DKBA နဲ့ မြန်မာစစ်တပ်ကြား တင်းမာမှု တိုး

DKBA နဲ့ မြန်မာစစ်တပ်ကြား တင်းမာမှု တိုး

ရွေးကောက်ပွဲ ကျင်းပပြီး နောက်တရက် နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ကရင်ပြည်နယ် အတွင်းမှာ DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ရင်းတချို့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာမှာ အခုနောက်ဆုံး ထိုင်း၊ မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဘက်မှာ မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အဲဒီဒေသက ဖလူးကြီး၊ ဖလူးလေးနားမှာ ပြောင်းဖူး အခွန်ဂိတ်မှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ငြိမ်းချမ်းရေးကောင်စီဘက်က ကျန်နေတဲ့ တပ်သားတချို့ကို မြန်မာစစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ DKBA တပ်ဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ DKBA တို့ဟာ တဦးနဲ့တဦး၊ တဘက်နဲ့တဘက် တင်းမာမှုဟာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေသေးကြောင်း DKBA ဘက်က တပ်မှူးတဦးက အခုလို ပြောပါတယ်။

“အခြေအနေက ကျနော်တို့ ဝေါ်လေဒေသကို သူတို့က လက်ရှိ ရိက္ခာပို့မယ်၊ အပေါ်မှာရှိတဲ့တပ်ကို အရွှေ့အပြောင်း လုပ်ရမယ်လေ။ အဲဒီ ဝင်ရောက်ထိုးဖောက်တဲ့တပ်ကို ကျနော်တို့က အခု ခြုံခိုတိုက်ခိုက်တယ်။ ဖြစ်တဲ့နေရာက သိပ်မဝေးတော့ဘူး၊ ဖလူးကနေပြီးတော့ တမိုင်ကျော်ကျော် နှစ်မိုင်ဝန်းကျင်လောက် ရောက်နေတယ်။ ကျနော်တို့က ဖလူးဘေးနားကနေ ပစ်တယ်။ သူတို့က ဖလူးကြီးရော ဖလူးလေးရောကနေ ကျနော်တို့ကို ပစ်တယ်။”

ဒီနေ့ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို ပြောပြသွားတာ ဖြစ်ပါတယ်။

နှစ်ဘက် ပစ်ခတ်မှု၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် အထိအခိုက်၊ အကျအဆုံး အခြေအနေတွေကို မေးမြန်းကြည့်တဲ့ အခါမှာတော့ မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

“ဒီနေ့ကတော့ ထိခိုက်ဒဏ်ရာရတာ ရှိတယ်လို့ ပြောတယ်။ အရေအတွက်တော့ မရသေးဘူး။ ပစ်ခတ်တဲ့အတွက် ၄ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ပြောတယ်။ ၄ ယောက်ထဲမှာ ၂၃၀ ဒု-ရင်းမှူးတယောက် အပါအဝင်ပေါ့။”

ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုချက်တွေကိုတော့ မသိရသေးပါဘူး။ ဒီနေ့ ဖြစ်ပွားခဲ့တာကတော့ ဖလူးကြီးနဲ့ ဖလူးလေးရွာ အနီးက ပြောင်းစိုက်ခင်းတွေကနေ ပြောင်းခွန်တွေကောက်ဖို့ ဂိတ်ချထားတဲ့ မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့ တခုဖြစ်တဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်သဲခီး အုပ်စုနဲ့လည်း မြန်မာစစ်တပ်တို့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့ဖြစ်တာက ငြိမ်းချမ်းရေးကောင်စီ စစ်တပ်နဲ့ဖြစ်တယ်။ ၂ ယောက်ဖမ်းမိတယ်။ ဖလူးကြီးနဲ့ ဖလူးလေးက တဆက်တည်းပဲ ပြောလို့ရတယ်။ အဲဒီအပေါ်နားလေးမှာ ပြောင်းဖူးခင်း တဲထဲမှာ သူတို့ နေတယ်ပေါ့။ တပ်ကလည်း အဲဒီမှာ ထိုးစစ်ဆင်ဖို့ ဟိုချောင်း ဒီချောင်း၊ ငြိမ်းချမ်းရေးတပ်နဲ့ တိုးတဲ့အခါကြတော့ သူတို့က ငြိမ်းချမ်းရေး ယူတားတယ်ဆိုတော့ အေးအေးဆေးဆေး နေတယ်ထင်တယ်။ အနေအထားက အဲဒီလိုမျိုး။ သူတို့ဦးစီးက ဒု-ဗိုလ်မှူးကြီး သဲခီး၊ တပ်ကလာပစ်တော့ သူတို့က ပြန်ပစ်တယ်။ အခုတောင် အလောင်းတလောင်း ရှိနေတယ်၊ အဲဒီမှာ။ ၆ ယောက် ဖမ်းခံထိတယ် ကြားတယ်။”

ဒီလိုပစ်ခတ်မှုကြောင့် အနီး ပြောင်းခင်းက ရွာသွားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးကောင်စီကလည်း နယ်ခြားစောင့်တပ်ကို လက်မခံဘဲ ငြင်းပယ်ထားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး စစ်အစိုးရတပ်တွေက သူတို့လက်နက်တွေကို သိမ်းဆည်းထားတာတွေလည်း ရှိပါတယ်။ လက်နက်တွေကိုင်ပြီး ဂိတ်တွေမှာ မနေရဘူးလို့လည်း စစ်အစိုးရဘက်က အမိန့်ထုတ်ထားတာတွေလည်း ရှိနေပါတယ်။

သူတို့ကတော့ စစ်တပ်နဲ့သူတို့ ပြဿနာ မရှိဘူးဆိုပြီး နေထိုင်နေရာကနေ ပစ်ခတ်ပြီး ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။

“အဲဒီနေရာက စစ်ဖြစ်နေတာ နှစ်ရက်၊ သုံးရက်ရှိပြီဆိုတော့၊ သူတို့က ငြိမ်းချမ်းရေး ယူထားပြီး နအဖကလည်း မပစ်ဘူးထင်ပြီး အမှုမဲ့ အမှတ်မဲ့နေတယ်။ ရောက်လာပြီးတော့ သေနတ်ကိုင်တာတွေ့တော့ ပစ်ထည့်လိုက်တယ်။ ပစ်လိုက်တဲ့အဖွဲ့က စစ်ကြောင်းမှူးကို ပြန်မေးတယ်၊ ပစ်လိုက်တာ ငြိမ်းချမ်းရေးကောင်စီ ထိပြီဆိုတော့ ငြိမ်းချမ်းရေးကောင်စီ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် အကုန်ပစ်တဲ့၊ ဒု-ဗိုလ်မှူးကြီးက အမိန့်ပေးတယ်။”

DKBA ဘက်က ပြောတာကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်သေးတာမို့ ကရင်ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်က ပြန်ခိုင်းတာတွေ မလုပ်ဖို့နဲ့ ကရင်လူထုတွေအတွက် လုံခြုံမှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

“ထိုင်းဘက်က ရွာသားတွေကို ပြန်မောင်းထုတ်တယ်။ ပြန်ခိုင်းတယ်ပေါ့၊ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ မဖြစ်ဘူးဆိုတာ သူတို့ပြောတာပဲ။ ကျနော်ပြောတယ်၊ စစ်ပွဲက ဖြစ်မယ်ဆိုရင် လနဲ့ နှစ်နဲ့တောင် ဖြစ်ဦးမယ်၊ ကံမကောင်းရင်။ အဲဒီတော့ ပြန်ပို့တာ မကြာသေးဘူး၊ ဆက်ဖြစ်တော့ ဒီလူတွေ ပြန်ပြေးရတယ်။ မပြေးရင် ကျည်ဆန်တွေက အကုန်ထိကုန်မယ်။ ထိုင်းကလည်း ပြန်ပို့တယ်ဆိုတာ လက်ရှိ နအဖရဲ့ ဖိအားကြောင့်လည်းပါမယ်။”

မနက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ဒုက္ခသည် ၅၀၀ ကျော် ထပ်မံ တိမ်းရှောင်လာခဲ့ကြပါတယ်။ တချို့ကတော့ တောတောင်တွေထဲမှာပဲ ပုန်းအောင်နေကြဆဲ ဖြစ်ပါတယ်။