ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး တိုးချဲ့ဖို့ လွှတ်တော် တင်

ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။

ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ လုံလောက်တဲ့ တည်ငြိမ်အေးချမ်းမှု မရှိသေး တာကြောင့် စစ်အုပ်ချုပ်ရေး သက်တမ်းကို နောက်ထပ် ရက် ၉၀ ထပ်မံ တိုးမြှင့်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအဆိုကို မနက်ဖန်မှာ လွှတ်တော် ကိုယ်စားလှယ်တွေဆွေးနွေးပြီး အတည်ပြု မပြု ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အရေးပေါ် အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေး အမိန့်ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။ အရေးပေါ် အခြေအနေ ကြေညာတဲ့ကာလဟာ လာမယ့် တနင်္ဂနွေနေ့မှာ ရက်ပေါင်း၉၀ပြည့်တော့မှာ ဖြစ်တာကြောင့် ထပ်မံသက်တမ်းတိုးဖို့ ဒီကနေ့ လွှတ်တော်မှာ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ အဆိုတင်ခဲ့ပါတယ်။

"စတင်အပ်နှင်းခဲ့တဲ့ ၂၀၁၅ ဖေဖဝါရီလ ၁၇ ရက်မှ ရက်ပေါင်း ၉၀ ပြည့်မယ့် ၂၀၁၅ မေလ ၁၇ ရက်နေ့အထိ ကာလအတွင်း ဒီဒေသရဲ့ နိုင်ငံရေး လုံခြုံရေး စီးပွါးရေး တရားစီရင်ရေးနဲ့ စီမံခန့်ခွဲမှု အခြေအနေတွေဟာ မူလ အခြေအနေ ကို ပြန်လည်ရောက်ရှိခြင်း မရှိသေးတဲ့အတွက် နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁၂ (ဃ) မှ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျှက် သတ်မှတ် အချိန်ကာလ တိုးမြှင့်ပေးရန် လိုအပ်လျှက်ရှိပါတယ်။

ဒါကြောင့်မို့လို့ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း အရေးပေါ် အခြေအနေ ကြေညာ ထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အား ထပ်မံ၍ ရက်ပေါင်း ၉၀အထိ ဆက်လက်ပြီး အတည်ဖြစ်စေနိုင်ရေး အတွက် အထက်ပါ ပြဌာန်းချက်နဲ့ အညီ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် နိုင်ငံတော်သမ္မတ၏ ကိုယ်စား ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ကျနော် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် ကနေပြီးတော့မှ လေးစားစွာဖြင့် အဆို တင်သွင်းအပ်ပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျား"

မနက်ဖြန် မနက် ၁၀နာရီမှာတော့ ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး တိုးမြှင့်ရေးနဲ့ ပတ်သက်တာကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုမှာ ဖြစ်ပါတယ်။ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ဦးစိုင်းမောင်တင်က ကိုးကန့်အရေး ကိစ္စကို နိုင်ငံရေး အရ ဆွေးနွေးအဖြေရှာဖို့လည်း လိုအပ်မယ်လို့ သုံးသပ်ပါတယ်။

"သတ်တမ်းကတော့ တိုးဖို့တော့လိုအပ်မယ်။ ဒါပေမယ့် ကျနော်ပြောတာ ဘယ်လိုဖြစ်နေနေ နိုင်ငံရေးဆွေးနွေးမှု မပါဘဲနဲ့တော့ မရနိုင်ပါဘူး။ စစ်ရေးနဲ့ ဖြေရှင်းလာတာ ကျနော်တို့ နှစ်ပေါင်း ၅၀ ၆၀ ဖြစ်နေပါပြီ။ ဟုတ်တယ် မဟုတ်လား။ နိုင်ငံရေးအရ ဖြေရှင်းမှပဲ တိုင်းပြည်က အေးချမ်းမှာကိုး။ ဖြစ်တဲ့ကိစ္စ အပေါ်မှာကျနော့် အနေနဲ့က ဒါက စိတ်ရှည်ပြီးမှ အစိုးရဘက် ကလည်း စိတ်ရှည် သည်းခံပြီးတော့ လက်တွဲခေါ်သင့်တယ်လို့ ကျနော်အနေနဲ့ အဲလိုပဲမြင်တယ်"

ကိုးကန့်ဒေသခံတဦးကတော့ လက်ရှိကိုးကန့်အခြေအနေကြောင့် စစ်အုပ်ချုပ်ရေး သက်တမ်း ထပ်တိုးဖွယ် ရှိတယ်လို့ ပြောပါတယ်။

"အင်း အခုအထိတော့ မပြီးသေးတဲ့ အနေအထားရှိတယ်။ သတ်တမ်းတိုးဖို့ အလားအလာ လိုအပ်နေမယ့် အနေအထား ရှိရင်ရှိနိုင်ပါတယ်"

ကိုးကန့်ဒေသမှာဖေဖော်ဝါရီလ ၉ရက်နေ့မှာ တိုက်ပွဲတွေ စတင်ခဲ့ တာကြောင့် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် ခဲ့ရပြီး ၁၇ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့သလို စစ်အုပ်ချုပ်ရေး အမိန့်ကိုလည်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လောလောဆယ် မှာတော့ ကိုးကန့်ဒေသရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေး ကိစ္စရပ်တွေ ကို လောက်ကိုင် ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ် ၊ ဒေသကွပ်ကဲရေးမှုး ဗိုလ်မှုးကြီး စောမြင့်ဦးက တာဝန်ယူထားတာဖြစ်ပါတယ်။ ဒီရက်ပိုင်းအထိတော့ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။