ဘုရားသုံးဆူမြို့တွင်း တိုက်ပွဲကြောင့် ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေဆဲ

ဘုရားသုံးဆူမြို့တွင်း တိုက်ပွဲကြောင့် ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေဆဲ

ဘုရားသုံးဆူမြို့တွင်း တိုက်ပွဲကြောင့် ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေဆဲ

ထိုင်း၊ မြန်မာနယ်စပ် မွန်ပြည်နယ် ဘုရားသုံးဆူမြို့နဲ့ အနီးပတ်ဝန်းကျင်ရွာမှာ နေထိုင်တဲ့ ပြည်သူ ၂,ဝဝ၀ လောက်ဟာ ဒီကနေ့ မနက်မှာပဲ ဘေးလွတ်ရာ ထိုင်းဘက်ခြမ်းနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသဘက်ကို ထပ်မံ တိမ်းရှောင်လာခဲ့ကြပါတယ်။ ဒီမနက်ထိ စစ်အစိုးရနဲ့ DKBA တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ထပ်မဖြစ်ခဲ့ပေမဲ့ အသင့်အနေအထားမှာ နေရာယူနေကြလို့ ပြည်သူတွေ အနေနဲ့ အခုလို တိမ်းရှောင်လာရတာလို့လည်း ဆိုပါတယ်။ တိုက်ပွဲအတွင်းမှာ နှစ်ဦးနှစ်ဘက် ထိခိုက်မှုရှိသလို ပြည်သူတွေက ပိုပြီး ထိခိုက်မှု ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ တိုင်းရင်းသားအရေးကို နိုင်ငံရေး နည်းလမ်းအရ မဖြေရှင်းရင် နောက်ထပ် ဖြစ်ပွားနိုင်တဲ့ အနေအထား ရှိဦးမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က စုစည်းတင်ပြထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ဒီကနေ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတို့အကြားမှာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေမဲ့ တဖွဲ့နဲ့တဖွဲ့ အသင့်အနေအထားမှာ နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့်မို့ ဘုရားသုံးဆူ လက်ကျန်မြို့ခံတွေနဲ့ အနီးဝန်းကျင်က ကျေးရွာသား ၂,၀၀၀ ကျော်လောက် ထိုင်းနယ်ဘက်ခြမ်းနဲ့ မွန်ပြည်သစ် စခန်းဘက်ကို ထပ်မံ ထွက်ပြေးလာတယ်လို့ စခန်းကော်မတီဝင် တဦးက ပြောပါတယ်။ မွန်ပြည်သစ် အခြေခံစခန်း ဂျပန်ရေတွင်းရွာကို ရောက်လာတဲ့ စစ်ပြေးဒုက္ခသည် တဦးကတော့ အခုလိုပြောပါတယ်။

“အခြေအနေကတော့ တပ်မတော်ကလည်း လာပစ်မယ်ဆိုရင် ပစ်ကြမယ်ဆိုတော့ လူထုတွေကလည်း ရှောင်ပြေးတာပေါ့။ စစ်မြေပြင်မှာ လူထုတချို့ ထိခိုက်မှာကြောက်လို့ ရှောင်ပြေးလာရတာ။ ဒီလိုပဲပေါ့လေ သူများဆီမှာ မှီခိုအားထား နေရတော့ အားငယ်တာပေါ့။ အခက်အခဲ ဒီမှာရှိတာက သောက်ရေ သုံးရေ ရှားပါးနေတယ်ပေါ့။ စားစရာတွေကတော့ ဈေးဆိုင်တွေ နည်းနည်းပါးပါးရှိတော့ ဝယ်စားနေတာပေါ့။ ဒီ ဂျပန်ရေတွင်းမှာ တခါမှ မနေဖူးဘူး။ အခုမှ ရောက်လာတယ်ဆိုတော့ ဘယ်လိုပြောရမှန်းလည်း မသိဘူး။ ကိုယ်သိတဲ့ အိမ်တွေမှာပဲ ကောက်တက်ပြီး နေရတာပေါ့။”

မနေ့တုန်းက DKBA နဲ့ စစ်အစိုးရတို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရှိန်ကြောင့် ဘုရားသုံးဆူမြို့နဲ့ အနီးပတ်ဝန်းကျင် ရွာသားတွေဟာ သူတို့အတွက် အသက်အန္တရာယ် ဘေးကင်းရာကို တိမ်းရှောင်လာရတယ်လို့လည်း ပြောပါတယ်။ စစ်ပြေးတိမ်းရှောင်သူ တဦးက အခုလို ပြောပါတယ်။

“အခုဖြစ်တဲ့ကိန်းဟာ ကမ္ဘာပျက်သလိုပဲ။ တယောက်နဲ့တယောက် အပြင်းအထန် တိုက်ခိုက်ဦးမယ့် အသင့်အနေအထားမှာ ရှိတဲ့အတွက်ကို အကုန်လုံး အခုလက်ရှိဆို သုံးဘီးတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ရော ပြောင်းပြေးလာကုန်ပြီ။ ပစ္စည်းလေး တအိတ်နှစ်အိတ် တနိုင် သယ်လာကြတယ်။ ဒီမှာ စားဖို့ သောက်ဖို့ပေါ့နော်။ သူတို့ စားစရာလေးတွေ သယ်လာကြတယ်ပေါ့။

“ကျနော့်ညီဆိုလည်း ကြံတောရွာမှာ ရှောင်တိမ်းနေရတယ်။ အဲဒီ ရှမ်းကုန်းက ဘုန်းကြီးကျောင်းမှာ ရဟန်းတွေရော ဒီက ဘုရားသုံးဆူက လူထု၊ ဈေးသူဈေးသားတွေရော၊ မြို့သူမြို့သားတွေ အဲဒီမှာ ရှမ်းကုန်းဘုန်းကြီးကျောင်းမှာ၊ နောက်တခါ ချောင်နည်းနည်းကျတဲ့ ရွာကလေးတွေမှာရော။”

ဒုတိယဗိုလ်မှူးကြီး စောနော်တရာ ဦးစီးတဲ့ DKBA တပ်ဖွဲ့နဲ့ စစ်အစိုးရတပ်တို့ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အခြေအနေကို စုံစမ်းထားတဲ့ စစ်ပြေးဒုက္ခသည် တဦးက အခုလို ပြောပါတယ်။

“တပ်ကနေပြီးတော့ စစ်ကူထပ်ရောက်မယ် ကြားပြီးတော့ အဲဒီမှာ DKBA အဖွဲ့ကလည်း ပြန်ဆုတ်သွားတယ်၊ အနောက်ကို။ ပြန်ဆုတ်သွားပြီးတော့ ရွာသစ်ဘက်မှာ တခါ တိုက်ပွဲဖြစ်တာကြားတယ်။ DKBA က ရဲဘော် ၁ ယောက် ဒဏ်ရာရလို့ အပေါ်ကုန်းဆေးခန်းမှာ ဆေးကုသတယ်လို့ ကျနော်ကြားတယ်။ တပ်က ၃ ယောက် ကျတယ်။ ရွာသစ်ဘက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က နဂါးတောင် အမြောက်တပ်ကနေ ပစ်တယ်။ တလုံးကတော့ မိုးကုတ် ဝိပဿနာကျောင်းမှာ ကျတယ်၊ မိန်းကလေးတယောက် ထိတယ်၊ ပွဲချင်းပြီးပဲ။ တခါ အိမ်တလုံးမှာ ကျတယ်။ လူ ၂ ယောက် ပွဲချင်းပြီး ပြီးတယ်။ နောက် ရဟန်း ၂ ပါးကလည်း မိုးကုတ် ဝိပဿနာ ကျောင်းနားမှာပဲ ဒဏ်ရာရသွားတယ်။”

ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေဟာ ထိုင်းဘက်ကမ်းမှာရော မွန်ပြည်သစ် ထိန်းချုပ်တဲ့ ဒေသမှာရော ခိုလှုံ ရောက်ရှိနေတာ ၁၀,၀၀၀ ကျော် ရှိနေပြီလို့ မွန်ပြည်သစ်ပါတီ မြို့နယ်အရာရှိတဦးက ပြောပါတယ်။ အခုလို စစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ ပြဿနာဟာ ထပ်ပြီး ပြင်းထန်လာဦးမယ်လို့ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက အခုလို သုံးသပ်ထားပါတယ်။

“စစ်အစိုးရက တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေ အပေါ်မှာ ဒီ လက်နက်ကိုင် အင်အားစုတွေကို ဖျက်သိမ်းဖို့၊ ဒါမှမဟုတ်ရင် သူတို့လက်အောက် ရောက်သွားဖို့ ဆိုတဲ့ အတင်းအဓမ္မ တွန်းအားပေးလို့ပေါ့ ဒါတွေဖြစ်လာတယ်။ ဒီရွေးကောက်ပွဲပြီးရင် ဒီကိစ္စကလည်း ထပ်မံပြီးတော့ ပြင်းထန်လာမယ့် အနေအထားတွေ ရှိတယ်။

“အဲဒီတော့ လူထုတွေလည်း ပိုပြီးတော့ ဒုက္ခရောက်သလို ကျနော်တို့ အိမ်နီးနားချင်း နိုင်ငံတွေ အတွက်ကလည်း ဒီ စစ်ပြေးဒုက္ခသည်တွေ အတွက်ပေါ့ဗျာ။ သူတို့တတွေလည်း ဒုက္ခတွေ ပိုရောက်မှာပေါ့။ နောက်ပြီးတော့ ကယ်ဆယ်ရေး အဖွဲ့တွေကို အထောက်အကူ ပေးနေတဲ့ နိုင်ငံတကာ အင်အားစု အဖွဲ့လည်း ပိုပြီးတော့ ဝန်လေးလာလိမ့်မယ်။”

ဒီကနေ့ နေ့လယ်ပိုင်းမှာလည်း ထိုင်းဘက်ကမ်း ဂွတ်ချရွာမှာ ရောက်ရှိနေတဲ့ စစ်ပြေး ၅၀ဝ လောက်ကို ထိုင်းအာဏာပိုင်တွေက မြန်မာဘက်အခြမ်းကို ပြောင်းရွှေ့ပေးဖို့ အကျပ်ကိုင်လာမှုတွေ ရှိနေခဲ့ပါတယ်။ ဒီပြဿနာတွေအတွက် မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေဆဲလို့ ပါတီအရာရှိတဦးက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေ အနေနဲ့ကလည်း နယ်မြေဒေသ တည်ငြိမ်မှု မရှိမချင်း ဌာနေပြန်ဖို့ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။