အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက အမေရိကန် ပြည်ထောင်စုအတွင်း ပထမဆုံး အီဘိုလာရောဂါ ဝေဒနာရှင်တဦးကို ရှာဖွေ တွေ့ရှိထားကြောင်း ပြောဆိုပါတယ်။
ရောဂါထိန်းချုပ်မှုဆိုင်ရာ ဗဟိုဌာန CDC ရဲ့ အကြီးအကဲ ဒေါက်တာ Tom Frieden က လိုက်ဘေးရီးယားနိုင်ငံမှာ ရောဂါကူးစက်ခံခဲ့ရတဲ့ အမျိုးသား ဝေဒနာရှင်တယောက်ကို တွေ့ရှိထားကြောင်း အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
သူဟာ အနောက်တောင်ပိုင်း Texas ပြည်နယ် Dallas မြို့ကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဆိုက်ရောက်ခဲ့ပြီး ရက်အတန်ကြာပြီးမှ ရောဂါလက္ခဏာကို စတင် ပြသခဲ့တယ်လို့ ဆိုပါတယ်။
အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ ဝေဒနာရှင်ကို Texas ပြည်နယ်က ဆေးရုံတခုမှာ သီးသန့် ကြပ်မတ်ထားကြောင်း ဒေါက်တာ Tom Frieden က ပြောပါတယ်။ နောက်ပြီး တာဝန်ရှိသူတွေဟာ ဝေဒနာရှင်နဲ့ ထိတွေ့ဆက်ဆံမှု ရှိခဲ့သူတွေကိုလည်း ရှာဖွေနေကြောင်း ပြောပါတယ်။
အာဏာပိုင်တွေအနေနဲ့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်မယ်ဆိုတာ သံသယရှိစရာ မလိုကြောင်းနဲ့ အမေရိကန်နိုင်ငံကို ပျံ့နှံ့သွားဖို့ မဖြစ်နိုင်ကြောင်း CDC အကြီးအကဲက ပြောပါတယ်။
အာဖရိကမှာ ကူးစက်ခံခဲ့ရတဲ့ အမေရိကန် ကျန်းမာရေးဝန်ထမ်းတွေကို ရောဂါကုသဖို့ အမေရိကန်နိုင်ငံကို ပြန်လည် ခေါ်လာလေ့ရှိကြောင်း၊ ဒါပေမဲ့ Texas ပြည်နယ်က လူနာဟာ အမေရိကန် ပြည်ထောင်စုအတွင်း ပထမဆုံး တွေ့ရတဲ့ အီဘိုလာ ရောဂါဝေဒနာရှင် ဖြစ်တယ်လို့ ပြောပါတယ်။