Republican ခေါင်းဆောင်ပိုင်း စိမ်းကားမှုအပေါ် Trump တုံ့ပြန်

Republican သမ္မတလောင်း Donald Trump အတွက် မဲဆွယ်စည်းရုံးမှုတွေ မလုပ်တော့ဘဲ လွှတ်တော် ၂ ရပ်လုံးမှာ လက်ရှိ Republican အမတ်နေရာ အများစုရထားတဲ့ အခြေအနေ ပြောင်းမသွားရေးအတွက်ပဲ အာရုံစိုက်နေကြတဲ့ Republican ပါတီဝင်တွေကို Trump က ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

လူထုစစ်တမ်းတခုမှာ ပြိုင်ဘက် ဒီမိုကရက်သမ္မတလောင်း Hillary Clinton က ၁၀ မှတ်သာနေပြီး သမ္မတရွေးကောက်ပွဲ အနိုင်ရနိုင်ခြေ ၈၆% ရှိတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောနေချိန်မှာ ထိပ်တန်း Republican တွေက သူတို့ မနိုင်နိုင်တော့ဘူးလို့ လက်ခံနေကြပုံကြပါတယ်။

အင်္ဂါနေ့တုန်းက Trump က Twitter လူမှုကွန်ယက်ပေါ်မှာ တိုက်ခိုက်ရေးသားမှုတွေ ဆက်တိုက်လုပ်ခဲ့တာမှာ အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan ဟာ သိပ်ပျော့ညံ့ပြီး မထိရောက်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

ပါတီတွင်း သြဇာညောင်းသူတွေက သူ့အပေါ်လုံးဝ မထောက်ခံရင် ရွေးကောက်ပွဲ အနိုင်ရဖို့ ခက်တယ်ဆိုတာကိုလည်း Trump က အသိအမှတ်ပြုခဲ့ပါတယ်။ မဲဆန္ဒရှင်တွေအပေါ် စော်ကားရာရောက်တဲ့ အပြောမျိုးတွေ မကြာခဏ ပြောတတ်တဲ့ Donald Trump ဘက်က ကာကွယ်မဲဆွယ်ပေးတော့မှာ မဟုတ်ဘူးလို့ Mr. Ryan ကတနင်္လာနေ့က Republican လွှတ်တော် အမတ်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူ့အပေါ် အနှောင်အဖွဲ့တွေ ကင်းလွတ်သွားပြီဖြစ်လို့ အမေရိကန်အတွက် သူမဲဆွယ်ချင်သလို ဆွယ်လို့ရပြီလို့လည်း Trump ကTweet လုပ်ပါတယ်။ ဒါ့အပြင် Democrat တွေက Republican ထက် တယောက်အပေါ် တယောက် အများကြီး သစ္စာရှိကြတယ်ဆိုတာ အမြဲ သက်သေပြနေတယ်လို့လည်း Donald Trump ကပြောပါတယ်။

ကျော်ကြားသူတယောက်အနေနဲ့ အမျိုးသမီးတွေကို ခွင့်မတောင်းဘဲ လုပ်ချင်သလို လုပ်လို့ရတယ်လို့ လွန်ခဲ့တဲ့ ၁၁ နှစ်က Trump ပြောခဲ့တဲ့ Video ထွက်ပေါ်လာခဲ့ပြီးနောက် ထိပ်တန်း Republican ပါတီဝင်တွေက သူဟာသမ္မတဖြစ်ဖို့ မသင့်တော်ဘူးလို့ ထုတ်ဖော်ပြောခဲ့ကြပါတယ်။ ခုလို Trump ရဲ့ပြောဆိုမှုဟာ မနှစ်မြို့စရာဖြစ်သလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုလို့ သမ္မတ အိုဘားမားကမြင်ကြောင်း အိမ်ဖြူတော်က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

Republican ခေါင်းဆောင်ပိုင်း စိမ်းကားမှုအပေါ် Trump တုံ့ပြန်