Ebola ကုနိုင်ဖွယ် ဆေးဝါးသစ်

အာဖရိကတိုက်မှာ အလုပ်သွားလုပ်ရင်း Ebola Virus ပိုးကူးစက်ခံထားရတဲ့ အမေရိကန် ၂ ယောက်ကို ဆေးရွက်ကြီးကထုတ်တဲ့ စမ်းသပ်ဆေးဝါးနဲ့ ကုသနေတာ တိုးတက်တဲ့ လက္ခဏာတွေ တေ့ွနေရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ထဲက ဝန်ထမ်း ၉ ယောက်ပဲရှိတဲ့ Mapp Bio-pharmaceutical ဆိုတဲ့ ကုမ္ပဏီက ဆေးရွက်ကြီးပင်က ကုစားနိုင်တဲ့ ပရိုတင်းဓာတ်နဲ့ ZMapp ဆိုတဲ့ Ebola ကုသဆေးကို စမ်းသပ်ထုတ်ထားတာပါ။

အဲဒီဆေးကို Ebola ကူးစက်နေတဲ့ မျောက်တွေမှာ စမ်းသပ်ခဲ့တာမှာ ကောင်းမွန်တဲ့ လက္ခဏာတွေ တွေ့ခဲ့ရပေမဲ့ လူတွေမှာ စမ်းသပ်မှု လုပ်မထားပါဘူး။ ဒါပေမဲ့ လိုက်ဘေးရီးယားမှာ ခရစ်ယာန် သာသနာပြု သွားလုပ်ရင်း Ebola ရောဂါ ကူးစက်လာတဲ့ အမေရိကန် ၂ ယောက်မှာ အသုံးပြုဖို့ ကုမ္ပဏီက ဆေးထုတ်ပေးခဲ့ပါတယ်။ ရောဂါကူးလာတဲ့ ဆရာဝန် Kent Brantly နဲ့ သာသနာပြု Nancy Writebol တို့ကို အမေရိကန်ကို ပြန်ခေါ်မလာခင် ZMapp ဆေးကို တိုက်ကျွေးခဲ့ပါတယ်။

စနေနေ့က အမေရိကန်ကို ပြန်ရောက်လာတဲ့ Brantly ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်လာပုံရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အင်္ဂါနေ့က အမေရိကန်ကို ပြန်ရောက်လာတဲ့ Writebol ရဲ့ အခြေအနေဟာလည်း တိုးတက်တဲ့ လက္ခဏာတွေ ပြသနေတယ်လို့ သူ့ရဲ့သားက ပြောပါတယ်။

ဒီဆေးပမာဏ အတော်ကို နည်းပါးနေတဲ့အတွက် အနောက်အာဖရိကမှာ လက်ရှိကူးစက်ဖြစ်ပွားနေတဲ့ Ebola ရောဂါကို ချက်ချင်း တိုက်ဖျက်နိုင်လောက်တဲ့ ပမာဏမရှိဘူးလို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။