၂ဝ၁၈ DV ဗီဇာကံစမ်းမဲ အောက်တိုဘာ ၄ ရက် စတင်လျှောက်ထားနိုင်ပြီ

dv 2018 (U.S. Embassy Rangoon Consular Section)

၂၀၁၈ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုဆီ တရားဝင် ပြောင်းရွှေ့ အခြေချ နေထိုင်ခွင့်ရစေမယ့် ပြည်ဝင်ခွင့် DV ကံစမ်းမဲ အစီအစဉ်တွေကို မြန်မာစံတော်ချိန် အောက်တိုဘာလ ၄ ရက် မွန်းတည့်ချိန်ကနေ စတင်လက်ခံပြီဖြစ်ကြောင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက တရားဝင် ကြေညာထားပါပြီ။ အမေရိကန်နိုင်ငံမှာ လာရောက် အခြေချလိုသူတွေကို နှစ်စဉ် လူဦးရေ ၅ သောင်းကို DV ကံစမ်းမဲ အစီအစဉ်နဲ့ ကျပန်းမဲဖောက်ပေးနေတာဖြစ်ပြီး အခု ခေါ်ယူတဲ့ ကံစမ်းမဲ ပေါက်သူတွေဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ကို ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ကံစမ်းမဲလျှောက်လွှာမှာဖြည့်သွင်းရမယ့် အချက်အလက်တွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အမေရိကန်သံရုံး ဝဘ်ဆိုဒ်မှာရော၊ သံရုံးရဲ့ Facebook စာမျက်နှာပါ ရယူနိုင်ပါတယ်။ ကံစမ်းမဲလျှောက်လွှာအတွက် အရည်အချင်းပြည့်မီတဲ့ လိုအပ်ချက်တွေအနက် ဗီဇာလျှောက်ထား လိုသူဟာ အထက်တန်းပညာ (သို့) အထက်တန်းပညာနဲ့ညီမျှတဲ့ အတတ်ပညာ တတ်မြောက်ရပါမယ်လို့ သတ်မှတ်ထားပါတယ်။ အနည်းဆုံး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးတွေကို ၁၂ နှစ် ဆည်းပူးအောင်မြင်ရမယ်လို့ ဆိုလိုပါတယ်။ ဒါမှမဟုတ်ရင် ငါးနှစ်အတွင်း အလုပ်သင် သင်တန်း သို့မဟုတ် လုပ်ငန်းအတွေ့အကြုံ ကို နှစ်နှစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ဖို့ လိုအပ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လျှောက်လွှာတွေကို စစ်ဆေးရာမှာ ခေတ်မီ ဆန်းသစ်တဲ့ နည်းပညာကို သုံးပြီး လူတစ်ယောက်က လျှောက်လွှာ တစုံထက် ပိုပြီးလျှောက်ခဲ့မယ်ဆိုရင် လုံးဝလက်ခံမှာ မဟုတ်ဘဲ လျှောက်လွှာ အားလုံးကို ပယ်ချမှာဖြစ်ကြောင်း စည်းကမ်းချက်ထဲမှာ ပါရှိပါတယ်။ အီလက်ထရောနစ်နည်းနဲ့ တင်သွင်းတဲ့ လျှောက်လွှာကိုသာ လက်ခံမှာဖြစ်ပြီး လျှောက်လွှာ တင်ရမယ့် ဝဘ်ဆိုဒ်လိပ်စာက - www.dvlottery.state.gov ဖြစ်ပါတယ်။

အမေရိကန်သံရုံး ကောင်စစ်ဌာနက ကံစမ်းမဲလျှောက်လွှာနဲ့ပတ်သက်လို့ စိတ်ဝင်စားလျှောက်ထားလိုသူတွေကို ရှင်းလင်းပြောကြားမယ့် အစီအစဉ်တွေကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အခမဲ့ ကျင်းပပေးသွားဖို့ရှိပါတယ်။ ရန်ကုန်မြို့မှာ ပထမအကြိမ် ဟောပြောပွဲကို YMCA အဆောက်အဦးရှိ ပဉ္စသိင်္ခ ခန်းမမှာ အောက်တိုဘာ ၇ ရက် သောကြာနေ့၊ အောက်တိုဘာလ ၁၃ ရက် ကြာသပတေးနေ့မှာ ယုဒဿန် ခန်းမနဲ့ အောက်တိုဘာလ ၁၄ ရက်မှာ အမေရိကန်စင်တာမှာ အသီးသီး စီစဉ်ထားပြီး အချိန်ကတော့ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ တချိန်တည်း ဖြစ်ပါတယ်။

မန္တလေးမှာတော့ ဂျက်ဖာဆင် စင်တာမှာ အောက်တိုဘာ ၁၁ ရက်၊ အင်္ဂါနေ့၊ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ ဖြစ်ပါတယ်။

ဟောပြောပွဲတိုင်းမှာ DV ကံစမ်းမဲ လျှောက်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုသာမက မဲပေါက်သူတွေလည်း ဘာတွေဆက်ပြီးလုပ်ရမယ်ဆိုတာကို ကောင်စစ်ဌာန အရာရှိက ရှင်းပြမှာဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ပြောပြပေးပါလိမ့်မယ်။ ဟောပြောပွဲတက်ရောက်သူတွေက ကံစမ်းမဲနဲ့ပတ်သက်လို့ မေးမြန်းတာတွေကိုလည်း ဖြေကြားပေးဖို့ စီစဉ်ထားပါတယ်။

အင်တာနက်ကနေ လျှောက်လွှာတင်ရမှာဖြစ်လို့ - တပြိုင်တည်းမှာ လူသုံးများနေရင် လျှပ်စစ်နဲ့ အင်တာနက်ဆိုင်ရာ အသုံးများမှုပေါ် မူတည်ပြီး နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နိုင်တာကြောင့် နောက်ဆုံးရက်၊ နောက်ဆုံးသီတင်းပတ်အထိ စောင့်ဆိုင်းမနေကြဘဲ စောစောစီးစီး လျှောက်လွှာတင်ပို့ကြဖို့ကိုလည်း အမေရိကန်သံရုံးက အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်ထားတဲ့ အသိပေးစာမှာ တပါတည်း ဖော်ပြထားပါတယ်။

ပြည်ဝင်ခွင့်ကံစမ်းမဲ လျှောက်လွှာတွေကို အောက်တိုဘာ ၄ ရက်၊ အင်္ဂါနေ့ မွန်းတည့်မှစပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၇) ရက်၊ တနင်္လာနေ့ မွန်းတည့်အထိ လက်ခံသွားမှာဖြစ်ပါတယ်။

ဟောပြောပွဲအကြောင်းသိချင်ရင် ကောင်စစ်ဌာနရဲ့ အီးမေးလ် လိပ်စာ ConsularRangoon@State.gov ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကနေ DV ပြည်ဝင်ခွင့် ကံစမ်းမဲပေါက်သူပေါင်း ၂၃၆ ဦးရှိပြီး အဲဒီလူတွေဟာ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ကို တရားဝင် လာရောက်ခွင့် ရကြမှာ ဖြစ်ပါတယ်။

၂၀၁၈ နှစ်အတွက် လျှောက်လွှာတွေကို အာရှတိုက်က မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံကို လက်ခံမှာဖြစ်ပါတယ်။