အရှေ့အာရှ ထိပ်သီးအစည်းအဝေး ကျင်းပ

အရှေ့အာရှထိပ်သီး အွန်လိုင်းအစည်းအဝေးပွဲတွင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida စကားပြောစဉ်။ (အောက်တိုဘာ ၂၇၊ ၂၀၂၁)


{{Zawgyi/Unicode}}

အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေကို ဒီကနေ့ အွန်လိုင်းကနေ ဆက်လက်ကျင်းပနေပြီး ၁၆ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး ညီလာခံ၊ ၂၄ ကြိမ်မြောက် အာဆီယံ + ၃ ညီလာခံ၊ ၂၄ ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးညီလာခံ၊ ပထမအကြိမ်မြောက် အာဆီယံ-သြစတြေးလျ ထိပ်သီးညီလာခံတွေကို ကျင်းပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးမှာ အရှေ့တရုတ်နဲ့ တောင်တရုတ်ပင်လယ်တွေအရေး အဓိက ပါဝင်ခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Scott Morrison နဲ့ အစည်းအဝေးမှာတော့ အရှေ့တောင်အာရှဒေသ လုံခြုံရေး၊ ဥတုရာသီပြောင်းလဲမှုနဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေအတွက် ရန်ပုံငွေ ဒေါ်လာ ၉၃ သန်း ကူညီမယ့်အစီအစဉ်ကို ဝန်ကြီးချုပ် Morrison က ကြေညာခဲ့ပါတယ်။
တချိန်တည်းမှာပဲ သြစတြေးလျ၊ ယူကေနဲ့ အမေရိကန် သုံးနိုင်ငံကြား ချုပ်ဆိုထားတဲ့ AUKUS လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကိုလည်း ဝန်ကြီးချုပ် Morrison က ကာကွယ်ပြောဆိုခဲ့ပါတယ်။

အရှေ့အာရှ ထိပ်သီးညီလာခံကို အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့ အွန်လိုင်းကတဆင့် တက်ရောက်မှာဖြစ်သလို ရုရှားသမ္မတ Vladimir Putin လည်း ဗွီဒီယိုနဲ့ မိန့်ခွန်းပြောကြားမယ်လို့ AP သတင်းမှာ ရေးပါတယ်။

ဒီနေ့ ဆက်ပြီးကျင်းပတဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံ ပါဝင်တက်ရောက်ခြင်း မရှိပါဘူး။ နိုင်ငံ့အကြီးအကဲ ဒါမှမဟုတ်၊ အစိုးရအဖွဲ့ အကြီးအကဲ ဒါမှမဟုတ် နိုင်ငံ့အကြီးအကဲကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂ္ဂိုလ် ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားမှသာ တက်ရောက်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

ထိပ်သီးအစည်းအဝေးတွေ မတက်ရောက်တာဟာ အာဆီယံကိုမကျေနပ်လို့ သပိတ်မှောက်တာ မဟုတ်ဘဲ ပဋိဉာဏ်စာချုပ်ပါမူတွေနဲ့အညီ ရသင့်တဲ့ အခွင့်အရေးတွေကို တောင်းဆိုတာသာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။


============

{{Unicode}}









#EastAsiaSummit #ASEAN #VOABurmese
============