အီဘိုလာထိန်းချုပ်ရေး ပိုပြီးလုပ်ဆောင်ဖို့ ကုလကန်သံအမတ် တိုက်တွန်း

U.S Ambassador to the U.N. Samantha Power

အနောက်အာဖရိကမှာ လူပေါင်း ၅ ထောင်နီးပါး သေဆုံးခဲ့ရပြီးဖြစ်တဲ့ အီဘိုလာကူးစက်ပျံ့နှံ့မှုကို ပိုပြီး တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေအပေါ်မှာ အာရုံစိုက်ကြဖို့ ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။

သံအမတ်ကြီး Samantha Power က ဂီနီနိုင်ငံမှာ တရက်တာ နေထိုင်ခဲ့ပြီးနောက် ဒီကနေ့ တနင်္လာနေ့ အစောပိုင်း Twitter စာမျက်နှာမှာ လိုအပ်ချက် အတိုင်းအတာက မယုံနိုင်စရာပါဘဲ၊ အခြေခံ အကျဆုံး အရင်းအမြစ်တွေက အသက်တွေကို ကယ်တယ်နိုင်မယ်လို့ ရေးသားခဲ့ပါတယ်။ Sierra Leone နဲ့ Liberia နိုင်ငံတို့ အပါအဝင် အီဘိုလာ အဆိုးဆုံး ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ဒီသတင်းပတ် အတွင်း သူမ သွားရောက်နေတာ ဖြစ်ပါတယ်။

ဂီနီနိုင်ငံတွင်းမှာ နယ်စည်းမထား ဆရာဝန်များ အဖွဲ့နဲ့ အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေး ဌာနတို့ အပါအဝင် ဂီနီနိုင်ငံတွင်း အီဘိုလာ လူနာတွေကို ကုသပေးရေး အားထုတ်မှုတွေဖြစ်တဲ့ ကုသရေး အဆောက်အအုံတွေ ဆောက်လုပ်တာ၊ လူထုပညာပေးရေး လုပ်ငန်းတွေကိုလည်း မစ္စ Power က ဦးစားပေး ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် တနင်္ဂနွေနေ့က သမ္မတ အိုဘားမားက ပြည်သူ့ကျန်းမာရေးနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးတွေနဲ့ ပြည်တွင်း အီဘိုလာ ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်ရေး သင့်တော်တဲ့ အတိုင်းအတာ ချမှတ်လုပ်ဆောင်ရေးလို့ အိမ်ဖြူတော်က သုံးနှုန်းတဲ့ အစည်းအဝေးကိုလည်း မစ္စ Power က ဗွီဒီယိုကနေ ပါဝင် ဆွေးနွေးခဲ့ပါတယ်။