ဂျပန်မီးတောင်ပေါက်ကွဲ လူခန္ဓာ ၃၀ ရှာတွေ့

ဂျပန်အလယ်ပိုင်း Oktake မီးတောင် ပေါက်ကွဲနေစဉ်။ (၀၉-၂၈-၁၄)

ဂျပန်နိုင်ငံမှာ စနေနေ့က အွန်တာဂေး (Ontake) တောင်ထိပ်နားမှာ မီးတောင်ပေါက်ကွဲချိန်မှာ ရှိနေခဲ့တဲ့ တောင်တက်သမား ၃၀ ကျော်ရဲ့ ခန္ဓာကိုယ်တွေကို တွေ့ခဲ့ရကြောင်း ဂျပန်နိုင်ငံ အလယ်ပိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလူ ၃၀ ကျော် တကယ်သေဆုံးပြီဆိုတာ တာဝန်ရှိသူတွေက အတည်မပြုသေးပေမယ့် အဲဒီလူတွေ နှလုံးခုန်ရပ်သွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့က ဖော်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ လူသေဆုံးမှုနဲ့ပတ်သက်ပြီး ဆရာဝန်ရဲ့အတည်ပြုချက်မရခင်မှာ နှလုံးခုန်ရပ်တယ်ဆိုတဲ့ စကားလုံး သုံးလေ့ရှိပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့ မနက်ခင်းမှာ မီးခိုးပြာတွေဖုံးနေတဲ့ Ontake တောင်ခြေမှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဖွဲ့တွေ ရာနဲ့ချီပြီး လွှတ်ထားခဲ့ပါတယ်။

လူတစ်ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး တချို့တောင်တက်သမားတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကြိုတင်သတိပေးချက် မထုတ်ပြန်နိုင်ခဲ့တဲ့ ဒေသစံတော်ချိန် စနေနေ့ နေ့လည်ခင်းမှာ မီးတောင်ပေါက်ကွဲအပြီး Ontake မီးတောင်နားမှာ လူတွေ ရာနဲ့ချီ ပျောက်ဆုံးနေခဲ့ပြီး စနေနေ့ညနေလောက်မှာ လမ်းရှာပြီး တောင်အောက်ကို ဆင်းခဲ့ကြရပါတယ်။

အွန်တာကေးမီးတောင်ဟာ နွေရာသီမှာ တောင်တက်သမားတွေ တက်လေ့ရှိတဲ့ လူသိများတဲ့ တောင်တခုဖြစ်ပါတယ်။ တိုကျိုမြို့အနောက်ဘက် Nagano နဲ့ Gifu ခရိုင်ကြားမှာ ရှိပါတယ်။ ၁၉၇၉ ခုနှစ်ကလည်း အွန်တာကေးတောင်ပေါ်မှာ မီးတောင်ပေါက်ကွဲခဲ့ပါသေးတယ်။