မြဝတီမြို့ ဒေသခံတွေ စိုးရိမ် ထိတ်လန့်နေဆဲ

တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မြဝတီမြို့ ဒေသခံများ။ နိုဝင်ဘာ ၉၊ ၂၀၁၀။

မနေ့က DKBA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မြဝတီမြို့မှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲ အကြီးအကျယ် ဖြစ်တဲ့ အခြေအနေတွေကို မတွေ့ရဘဲ အခြေအနေတွေဟာ အင်မတန် တင်းမာနေပြီး ရှုပ်ထွေးနေပါတယ်။ နေ့လယ်ပိုင်းမှာတော့ အခြေအနေက ငြိမ်သက်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေထဲက တချို့ မြန်မာပြည်ဘက်ကို ယာယီ ပြန်လာနေကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မြဝတီမြို့မှာ ငြိမ်သက်မှု ရှိသွားပြီလို့ ဆိုပေမဲ့ လူထုကတော့ အခုချိန်ထိ စိုးရိမ် ထိတ်လန့်နေသလို မဲရုံမှာ လုပ်အားပေးနေရသူတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွလည်း ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြဝတီမြို့ခံ လူထုထဲက ၄၀,၀၀၀ လောက် နီးပါးဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ ထိုင်းနယ်ခြားစောင့်တပ် ဝင်းထဲမှာ မနေ့က ခိုလှုံခဲ့ကြပြီး ဒီနေ့မှာတော့ မိမိတို့ရဲ့ အိမ်ရာတွေဆီ ပြန်နေကြသူတွေလည်း ရှိနေပါတယ်။ မြဝတီဘက်က ပုန်းအောင်းနေသူတွေကတော့ မနက်က လက်နက်ကြီးသံတွေကြောင့် စိုးရိမ် ပူပန်နေဆဲ ဖြစ်ကြောင်း မြဝတီမြို့မှာ နေထိုင်နေဆဲ ပြည်သူတဦးက အခုလို ပြောပါတယ်။

“၇ နာရီ၊ ၈ နာရီလောက်ကတော့ လက်နက်ကြီး လေးငါးခြောက်ချက်လောက် ကြားတယ်။ အခုပဲ လူတွေ အထုပ်တွေ အပိုးတွေပြင်ပြီး ပြေးနေကြတယ်။”

အခုဆိုရင် မြဝတီမှာ စစ်တပ်နဲ့ DKBA တိုက်ပွဲတွေနဲ့ ရှုပ်ထွေးနေသလို ရွေးကောက်ပွဲကာလ မဲမသမာမှုတွေနဲ့ မှတ်ပုံတင် ယူခိုင်းပြီး မှတ်ပုံတင်နံပါတ်နဲ့ အနိုင်ကျင့် မဲထည့်ခိုင်းတဲ့အတွက် ရပ်ကွက် အာဏာပိုင်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီကို မြဝတီ လူထုတွေက မုန်းတီးမှုတွေဖြစ်ပြီး ဒါးနဲ့ထိုးတဲ့ အဖြစ်တွေလည်း ဖြစ်ပေါ်နေပါတယ်။

မနေ့ကတော့ ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ် ကိုယ်စားလှယ်လောင်းရဲ့ ဖခင် ပစ်သတ်ခံရပြီး သားဖြစ်သူလည်း ရှောင်ပြေးနေရသလို မဲရုံမှူး၊ မဲရုံစောင့်တွေလည်း သူတို့ကို ဘယ်သူတွေက လာသတ်မလဲဆိုပြီး စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့ မြို့ခံတဦးက ပြောပြပါတယ်။

“ကြံ့ခိုင်ရေး အလုပ်အမှုဆောင်၊ သူ့အဖေဆိုရင် မနေ့က တံတားနားမှာ နားထင်ကို သေနတ်နဲ့တေ့ပြီး ပစ်ခံရတယ်။ ပွဲချင်းပြီး သေသွားတယ်။ သူ့သားကတော့ ခရိုင်အလုပ်အမှုဆောင်ပေါ့၊ သူလည်း လွှတ်တော်အမတ်ပဲ။ သူ့ကိုလည်း အခု မဲပြီး လိုက်နေတာပေါ့။ သူကတော့ အရင်တုန်းက ဒီမှာ ဆရာကြီးပေါ့၊ တော်တော်များများ ထောင်ထောင် ထောင်ထောင် လုပ်တဲ့လူ။

“အခု မြဝတီမှာတော့ ကြံ့ခိုင်ရေးနဲ့ မဲပုံးစောင့်တဲ့ ဆရာမတွေကို အဓိကထားပြီး လိုက်သတ်နေတယ်။ မဲပုံးစောင့်တဲ့ ဆရာမတွေ တော်တော်များများလည်း ကြောက်နေကြရတယ်။ သူတို့ခိုင်းလို့ လုပ်ရတာ၊ သူတို့က ဘာသိမလဲ။ သူတို့က မဲပုံးစောင့်ပေးတယ်၊ မဲမသမာမှုတွေကို မျက်ကွယ်ပြုထားတယ်ဆိုပြီး သူတို့ကို မဲတာပေါ့။ မဲပုံးစောင့်တဲ့ ဆရာမတွေရော၊ ရပ်ကွက်လူကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရော ကြောက်နေကြတယ်။

“မြဝတီဘက်မှာတော့ အမှတ် ၄ ဥက္ကဋ္ဌ ကိုထွန်းထွန်းဆိုရင် သူ့မိန်းမနဲ့ ပတ်သက်တဲ့ မိသားစုတွေ အများကြီးရှိတယ်၊ ဈေးဆိုင်တွေ။ အဲဒီဈေးဆိုင်တွေပါ အကုန် သော့တွေခတ်ပြီး သူတို့ကတော့ ရှာလို့မရတော့ဘူး၊ ပျောက်နေတယ်။”

မြဝတီမြို့ကို မော်လမြိုင်ဘက်က လာတဲ့ စစ်တပ်အင်အားတွေနဲ့ တိုးချဲ့ ချထားလိုက်ပါတယ်။ စစ်တပ်တွေ နေရာယူပြီ ဆိုတာနဲ့ စစ်တပ်ကိုရှောင်ပြီး ပြေးနေရတယ်လို့ မြဝတီက ပုန်းအောင်းနေသူက ဆက်ပြောပြပါတယ်။

“စစ်တပ်က စကခ ၁၂ က၊ တပ်ရင်း ၃ ရင်း၊ တပ်သားအင်အားက ၆၀၀ ကျော်တယ်တဲ့။ လူတွေက စစ်တပ်တွေ ရောက်လာတယ်ဆိုရင် စစ်တပ်နဲ့ ဝေးတဲ့နေရာ ပြေးကြတာပေါ့။ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ဆိုတာ တအားကျယ်တယ်၊ အဲဒီဟိုဘက်မှာ ရာဘာခြံတို့၊ ကျွန်းတောတို့၊ သီဟိုဋ်ခြံတို့ဆိုတာ ရှိတယ်။ အဲဒီမှာ သူတို့ သွားပြီး နေကြတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့။ ဟိုးဘက်မှာ မြေနီကုန်းဆိုတာ ရှိသေးတယ်။ မြေနီကုန်းရွာတို့၊ ဘုရားကုန်းတို့မှာ သွားနေကြတယ်။”

နောက်ဆုံး အခြေအနေအရ ထိုင်းနယ်ခြားစောင့်တပ် ဝင်းထဲကို ဒုက္ခသည်တွေ လာနေတာတွေလည်း ရှိသလို အဲဒီနေရာတွေကနေ အိမ်တွေကို စိတ်မချလို့ ပြန်နေကြသူတွေလည်း ရှိပါတယ်။ မြဝတီထဲက DKBA တွေ ပြန်ဆုတ်ခွာသွားတယ် ဆိုပေမဲ့ အခြေအနေတွေက အေးဆေးတဲ့ အခြေအနေမျိုးတွေ မတွေ့ရသေးပါဘူး။ ဒီနေ့မနက်မှာ လက်ဘက်ရည် ထွက်သောက်တဲ့ စစ်သား ၂ ဦး ပစ်သတ်ခံရပြီး တခြား အရပ်သား ၂ ဦးလည်း သေဆုံးမှုရှိကြောင်း မြဝတီဆေးရုံကလာတဲ့ သတင်းတွေအရ သိရပါတယ်။

မနက်ပိုင်းမှာပဲ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၄ ဦးရဲ့ သေနတ်တွေကိုလည်း စစ်တပ်က သိမ်းလိုက်ပါတယ်။ ဒီအတွက် နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA တွေကိုသာမက နယ်ခြားစောင့်တပ်လုပ်ဖို့ ငြင်းဆန်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီနဲ့လည်း ထပ်မံ ပြဿနာတက်နိုင်ဖွယ် ရှိနေပါတယ်။

နောက်ဆုံးသတင်းတွေအရ မြန်မာစစ်တပ်ကတော့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နှုတ်ခမ်းမွေးရှိတဲ့ နေရာဖြစ်တဲ့ ဝါးလေဆိုတဲ့ နေရာကို ပိုက်စိပ်တိုက်ရှာပြီး ချေမှုန်းရေးလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံဘက်ခြမ်း ဖွတ်ဖရမြို့နယ်ထဲမှာ ဒုက္ခသည်တွေ ၁,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်မှု ရှိနေပါတယ်။