ဆန္ဒခံယူပွဲလုပ်ဖို့ ကန့်ကွက်မှာမဟုတ်ကြောင်း ယူကရိန်း ယာယီသမ္မတပြော

ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov

ယူကရိန်းနိုင်ငံဟာ ဘယ်လိုတိုင်းပြည်မျိုးဖြစ်သင့်တယ်ဆိုတဲ့ လူထုဆန္ဒခံယူပွဲကို သူ့အနေနဲ့ ကန့်ကွက်မှာ မဟုတ်ဘူးလို့ ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov က ပြောလိုက်ပါတယ်။

ယူကရိန်းအရှေ့ဖက်ခြမ်းအတွက်တော့ လုပ်ပိုင်ခွင့်တွေ ပိုပေးရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မစ္စတာ Turchynov က ပြောလိုက်ပြီး လူအများစုဟာ လွတ်လပ်ပြီး တစုတစည်းတည်းရှိတဲ့ ယူကရိန်းနိုင်ငံအဖြစ်ကို လိုလားကြတယ်လို့ ဆိုပါတယ်။

ယူကရိန်းအရှေ့ခြမ်းက ဆန္ဒပြသူတွေပေါ် အကြမ်းဖက်သမားဆန့်ကျင်ရေးစစ် စပြီး ဆင်နွှဲသွားမယ်လို့ ယူကရိန်းယာယီသမ္မတ Turchynovက ရာဇသံပေးလိုက်ပါတယ်။ ငြိမ်းချမ်းစွာနဲ့ လက်နက်ချမယ့် သူတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမယ်လို့ သူက ကတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samatha Power က ရုရှားနိုင်ငံဟာ ဇာတ်လမ်းတွေ တမင် ဖန်တီးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ပြုမူဆောင်ရွက်ပုံတွေ၊ ဝါဒဖြန့်ပုံတွေ၊ ယူကရိန်းနိုင်ငံမှာ ရုရှားစစ်အင်အား ၄ သောင်းလောက် ချထားတဲ့အခြေအနေတွေဟာ စေ့စပ်ညှိနှိုင်းဖို့ ခက်ခဲ့ကြောင်း သူက ပြောသွားတာပါ။

ယူကရိန်းအစိုးရရဲ့ ခြိမ်းခြောက်မှုအောက်မှာနေရတဲ့ ရုရှားလူမျိုးတွေအတွက် ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ရုရှားနိုင်ငံက တုံ့ပြန်ထားပါတယ်။ ယူကရိန်းအရှေ့ခြမ်းက ရုရှားအနွယ်ဝင်၊ ယူကရိန်းနိုင်ငံသားတွေဟာလည်း ဖွဲ့စည်းပုံအသစ်ရေးဆွဲရာမှာ ပါဝင်သင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က ပြောပါတယ်။

Horlivka (ဟော်လစ်ဗ် ကာ)မြို့မှာလဲ ရုရှလိုလားတဲ့ ဆန္ဒပြသူတွေက အစိုးရ အဆောက်အဦတွေကို သိမ်းပိုက်ထားပါတယ်။ ခရီးမီးယားမှာလိုပဲ ယူကရိန်းကခွဲထွက်ပြီး ရုရှားနိုင်ငံနဲ့ ပေါင်း/မပေါင်း လူထုဆန္ဒခံယူပွဲလုပ်ဖို့ တောင်းဆိုနေကြပါတယ်။ ဒီလူထုဆန္ဒခံယူပွဲကို သမ္မတရွေးကောက်ပွဲ ကျင်းပချိန် မေလ ၂၅ မှာ တပြိုင်တည်း ကျင်းပနိုင်တယ်လို့ မစ္စတာ တာချီနော့်ဖ် က ပြောပါတယ်။