ဖမ်းဆီးခံဆန္ဒပြကျောင်းသားတွေ ဥပဒေနဲ့အညီ ခုခံချေပခွင့်ရရေး AHRC တောင်းဆို

သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားတွေကို အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ဆုံဖို့ မြန်မာအစိုးရက ခွင့်မပြုတာဟာ အကျဉ်းထောင်လက်စွဲဥပဒေကို အာဏာပိုင်တွေကိုယ်တိုင် ချိုးဖောက်ရာရောက်တယ်လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဖမ်းဆီးခံကျောင်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ ဗဟိုချုပ်ကိုင်မှုရှိနေတဲ့ ပညာရေးဥပဒေ ပြင်ဆင်ပြောင်းလဲရေးအတွက် ကျောင်းသားတွေ ဆက်ပြီး ဆန္ဒပြလှုပ်ရှားသွားမှာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တာဝန်ခံတွေက ပြောပါတယ်။ ဒီကနေ့မှာ ကျောင်းသားတွေကို လက်ပံတန်းတရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင် က တင်ပြထားပါတယ်။

လက်ပံတန်းမြို့မှာ သပိတ်မှောက်ကျောင်းသားတွေကို မတ်လ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေကနေ အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးခဲ့ပြီး သာယာဝတီထောင်မှာ ထိန်းသိမ်းထားပြီးနောက် နှစ်ရက်အကြာမှာ ပထမအကြိမ် လက်ပံတန်းတရားရုံးမှာ ကျောင်းသားတွေကို ရုံးထုတ်ပြီး ရမန်ယူခဲ့တာပါ။

ဒီအတောအတွင်း ဖမ်းဆီးခံထားရသူ ကျောင်းသူကျောင်းသား အများစုဟာ မိဘတွေနဲ့ တွေ့ဆုံခွင့်မရတဲ့အပြင် အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ကို အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပါဘူး။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖမ်းဆီးခံထားရသူတဦးအနေနဲ့ ဥပဒေနဲ့အညီ ခုခံချေပခွင့် ပေးရမယ်ဆိုတဲ့ နိုင်ငံသားတိုင်းဆိုင်ရာ ဥပဒေအခွင့်အရေးကိုရော၊ အကျဉ်းထောင် လက်စွဲဥပဒေကိုပါ အာဏာပိုင်တွေဘက်က ချိုးဖောက်ရာရောက်တယ်လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ကျနော်တို့ အကျဉ်းထောင်လက်စွဲထဲမှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသူတွေရဲ့ မိသားစုဝင်တွေကနေပြီးတော့ လာရောက် တွေ့ဆုံလိုတယ်ဆိုရင် အကျဉ်းထောင် အာဏာပိုင်တွေကနေပြီး တွေ့ဆုံနိုင်ဖို့အတွက် စီမံဆောင်ရွက်ပေးရမယ်။ ထိုနည်းတူစွာ ရှေ့နေနဲ့ တိုင်ပင်ဆွေးနွေးလိုတယ်ဆိုရင်လည်း ရုံးပိတ်ရက်ပင် ဖြစ်လင့်ကစား စနေနေ့မှာတောင်မှ အထူး တွေ့ခွင့်အနေနဲ့ ပြုပြီးတော့ ရှေ့နေနဲ့ တိုင်ပင်ဆွေးနွေးခွင့် ပေးရမှာဖြစ်တယ်။ အဲ့ဒီလိုပေးတဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ဖို့အတွက် အခန်းကို စီမံပေးရမယ်။ နောက်ပြီးတော့ ဒီဝန်ထမ်းတွေကနေပြီးတော့ တိုင်ပင်ဆွေးနွေးနေတဲ့လူတွေ မကြားနိုင်တဲ့နေရာမှာ ရှိတဲ့လွတ်လပ်မှုမျိုးဖြစ်အောင် အကျဉ်းထောင်က ဖန်တီးပေးရမှာဖြစ်တယ်။ အဲတော့ အဲ့ဒီလိုမျိုးကိစ္စကို အာဏာပိုင်တွေက လုပ်ဆောင်ပေးခြင်းမပြုတာက ဒီအကျဉ်းထောင်လက်စွဲဥပဒေပါ အချက်တွေကို ကျူးလွန်ဖောက်ဖျက်တယ်လို့ ကျနော်တို့ပြောလို့ရတယ်။”

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအနေနဲ့လည်း ရှေ့နေတွေနဲ့ တွေ့ဆုံတိုင်ပင်ခွင့်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုထားကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဒုဥက္ကဌ ကိုလင်းထက်နိုင် က ပြောပါတယ်။

“အထဲကကျောင်းသားတွေကတော့ ပြန်ပြီးတော့ တုံ့ပြန်မှု နှစ်ခုရှိတယ်ဗျ။ တခုက ဘာလဲဆိုတော့ သူတို့ကို ရိုက်နှက်ဖမ်းဆီးတဲ့ကိစ္စပေါ့နော်။ ဖမ်းဆီးပြီးမှကို ထပ်ပြီးတော့ ဒုတ်နဲ့ အကြမ်းဖက် ရိုက်နှက်တာရယ်၊ နောက်ပြီးတော့ ရုံးထုတ်တဲ့အချိန်မှာ ကားပေါ်ကနေ ရဲမေတွေက ကျောင်းသားမိဘတွေကို ရိုင်းစိုင်းစွာ ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး တရားစွဲဖို့ သူတို့ပြင်ဆင်တယ်။ နောက်တချက်က ရှေ့နေမရဘူးဆိုရင်လည်း သူတို့က ရုံးထွက်ချင်မှ ထွက်လိမ့်မယ်ဗျ။ အဲ့ဒါတော့ သူတို့အနေနဲ့ စဉ်းစားထားတာတွေ ရှိတယ်ဆိုတာ ကျနော်တို့အနေနဲ့ သိရတယ်။”

မေး။ ။ အဲတော့ အာဏာပိုင်တွေဘက်က ကိုင်တွယ်ဖြေရှင်းပုံကို ကိုလင်းထက်နိုင်တို့ဘက်က ဘယ်လိုမြင်လဲရှင့်။

ဖြေ။ ။ “အခုအနေအထားကတော့ အစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမဆို သူတို့ထပ်လုပ်မယ့်ပုံစံပဲ။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေပေါ်မှာ သူတို့က အငြိုးရှိနေတယ်။”

မေး။ ။ အခု ရှောင်တိမ်းနေတဲ့ ကိုလင်းထက်နိုင်တို့ ကျောင်းသားခေါင်းဆောင်တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ “အခုလည်း သူတို့ လိုက်လံရှာဖွေနေတာတွေ ရှိပါတယ်။ ဒီရက်ပိုင်း ကျနော်တို့သူငယ်ချင်းတွေ အိမ်တွေကိုလည်း ညဘက်မှာလာပြီးတော့ ယူနီဖောင်းနဲ့သော်လည်းကောင်း၊ အရပ်ဝတ်နဲ့သော်လည်းကောင်း စောင့်ကြည့်တာတွေ ဘာတွေရှိတယ်။ တချို့ကျောင်းသားခေါင်းဆောင်တွေရဲ့ အိမ်တွေကို လာမေးတာတွေလည်း ရှိတယ်။ နောက်ပြီးတော့ ဝရမ်းထုတ်ထားတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ သတင်းဂျာနယ်တွေတချို့မှာ တွေ့တယ်။ ရဲစခန်းတွေကနေပြီး ဒါကို အတည်ပြုတာတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့အိမ်တွေကိုသွားပြီးတော့ ဒါနဲ့ပတ်သက်ပြီး ဝရမ်းထုတ်ထားပါတယ်ဆိုပြီးတော့ ဝရမ်းစာပြတာတို့ ဘာတို့တော့ အဲ့လိုမျိုးတော့ ကျနော်တို့ မသိရဘူး။”

မေး။ ။ အဲတော့ ကိုလင်းထက်နိုင်တို့ ဘာဆက်လုပ်မလဲ။

ဖြေ။ ။ “မကြာခင်ဆက်ပြီးတော့ ကျနော်တို့လှုပ်ရှားမှုတွေ လာမှာပါ။ လာမယ်ဆိုတာတော့ ဒီ အမျိုးသားပညာရေးဥပဒေမှာ အနှစ်သာရဖြစ်တဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးအပိုင်းပေါ့နော်။ သိသာတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို အာမခံတဲ့ အမျိုးသားပညာရေးဥပဒေတခု အမြန်ဆုံး ပေါ်ပေါက်လာဖို့ရယ်၊ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေ၊ ပြည်သူတွေ ဖမ်းဆီးထားတာတွေ လွတ်မြောက်ဖို့တွေ အဲဒါတွေနဲ့ ပတ်သက်ပြီး တပြိုင်တည်း လုပ်သွားမှာပါ။ မကြာခင်မှာ လှုပ်ရှားမှုတွေ ဖြစ်လာတော့မှာပါ။”

AHRC ရဲ့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေရထားတဲ့ ဒဏ်ရာတွေကို အမြန်ဆုံးဆေးဝါးကုသခွင့်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားသလို၊ ICRC နိုင်တကာ ကြက်ခြေနီ ကော်မတီအနေနဲ့လည်း အကျဉ်းထောင်မှာ ကျောင်းသားတွေရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုပေးဖို့ တိုက်တွန်းထားကြောင်း ဦးမင်းလွင်ဦး က ပြောပါတယ်။

“အကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီဆိုရင်လည်း ၂၄ နာရီပြည့်ပြီးတဲ့နောက်တရက်မှာ ကျနော်တို့ ဒီဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သားတွေအားလုံးကို ကျနော်တို့ ထောင်ဆရာဝန်ဆီ ပို့ဖို့လိုအပ်တယ်။ ထိုက်သင့်တဲ့ ဆေးစစ်မှုတွေ ယူရမယ်။ လိုအပ်တဲ့ဆေးဝါးကုသမှုကို အမြန်ဆုံး ဆောင်ရွက်ပေးရမှာဖြစ်တယ်။ အဲတော့ ကျနော်တို့ ဒီအခု ဦးခေါင်းရိုက်နှက်ခံရတဲ့ ကျောင်းသားတွေ၊ သွေးရူးသွေးတန်းဖြစ်နေတယ်၊ ချုပ်ရမယ့်ကိစ္စတွေ မချုပ်နိုင်ဘဲနဲ့ ဖြစ်သလို ရှိတဲ့ဆေးဝါးနဲ့ ကုသနေရတယ်။ ထိုနည်းတူစွာ မျက်လုံးထိခိုက်တဲ့ ကျောင်းသားတယောက်ဆိုရင်လည်း ခုအချိန်အထိ ထိုက်သင့်တဲ့ ဆေးဝါးကုသခွင့် မရသေးဘူးဆိုတာတွေ ကျနော်တို့ သိရတယ်။ ICRC အနေနဲ့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေရဲ့ အခြေအနေကို အကျဉ်းထောင်အတွင်းမှာ လိုက်လံပြီးတော့ စုံစမ်းဖို့အတွက် လိုအပ်တယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်။”

လက်ပံတန်းမြို့ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲချိန်မှာ ဖမ်းဆီးခံရထားရသူတွေထဲ မနေ့ကထိ လွတ်မြောက်လာသူတွေထဲမှာ ကျောင်းသူကျောင်းသား ၂၀ ကျော်၊ သတင်းထောက် ၂ ဦးနဲ့ အရပ်သား ၂၀ ဦး ပါဝင်ပါတယ်။ လက်ရှိ သာယာဝတီထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ၁၀၀ နီးပါးထဲမှာတော့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင်တို့လည်း ပါဝင်ပါတယ်။ သူတို့တွေကို ဘယ်ပုဒ်မတွေနဲ့ အာဏာပိုင်တွေက တရားစွဲဆိုထားသလဲဆိုတာကို အခုချိန်ထိ အတိအကျ မသိရသေးပါဘူးရှင်။