တော်အမတ် ၄၀ က သမ္မတ Joe Biden ကို တောင်းဆိုလိုက်ပါတယ်။ အမေရိကန်အခြေစိုက် World Central Kitchen ပရဟိတအဖွဲ့ဝင် ၇ ယောက်သေဆုံးခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုကို အပြည့်အဝ စုံစမ်းပေးဖို့နဲ့ ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ နိုင်ငံတကာဥပ‌ဒေတွေ ချိုးဖောက်မှု ရှိမရှိ မသိရခင် အစ္စရေးအတွက် လက်နက်တင်ပို့မှုတွေ ရပ်ထားဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း Nancy Pelosi အပါအဝင် Democrat လွှတ်တော်အမတ်တွေက သမ္မတ Biden ကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုခဲ့ကြတာပါ။

အစ္စရေးအတွက် အမေရိကန်လွှတ်တော်က အရင်ထဲက ခွင့်ပြုထားတဲ့ စစ်လက်နက်တွေ ပို့ပေးမယ်လို့ သမ္မတ Biden က မကြာခင်ကပဲ ကြေညာထားချိန်မှာ သမ္မတရဲ့ ပါတီထဲက သူ့အပေါ်ထောက်ခံသူတွေက ဒီဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ အလေးအနက် တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားအပါအဝင် နိုင်ငံစုံက ပရဟိတကူညီသူတွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ တမင်ရည်ရွယ်တာ မဟုတ်တဲ့ မှားယွင်းမှု ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြောကြားခဲ့တဲ့အတိုင်း မှန်တယ်ဆိုရင်လည်း လုံးဝလက်မခံနိုင်တဲ့ မှားယွင်းမှုဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာထဲမှာ လွှတ်တော်အမတ်တွေက ပြောကြားထားပါတယ်။

ဂါဇာဒေသထဲမှာ ရှိနေတဲ့ အပြစ်မဲ့ပြည်သူတွေ၊ လူသားချင်းစာနာ အကူအညီပေးနေသူတွေ မထိခိုက်အောင် အစ္စရေးက မလုပ်သရွေ့ ဂါဇာဒေသထဲကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ဆောင်ပေးနိုင်အောင် အစ္စရေးက လက်တွေ့ဆောင်ရွက် မပေးသရွေ့ လက်နက်ပို့ဆောင်မှုတွေကို ရပ်ထားပါလို့ Democrat အောက်လွှတ်တော်အမတ်တွေက တိုက်တွန်းပါတယ်။ Democrat ပါတီမှာရော ဝါရှင်တန် နိုင်ငံရေးလောကမှာပါ ဩဇာညောင်းတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း Nancy Pelosi ဟာ အစ္စရေးအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို အမြဲအားပေးလာသူတယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဂါဇာမှာ အစ္စရေးတို့ စစ်ဆင်နေတဲ့ ၆ လအတွင်း ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၃ သောင်းကျော် သေဆုံးနေတာကြောင့် အမေရိကန်အစိုးရက အစ္စရေးစစ်တပ်ကို ထောက်ပံ့ကူညီမယ့်ကိစ္စအပေါ် လူသိရှင်ကြား ကန့်ကွက်ကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။