လက်ပံတောင်းတောင် အရေး မြဝတီမှာ DKBA ဆန္ဒပြ

KNU၊ KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ DKBAအဖွဲ့ မြဝတီမြို့မှာ ဆန္ဒပြနေစဉ်

ထိုင်းမြန်မာနယ်စပ်မှာလည်း လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါသေးတယ်။ KNU၊ KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ DKBAအဖွဲ့တို့ကနေ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှာ လက်နက်ကိုင်တွေ ခြံရံပြီးတော့ ဆန္ဒပြခဲ့ကြတာပါ။ အဓိကကတော့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုနေကြတဲ့ သံဃာတော်တွေရဲ့ ဆန္ဒကို လိုက်လျောဖို့နဲ့ ကချင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ထိုင်းနယ်စပ်ကနေ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ခဲ့ပါတယ်ရှင်။

မြန်မာအစိုးရနဲ့ ပြီးခဲ့တဲ့နှစ်ကမှ အပစ်အခတ်ရပ်စဲရေး ပြန်လုပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA နဲ့ KNU KLNA ငြိမ်းချမ်းရေးကောင်စီတို့ ဟာ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့တွေမှာ ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ခဲ့ကြတာပါ။ DKBA က ကလိုထူးဘော ဗျူးဟာက ဗျူးဟာမှူး ဗိုလ်မှူးကြီး စောစန်းဆောင်က ပြောပြတာက-

“လက်ရှိအခြေအနေအရ သူတို့က တပ်တွေ လာချတာရှိတာပေါ့။ ဂိတ်တွေရှေ့မှာ၊ အထက်က ညွှန်ကြားတယ်တဲ့။ သူတို့ထပ်ပြီးဝင်ခွင့်မပေးဘူး။ ကျနော်တို့လည်း သူတို့ပိတ်မယ်ဆိုရင် ဝင်လို့ရတဲ့အပေါက်က တို့ဝင်မယ်လို့ပြောတယ်။ လောလောဆယ် ဆန္ဒထုတ်ဖော်တဲ့အနေအထားက အခုလက်ရှိပြည်သူတွေ အရမ်းခံစားနေကြတာ။ ကျနော်တို့ တိုင်းရင်းသားအသီးသီးခံစားနေရတာနဲ့ အတူတူပဲ။ အဲ့တာကို ကျနော်တို့ ထုတ်ဖော်တာ ပြတာပဲရှိတယ်လေ။ အခုလက်ရှိ ရဟန်းပြည်သူ ခံစားနေရတဲ့ အချက်အလက်တွေက ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီး ထိုနည်းတူစွာပဲ ခံစားရတယ်။ ပွင့်လင်းမြင်သာတဲ့အချိန် ဒီရဟန်းသံဃာပြည်သူတွေကို လူမဆန်တဲ့ ပုံစံမျိုး ပစ်တာခတ်တာ၊ ကျနော်တို့ မလိုလားဘူး။ နောက် အဓိကက ဒီနေ့အနေအထားက ကချင်စစ်ကို ရပ်တန်းက ရပ်ပေးဖို့၊ နောက် ၁၂ရက်နေ့က ရဟန်းပြည်သူတွေ တောင်းဆိုထားတဲ့ အချက်အလက်တွေကို ဖော်ဆောင်ပေးဖို့ နောက် ကြေးနီတောင်ကိစ္စ ရပ်တန်းကရပ်ဖို့ ကျနော်တို့လမ်းလျောက်ပြီး ဆန္ဒဖော်ပြတယ်နော်။ ပစ်မှာကြောက်လို့ ကျနော်တို့ရဲဘော်အသီးသီး လက်နက်ကိုင်ဆောင်ထားတာတော့ ရှိတယ်နော်။ ဘာကြောင့်လည်းဆိုတော့ ရဟန်းသံဃာတောင်မှ ပစ်တယ်ဆိုတော့ ဘုရားသားတော်တောင် ပစ်ရဲတယ်ဆိုတော့ ကျနော်တို့ကို ပစ်ဖို့ဝန်မလေးဘူး။ ကျနော် လက်နက်ကိုင်ဆောင်ထားတယ်။”

ဒေသခံလူထုနဲ့ ရဟန်းသံဃာတော်တွေကို ပါဝင်ဖို့ မလှုံ့ဆော်ထားကြောင်း ဒေသခံလူထုတွေနဲ့တူ KNU KLNA ငြိမ်းချမ်းရေးကောင်စီ DKBA နဲ့အတူ မြဝတီမြို့မှာတော့ ပူးပေါင်းပါဝင်ကြောင်း ပြောပါတယ်။

“လက်ရှိ မြဝတီမှာရှိတဲ့ ရဟန်းသံဃာတော်တွေက သူတို့ရဲ့ ကိုယ်စား ကျနော်တို့က ဖော်ထုတ်ပေး တယ်။ သူတို့လည်း အင်မတန်မှ ကျနော်တို့ကို တွန်းအားပေးတယ်ပေါ့။ သူတို့ လုပ်လည်း လုပ်မရဲဘူးပေါ့လေ။ ကြည့်ရတာ စိတ်မချမ်းသာဘူးပေါ့။ ပြည်ပကိုထွက်ဖို့ ရဟန်းသံဃာတွေ တချို့ကလည်း ရတယ်။ တချို့ကလည်း မရဘူး။ အခုဆိုရင် မြောက်များစွာ သူတို့ ဝေဒနာခံစားရတယ်ပေါ့။ သူတို့လည်း ကျနော်တို့ကို လာပြောတာရှိတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကိုယ်စား ဆန္ဒထုတ်ဖော်တာဖြစ်တယ်။ ကျနော်တို့အင်အား ၂၅၀၊ ၃၀၀ဝန်းကျင်လောက်ရှိတယ်။”

DKBA ကို ဆန္ဒထုတ်ဖော်မှုအတွက် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးကတော့ စာပို့ထားကြောင်း အခုလို ဆက်ပြောပါတယ်။

“ဒီလိုဆန္ဒထုတ်ဖော်တာ ဥပဒေနဲ့ မကိုက်ညီဘူးတဲ့ ဦးအောင်မင်းက စာပို့တာရှိတယ်။ ကော့ကရိတ်မှာ ပြတဲ့ကိစ္စကို ဗိုလ်ချုပ်စောလဘွယ်ဆီကို ဦးအောင်မင်းက စာပို့လာတယ်။ ကျနော်ကလည်း ပြန်ပြောချင်တယ်။ ဒီမိုကရေစီဖော်ဆောင်တဲ့အခါ ရဟန်းသံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းပစ်တာကရော၊ ဥပဒေနဲ့ကိုက်ညီသလားလို့ ဦးအောင်မင်းကို ဒီကနေ ကျနော်မေးချင်တယ်နော်။”

မြဝတီမြို့မှာတော့ ဆန္ဒထုတ်ဖော်ချိန်မှာ စစ်တပ်အင်အားတွေ တိုးချထားခဲ့သလို ဆန္ဒပြပြီးချိန်မှာတော့ ပြန်ရုပ်သိမ်းသွားတယ်လို့ DKBA ဘက်က ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး တောင်းဆိုတဲ့ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းမှုဟာ ငြိမ်းချမ်းရေးကိုတောင် ပျက်ပြားသွားနိုင်တယ်လို့ DKBAကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုခဲ့သလို တိုင်းရင်းသားလူမျိုးစုများ ဖက်ဒရယ်ကောင်စီ UMFC နဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးတောင်းဆိုတဲ့ သံဃာတော်တွေကို အခုလို နှိမ်နင်းမှုတွေအတွက် ရူံ့ချဝေဖန်တဲ့ သဘောထားတွေကိုလည်း ထုတ်ပြန်ထားပါတယ်။