ရွေးကောက်ပွဲ မပျက်မကွက်မဲပေးကြဖို့ ကန်သံအမတ် တိုက်တွန်း

  • ဇော်ဝင်းလှိုင်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell

ဒီမိုကရေစီစနစ်နဲ့အညီ ကျင်းပတဲ့ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေဟာ အရေးအပါဆုံးဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် သမိုင်းဝင်ရွေးကောက်ပွဲမှာ တိုင်းပြည်မှာ ဘယ်သူ့ကို ခေါင်းဆောင်သင့်တယ်ဆိုတာ မြန်မာပြည်သူတွေအနေနဲ့ မဲပေးရွေးချယ်ကြဖို့ အမေရိကန် သံအမတ်ကြီး Derek Mitchell က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း ဒီ အရေးပါတဲ့ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံသားတွေကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးနေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းမယ့် အထွေထွေရွေးကောက်ပွဲအတွက် အမေရိကန်အစိုးရက နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေကတဆင့် ရွေးကောက်ပွဲဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနေခဲ့တာပါ။

အခုလည်းရွေးကောက်ပွဲကျင်းပဖို့ သီတင်းပတ် တပတ်တောင်မလိုတော့တဲ့အချိန်မှာ ဒီရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ တိုင်းပြည်ကို ဘယ်သူက ဦးဆောင်မလဲဆိုတာကို ရွေးချယ်ကြရမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာအရေးအပါဆုံးဖြစ်တဲ့ မဲဆန္ဒရှင်ပြည်သူ ပြည်သားတွေအနေနဲ့ မဲပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က Skynet ရုပ်သံအစီအစဉ်ကတဆင့် တိုက်တွန်း ပြောကြားလိုက်တာပါ။

“ဒီရွေးကောက်ပွဲဟာ ကျနော်တို့အတွက် မဟုတ်ပါဘူး၊ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေရဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ လာမယ့် ၅ နှစ်အတွင်း တိုင်းပြည်ကို ဘယ်သူက ဦးဆောင်စေချင်သလဲဆိုတာကို တိုင်းသူ ပြည်သားတွေအနေနဲ့ မဲပေး ရွေးချယ်ခွင့် ရကြမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းမှာ အင်မတန် အရေးကြီးတဲ့ အခါသမယ ဖြစ်ပါတယ်။”

ဒီမိုကရေစီစနစ်မှာ အရေးအပါဆုံးပုဂ္ဂိုလ်ဟာ သမ္မတမဟုတ်သလို နိုင်ငံရေးသမားတွေလည်းမဟုတ်တဲ့အကြောင်း၊ ဒီမိုကရေစီစနစ်မှာ အရေးအပါဆုံးက တိုင်းသူ ပြည်သားတွေသာဖြစ်တဲ့အကြောင်း ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း သမ္မတ Barack Obama မြန်မာနိုင်ငံကိုလာသွားတုန်းက ဒီမိုကရေစီ စနစ်မှာ အရေးအပါဆုံးက ဘယ်သူလဲဆိုတာနဲ့ပတ်သက်လို့ ပြောကြားသွားတာကို သံအမတ်ကြီး Derek Mitchell က ပြန်လည် ကိုးကား ပြောဆိုသွားပါတယ်။

ဒါကြောင့် အခု မြန်မာနိုင်ငံသားတွေအနေနဲ့ အဲဒီအခွင့်အရေးအတိုင်း ကိုယ့်တိုင်းပြည်ကို ဘယ်သူ ဦးဆောင်မယ်ဆိုတာကို မဲပေးရွေးချယ်ခွင့် ရကြတော့မယ်လို့ သံအမတ်ကြီး Derek Mitchell က ဆက်ပြောပါတယ်။

“ကိုယ့်ကို ဘယ်သူ ဦးဆောင်စေချင်သလဲဆိုတာနဲ့ပတ်သက်လို့ ဒီနိုင်ငံက တိုင်းသူ ပြည်သားတွေအနေနဲ့ ရွေးချယ်ခွင့် ရကြတော့မှာပါ။ ကိုးကွယ်ရာ လူမျိုး၊ ဘာသာ၊ မျိုးနွယ်စုမရွေး လူတစ်ဦးချင်း တစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ကို ဘယ်သူက ဦးဆောင်မှုပေးစေချင်သလဲဆိုတာကို ရွေးကောက်ပွဲနေ့မှာ တန်းတူ အခွင့်အရေးရှိပြီး မဲပေးခွင့်ရဖို့အတွက် ကျနော် ဆိုလိုတာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန် အရေးကြီးတဲ့အချက်ပါ။”

အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကူညီ ပံ့ပိုးပေးနေတာတွေနဲ့ ပတ်သက်လို့လည်း သံအမတ်ကြီး Derek Mitchell က အခုလို ဆက်ပြောပါတယ်။

“ဒီရွေးကောက်ပွဲဖြစ်စဉ်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကူညီ ထောက်ပံ့ပေးသွားမှာပါ။ ကျနော်တို့အနေနဲ့ အကူအညီလည်း ပေးနေပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့ကျရင် မဲရုံတွေမှာ စောင့်ကြည့်နိုင်အောင် နိုင်ငံရေးပါတီတွေကို ကျနော်တို့ အကူအညီ ပေးခဲ့ပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်နိုင်ဖို့အတွက် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ သင်တန်းတွေ ပို့ချပေးထားပါတယ်။ ရွေးကောက်ပွဲနေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို နိုင်ငံတကာက စောင့်ကြည့်သူတွေ လေ့လာစောင်ကြည့်မှုကိုလည်း ကျနော်တို့ ကူညီ အားပေးနေပါတယ်။”

ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရမယ်ဆိုတဲ့အချက်အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိတ်ဝင်စားမှုမရှိပေမယ့်လည်း ရွေးကောက်ပွဲရလဒ်ဟာ မဲဆန္ဒရှင်တွေရဲ့ သဘောထားကို ထင်ဟပ်တယ်ဆိုတဲ့ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု ရှိတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုလားကြောင်း သံအမတ်ကြီး Derek Mitchell က ပြောပါတယ်။ ဒါကြောင့်လည်း ဒီရွေးကောက်ပွဲဟာ မဲပေးပြီးယုံနဲ့ ပြီးဆုံးသွားတာမဟုတ်ပဲ နောက်လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲနေ့မှာ မဲပေးပြီးယုံနဲ့ ဒီကိစ္စဟာ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပြည်သူလူထုအပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေ အတူလက်တွဲပြီး လာမယ့် ဧပြီလမှာ ပြုလုပ်မယ့် အာဏာလွဲပြောင်းမှု အဆင်ပြေချောမွေ့စေအောင် ရွေးကောက်ပွဲပြီးတဲ့နောက် သီတင်းပတ်တွေနဲ့ချီပြီး ရက်ပေါင်းများစွာ ကြာတဲ့အထိ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်ကြပြီး တိုင်းပြည်အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက် အကောင်အထည် ဖော်သွားကြရမှာ ဖြစ်ပါတယ်။”

ဒီဖြစ်စဉ်တခုလုံးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အနီးကပ်စောင့်ကြည့်နေမှာ ဖြစ်သလို ပံ့ပိုး ကူညီပေးသွားမယ်လို့ သံအမတ်ကြီး Derek Mitchell က ပြောကြားသွားပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချူပ် ဘန်ကီမွန်းကလည်း မကြာခင် ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲအတွင်း ဘာသာရေး၊ လူမျိုးရေးအရ မုန်းတီးမှုတွေ ဖြစ်ပေါ်စေမယ့် အသုံးအနှုန်းတွေကို ရှောင်ကျဉ်းကြဖို့ နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်း လိုက်တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က နိုဝင်ဘာလ ၂ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ - လူမှုအသိုင်းအဝိုင်းတွေကြား မပြေမလည်ဖြစ်စေမယ့် အမုန်းစကား ပြောဆိုမှုတွေ ဆက်လုပ်နေတာနဲ့ လူအများစု အသိုင်းဝိုင်းကြားက အစွန်းရောက်တွေက ဘာသာရေးကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အသုံးချနေတာတွေ တွေ့နေရတာမို့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် အထူးစိုးရိမ်မိကြောင်း အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက တိုက်တွန်း ပြောကြားပါတယ်။”

ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေကို နိုဝင်ဘာလ ၆ ရက်နေ့ နောက်ဆုံထား ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေရဲ့ အမည်စာရင်းတွေကို ထုန်ပြန်နေတာမှာ တတိယအကြိမ်နဲ့ အပြီးသတ် မဲစာရင်းဆိုပြီး တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မဲစာရင်းမှန်မမှန် စစ်ဆေးဖို့ ပိုခက်သွားစေတယ်လို့ အတိုက်အခံပါတီတွေက ထောက်ပြ ပြောဆိုနေကြပါတယ် ခင်ဗျား။