တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ

ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျောက်ရှိ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ ထိုင်းဒေသ ကွပ်ကဲရေးစစ်ဌာန အမှတ် (၄) တပ်က လုံခြုံရေးတပ်ဖွဲ့တွေ ဒီကနေ့ပဲ တိုးချလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲတွေကျင်းပဖို့ နီးကပ်လာတဲ့အချိန်မှာ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ မြန်မာစစ်အစိုးရတပ်တွေ ထိုင်းမြန်မာနယ်စပ်မှာ ပဋိပက္ခတွေမဖြစ်ပွားစေဖို့နဲ့ ရွေးကောက်ပွဲကို အနှောင့်အယှက်မပေးနိုင်ရန်အတွက် တပ်တွေကို တိုးချဲ့ချထားခြင်းဖြစ်တယ်လို့ အမှတ် (၄) တပ်က ဗိုလ်ချုပ်ကြီး ဖဒွန်ယင့်ဖိုင် ဘွန်စွန် က ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့သွားရောက်စဉ်က နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေချိုးဖောက်မှုများကို အရေးယူဆောင်ရွက်သွားဖို့အတွက် သဘောတူညီချက်တွေ ပျက်ပြယ်သွားမှာ စိုးရိမ်တဲ့အတွက်ကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တဆက်ထဲမှာ နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) နဲ့ မြန်မာစစ်အစိုးရတပ်တို့ အခြေအနေတင်းမာနေတဲ့ အပေါ်မှာလည်း အလေးထား စောင့်ကြည့်နေတယ်လို့ ထိုင်းဗိုလ်ချုပ်ကြီးက ပြောပါတယ်။

............................

မိုင်းရှူးမြို့၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်တင်ရွှေက ကျေးရွာအုပ်စုတွေဘက် စည်းရုံးရေးဆင်းရာ မှာ လူထုတွေကို ဆင့်ခေါ်ထားပေမဲ့ တရွာကို နှစ်ယောက် သုံးယောက်ပဲ ရောက်လာလို့ ကျေးရွာအုပ်စုဥက္ကဋ္ဌနဲ့ ရွာသူကြီးတွေကို မနေ့က ခေါ်ယူသတိပေးခဲ့ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတ မဲထည့်ပုံထည့်နည်း နားထောင်ဖို့ မြို့ပြင်က ရွာတွေကို ဆင့်ခေါ်ခဲ့ ရာမှာ ဝမ်ငါ့ရွာက ၃ ယောက်၊ နမ့်တောင်ရွာက ၂ ယောက်ပဲလာတယ်လို့ ဝန်ထမ်းတဦးက ပြောပါ တယ်။

မိုင်းရှူးမြို့၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်တင်ရွှေကိုယ်တိုင် ပြည်နယ်လွှတ်တော်အဆင့်မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ဦးမင်းမင်းနဲ့ ဦးစိုင်းကမ် တို့လည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ အသီးသီးယှဉ်ပြိုင်မှာဖြစ်ပါတယ်။

……………………….

တောင်ကြီးမြို့နယ်က ပအိုဝ်းလူမျိုး အများစုနေတဲ့ ကျေးရွာတွေမှာ ဒေသခံအာဏာပိုင်ကနေတဆင့် ရွာသူကြီးတွေကို ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မဲပေးခွင့်ရတဲ့သူတွေရဲ့ စာရင်းတွေကို ရွာသူကြီးက လိုက်လံကောက်ယူပြီး မဲပေးရမယ့်နေ့မှာ ကြံ့ခိုင် ရေးပါတီကိုပဲပေးရမယ်။ မပေးခဲ့ရင် အရေးယူခံရမယ်လို့ ပြောခဲ့ကြောင်း စာရင်း အကောက်ခံရတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့တုံးက ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေက ကျေးရွာတွေမှာသွားပြီး သူတို့ပါတီကို မဲပေးဖို့ စည်းရုံးရေးဟောပြောပွဲတွေကို ကျင်းပခဲ့ပြီး အဲဒီဟောပြောပွဲကိုလာတက်တဲ့ ကျေးရွာသားတွေကို တယောက် ကျပ်တထောင်စီ ပေးတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

………….

ကျွန်မက ချမ်းလွန်ပါ။ အခု သတင်းဆောင်းပါး တပုဒ်ကို ကြားကြရမှာပါ။ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် တိုင်းရင်းသူ အမျိုးသမီး ၆ ယောက်ဟာ ငြိမ်းချမ်းရေးရှာဖွေသူ Peace Finders ဆိုတဲ့ နာမည်နဲ့ သီချင်းတွေနဲ့ စည်းရုံးလှုံ့ဆော်နေကြပါတယ်။ ဘာသီချင်းတွေကို သီဆိုထားတယ်၊ ဘယ်လိုအကြောင်းအရာတွေ ပါဝင်လဲဆိုတာကို ဒေလီထက်က စုစည်းတင်ဆက်ပေးထားပါတယ်။

……………….

နို့နှစ်ရောင်ဆေးသုတ်ထားတဲ့ ခြံဝင်းအတွင်းမှာ တိုင်းရင်းသူအမျိုးသမီးတွေဟာ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးအကြောင်းတွေကို တယောက်နဲ့တယောက် ဖလှယ်ပြောဆိုကြပါတယ်။

သူတို့ဟာ မြန်မာပြည်ဆိုင်ရာ စင်ပြိုင် အာဆီယံအဖွဲ့ ရဲ့သင်တန်းသူတွေပဲ ဖြစ်ပါတယ်။

ဒီတိုင်းရင်းသူလေးတွေက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ စည်းရုံးရေးသီချင်းသီဆိုဖို့ သဘောတူကြတယ်လို့ မွန်အမျိုးသမီး တယောက်က ပြောပါတယ်။

“ပရောဂျက်တခုလုပ်ရတယ်။ ခြောက်ယောက်လုံးက တက်ညီလက်ညီနဲ့ အဲလိုမျိုး ရွေးကောက်ပွဲအကြောင်းကို ဆန့်ကျင်ဖို့ အတွက် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်”

(ကြံ့ဖွံ့တွေကို ဆန့်ကျင်ကြမယ်၊ စစ်ကျွန်မဖြစ်အောင် ကာကွယ်မယ်။ ဒီမိုကရေစီရရှိရေးအတွက် တော်လှန်ကြစို့ကွယ်။)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် မူတည်နေတဲ့ရွေးကောက်ပွဲဟာ တိုင်းရင်းသားလူမျိုးအားလုံးအတွက် အကျိုးအမြတ်မရှိတဲ့အပြင် ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲဆွယ်တဲ့ အကြောင်း၊ လက်ရှိတိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ၊ လယ်ယာမြေ အသိမ်းခံရတာတွေ၊ ပြေးလွှားရတဲ့အကြောင်းနဲ့ တကယ်ဖြစ်နေတဲ့ အဖြစ်ပျက်တွေမဖြစ်အောင် ပြောင်းလဲဖို့သင့်ပြီ။ ပြည်သူတွေ အနေနဲ့ ကလည်း ဒါကိုစဉ်းစားပြီး ပါဝင်ဆန့်ကျင်ဖို့ ရေးသားထားတာလည်း ရှိတယ်လို့ ကယောအမျိုးသမီး လုမူဖိုးက ပြောပြပါတယ်။

“လူကြီးဖြစ်ဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ်ဖြစ် သီချင်းဆိုတာ စိတ်ဝင်စားကြတယ်လေး။ အဲဒါကြောင့်မို့လို့ သီချင်းရွေးပြီးတော့မှ ကျမတို့ပေးချင်တဲ့ Message တွေကို သီချင်းထဲမှာ ထည့်ပြီးတော့မှ လုပ်ရတာ ပေါ့နော်။ မျှော်လင့်ချက်ကတော့ ရွေးကောက်ပွဲပြီးရင် ဘာတွေဖြစ်နိုင်လဲဆိုတဲ့ အကျိုးသက်ရောက်မှု တွေနဲ့ သူတို့ စဉ်းစားမိအောင်ပေါ့နော်”

တိုင်းရင်းသူ အမျိုးသမီးတွေကနေပြီး ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုတဲ့ သီချင်းတွေထဲမှာဆိုရင် သံချပ် သီချင်းပုံစံ၊ ကလေးသီချင်း သံစဉ်၊ ခေတ်ပေါ်သံစဉ်နဲ့ ကလေးသီချင်း သံစဉ်ကို ရောစပ်ထားပြီး သီးချင်းသုံးပုဒ်ကို သီဆိုထားကြတာပါ။

ဒီလိုအဖြစ်မျိုး ဆက်မဖြစ်အောင် ဘာတွေလုပ်နိုင်မလဲ၊

သံပြိုင်။ ။ ငါတို့တွေ စည်းလုံးကာ ရွေးကောက်ပွဲကို ကန့်ကွက်မယ်။

၂၀၁၀ ရွေးကောက်ပွဲဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတာကြောင့် တခြားသောတိုင်းရင်းသား မျိုးနွယ်စုတွေကလည်း ညီညီညွတ်ညွတ်နဲ့ လက်တွဲကူညီပြီး ဆန့်ကျင်မှသာ အောင်မြင်မှုကို ရလာလိမ့်မယ်လို့ ငြိမ်းချမ်းရေးရှာဖွေသူ Peace finder အဖွ့ဲက ပြောသွားပါတယ်ရှင်။

ရွေးကောက်ပွဲမှာ မပါဝင်ဖို့

စည်းလုံးမှုနဲ့အရင်းတည်ကာ ပြည်သူတွေမှာ အောင်ပွဲဝင်ဖို့။

အချိန်မလွန်ခင် စည်းလုံးပါ။