အမေရိကန်နဲ့ ပြင်သစ်သမ္မတတို့ဟာ ဥရောပလုံခြုံရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဒီကနေ့ ဆွေးနွေးကြပါတယ်။ ပြင်သစ်ကို ရောက်ရောက်ချင်းမှာပဲ ပြင်သစ်သမ္မတကို Doanld Trump က ဝေဖန်ခဲ့ပြီးနောက် မကြာခင်မှာ အခုလို တွေ့ဆုံကြတာပါ။
Elysee နန်းတော်မှာ တွေ့ဆုံတဲ့ဆွေးနွေးပွဲအတွင်း ဥရောပလုံခြုံရေးနဲ့ ပတ်သက်ပြီး ကုန်ကျစရိတ် တွေကို မျှပြီး ခံကြဖို့ ထရမ့်ကတိုက်တွန်းခဲ့ပါတယ်။ ပိုပြီး ခိုင်မာအင့်အားတောင့်တင်းတဲ့ ဥရောပ ဖြစ်လာစေချင်တယ်လို့ ထရမ့်ကပြောဆိုသလို ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ပိုပြီးစွမ်းဆောင်နိုင်သလို ပိုပြီး ခုခံ ကာကွယ်နိုင်တဲ့ ဥရောပဖြစ်လာဖို့ ယုံကြည်ပါတယ်လို့ ပြောပါတယ်။ သမ္မတ ၂ ဦး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာတော့ အပြန်အလှန် ပြစ်တင်ဝေဖန်တာမျိုးမရှိပါဘူး။
သောကြာနေ့ညက ပြင်နိုင်ငံ Orly လေဆိပ်ကို Air Force 1 လေယာဉ် ဆိုက်ရောက်ချိန်မှာတော့ ထရမ့်က ဥရောပအနေနဲ့ စစ်တပ်တည်ထောင်ဖို့ လိုတယ်လို့ ပြောဆိုတဲ့ ပြင်သစ်သမ္မတ မက်ခရွန်ကို အကြီးအကျယ် ဝေဖန်လိုက်ပြီး ဒီလိုမလုပ်ခင်မှာ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ် အဖွဲ့ကြီး အတွက် ကုန်ကျငွေတွေကို မျှတခံဖို့ သူက တိုက်တွန်းပါတယ်။ မက်ခရွန်ကလည်း ၁၉၈၇ ခုနှစ် အတွင်း အမေရိကန် သမ္မတ Ronald Reagan နဲ့ ဆိုဗီယက်ခေါင်းဆောင် Gorbachev တို့ လက်ထက်က သဘောတူညီချုပ်ဆိုခဲ့တဲ့လက်နက် ထိန်း ချုပ်ရေး သဘောတူစာချုပ် INF ကနေ နုတ်ထွက်မယ်ဆိုတဲ့ ထရမ့်ရဲ့ ကြေညာချက်ကိုလည်း ဝေဖန်ခဲ့ပါတယ်။ ဒီလို နုတ်ထွက်မှာကြောင့် အဓိက ထိခိုက်နစ်နာမယ့်သူကတော့ ဥရောပပဲဖြစ်တယ်လို့လည်း မက်ခရွန်က ပြောပါတယ်။
ပထမကမ္ဘာစစ်ပြီးဆုံးခဲ့တဲ့ နှစ်ပေါင်းတရာပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ပြင်သစ်နိုင် ငံမြို့ တော် ပဲရစ်စ်မှာ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး အဲဒီအခမ်းအနားကို ကို တက်ရောက်ဖို့ ထရမ့်အပါအဝင် တခြားကမ္ဘာ့ခေါင်းဆောင်တွေ ပဲရစ်ကို ရောက်ရှိနေတာပါ။
Your browser doesn’t support HTML5