မြဝတီတိုက်ပွဲ ငြိမ်သက်ပေမဲ့ စိတ်မချရသေး

မြန်မာဘက်ကမ်း မြဝတီမြို့သို့ပြန်မည့် စစ်ပြေးဒုက္ခသည်များ။ နိုဝင်ဘာ ၉၊ ၂၀၁၀။

မြန်မာဘက်ကမ်း မြဝတီမြို့သို့ပြန်မည့် စစ်ပြေးဒုက္ခသည်များ။ နိုဝင်ဘာ ၉၊ ၂၀၁၀။

ထိုင်း၊ မြန်မာ နယ်စပ် မဲဆောက်မြို့ရဲ့ တဖက်ကမ်း မြဝတီမြို့ဘက်က DKBA တွေနဲ့ မြန်မာစစ်အစိုးရ တပ်တွေရဲ့ တိုက်ပွဲတွေ ဒီနေ့မှာ ရပ်နားထားပေမဲ့ ဒေသခံ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့် ထွက်ပြေးနေကြရတုန်းပဲ ဖြစ်ပါတယ်။ တချို့ အေးချမ်းပြီထင်ပြီး ပြန်လာကြတဲ့ မိသားစုတွေလည်း ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်နံဘေးမှာ ထောင်နဲ့ချီပြီး နေထိုင်နေကြဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြဝတီမြို့မှာ အပျက်အစီးတွေ ဖြစ်နေရပြီး ၉ ရက်နေ့ညရဲ့ ထူးခြားချက်ကတော့ သေနတ်သံတွေ တချက် နှစ်ချက်လောက်သာ ကြားရပြီး မြို့ထဲမှာ နယ်ခြားစောင့်တပ်တွေ ကင်းလှည့်နေတာကို တွေ့ရကြောင်း မြဝတီမြို့ခံ တဦးက ပြောပြပါတယ်။

“ညနေတုန်းက မြို့ထဲတော့ လျှောက်ကြည့်လိုက်တယ်။ လျှောက်ကြည့်လိုက်တော့ DKBA ၁ ဂိတ် ဘယ်ဘက်ခြမ်းမှာ ဓာတ်ဆီဆိုင် တဆိုင်ရှိတယ်။ အဲဒီဆိုင်က မနေ့က လက်နက်ကြီးနဲ့ ထုထားလား မသိဘူး၊ မီးတွေလောင်ထားတာ တွေ့တယ်။ အဲဒီနားမှာ ကားတစီး မီးလောင်ထားတာလည်း တွေ့တယ်။ ကားဘီးလည်း မရှိတော့ဘူး။

“အဲဒါနဲ့ တံတားထိပ်သွားတော့ အဲဒီမှာ စာရေးထားတယ်၊ ကန့်သတ်နယ်မြေ မကျူးကျော်ရ၊ မဖြတ်သန်းရဆိုပြီး ရေးထားတာ တွေ့တယ်။ မြို့ထဲမှာတော့ နယ်ခြားစောင့်တပ်တွေက ကား လေးငါးခြောက်စီးနဲ့ ပတ်နေတာ တွေ့တယ်။”

မြဝတီလူထု သောင်းနဲ့ချီပြီး မဲဆောက်ကို ရောက်လာကြပေမဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ နေရပ်ရင်းမှာ အေးဆေးပြီဆိုပြီး ပြန်သွားကြတာကြောင့် ၉ ရက်နေ့ ညမှာတော့ ထိုင်းနယ်ခြားစောင့်တပ် ဝင်းထဲမှာ ထောင်ဂဏန်းလောက်ပဲ ကျန်ပါတော့တယ်။ နေ့လယ်ပိုင်းက ပြန်သွားကြသူတွေကတော့ ညနေပိုင်းမှာ မြဝတီမြို့ထဲမှာ မနေရဲတာကြောင့် ထိုင်းဘက်ကို ပြန်ကူးလာကြပြန်ပါတယ်။ သောင်ရင်းမြစ်နံဘေး ဟွေးမုတ် အမှတ် ၆ ဂိတ်နားမှာတော့ လူဦးရေ ၇,၀၀၀ ထက်မနည်း ရှိနေကြပါတယ်။ မြဝတီမြို့ခံတဦး ပြောပြတာကတော့…

“ထိုင်းစစ်သားတွေ ကားတွေနဲ့ လာပို့ပေးတယ်တဲ့၊ ကမ်းနဖူးကို။ ဘုရင့်နောင်ဈေးနားက လူတွေ ဆိုရင်တော့ မပြန်ကြနဲ့ဦးတဲ့၊ တာဝန်မယူသေးဘူးလို့ အဲဒီလို ပြောတယ်တဲ့။ ကျန်တဲ့ ရပ်ကွက် ၁ တို့၊ ရပ်ကွက် ၃ တို့၊ ရပ်ကွက် ၅ တို့ဆိုရင်တော့ ပြန်လို့ရပြီဆိုပြီး ပြန်ခိုင်းတာတဲ့။ သူတို့ကိုယ်တိုင် လိုက်ပို့တယ်ပေါ့။ တချို့ ထမင်းထုပ်တွေ ပါလာကြတယ်၊ တချို့ဆို ၇ ထုပ်၊ ၈ ထုပ်လောက် တွေ့တယ်။ ရေဘူးတွေလည်း တွေ့ခဲ့တယ်။ သူတု့ိကို ဝေတာတဲ့။ အဲဒီလိုပြောတယ်။ သူကတော့ သူများတကာတွေ ပြန်တော့ သူလည်း ရောပြန်တဲ့ သဘောမျိုးနဲ့ တူတယ်။”

ဒီလူတွေကတော့ နောက်တကြိမ် ထိုင်းနယ်ခြားစောင့်တပ် ဝင်းထဲကို ထပ်သွားနိုင်ဖို့ အခွင့်အလမ်း မရှိဘဲ ထိုင်းစစ်ဆေးရေး ဂိတ်တွေက တားမြစ်ထားပါတယ်။ ထိုင်းစစ်တပ်ဝင်းထဲမှာ လုံခြုံပေမဲ့ အိမ်သာပြဿနာက အတော်ကြီးတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ သောင်းနဲ့ချီရှိတဲ့ လူထုကို စားသောက် နေထိုင်ရေး ကိစ္စတွေ လုပ်ပေးနေရတာကြောင့် ထိုင်းဘက်ကလည်း အတော်ကို တာဝန်ကြီးနေပါတယ်။ မနေ့က ရောက်လာကြတဲ့ သူတွေထဲမှာ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်တွေ၊ ရဲမိသားစုတွေတောင် ပါဝင်တယ်လို့ သိရပါတယ်။ ၈ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြဝတီဆေးရုံမှာတော့ ခွဲစိတ်ကုသရတဲ့ လူနာ ၂၀ ကျော် ရှိတာကြောင့် ဘားအံက ဆရာဝန်တွေကို အကူအညီရဖို့ ခေါ်ထားရတယ်လို့ ဆိုပါတယ်။

နေ့လယ်ပိုင်းက စစ်အစိုးရတပ်တွေ ဝါးလေစခန်းကို သိမ်းလိုက်တာကြောင့် ဒုက္ခသည်တွေ ထွက်ပြေးလာမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဝါးလေစခန်းကို မြဝတီမှာ တိုက်ပွဲဖြစ်ပြီ ဆိုတာနဲ့ DKBA က ဆုတ်ခွာထားတာကြောင့် အထိအခိုက်၊ အကျအဆုံးတွေ မရှိဘူးလို့ DKBA ဘက်က ပြောပါတယ်။ မြန်မာစစ်အစိုးရရဲ့ ရုပ်သံမှာတော့ မြဝတီနဲ့ ဘုရားသုံးဆူမှာ ဖြစ်တာတွေက KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။