ဒီဇင်ဘာလ ၁၉ရက်နေ့က ထိုင်းနိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ ရှေ့နှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အိမ်နီးချင်းနိုင်ငံတွေကို ရှင်းလင်းပြောဆိုပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်နဲ့ ပြည်ပက လေ့လာသူတွေ လာရောက်ခွင့်ပြုနိုင်ခြေ၊ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ထားတဲ့အခြေအနေတွေနဲ့ သန်းခေါင်စာရင်း ကောက်ခံထားတဲ့ အခြေအနေတွေကိုလည်း တွေကို ဦးသန်းဆွေက ရှင်းလင်း ပြောဆိုခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
မနေ့ ဒီဇင်ဘာလ ၁၉ရက်နေ့က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ညှိနှိုင်း အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုနိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဟာ အိမ်နီးချင်းနိုင်ငံအားလုံးအပေါ် ရိုက်ခတ်နေပြီး၊ အိမ်နီးချင်း နိုင်ငံအားလုံးက မြန်မာနိုင်ငံ တည်ငြိမ် ငြိမ်းချမ်းတာကို တွေ့မြင်လိုတဲ့အကြောင်း ရေးသားထားပါတယ်။ အစည်းအဝေးဟာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံ ငါး နိုင်ငံအကြား ပထမဆုံး တွေ့ဆုံတဲ့ အစည်းအဝေးလို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က နယ်မြေနဲ့ စစ်စခန်းတွေ တော်တော်များများ လက်လွှတ်ဆုံးရှုံးနေရချိန်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပါတယ်။
အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်သလို၊ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းနဲ့ နိုင်ငံရေး ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်တဲ့အကြောင်း ပြောဆိုနေပါတယ်။