ထိုင်းနိုင်ငံ စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးဂယက်

A Thai anti-coup protester holds a banner during a protest outside a shopping complex in Bangkok, Thailand Saturday, May 24, 2014. Thailand's coup leaders said Saturday that they would keep former Prime Minister Yingluck Shinawatra, Cabinet members and an

ထိုင်းနိုင်ငံမှာ အားနည်းတဲ့ အိမ်စောင့်အစိုးရလက်ထက် ခြောက်လကြာ မရေရာ မသေချာမှုတွေ ကြုံခဲ့ရအပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီး တဲ့နောက် ထိုင်းစီးပွားရေး ရှေ့အလားအလာအပေါ် စီးပွားရေး လေ့လာသုံးသပ်သူတွေ သတိထားပြီး အကောင်းမြင် သဘော ပြောကြပါတယ်။ ရေတို ပြန်ပြီး နာလန်ထူလာမယ် လို့ မျှော်လင့်ထားကြပေမယ့်လည်း ပြည်ပ စီးပွားရေးလုပ်ငန်းတွေ ဟာ နိုင်ငံရေးအလားအလာကို ခန့်မှန်း သုံးသပ်နေကြတာနဲ့အမျှ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ မရေမရာဖြစ်မှုက လွှမ်းမိုးနေ ပါတယ်။ ဘန်ကောက်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Ron Corben ပေးပို့ထားတဲ့ သတင်း ဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။

လပေါင်းများစွာကြာအောင် နိုင်ငံရေးအခြေအနေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေခဲ့ပြီးတဲ့နောက် ထိုင်းစစ်တပ်က အိမ်စောင့် အစိုးရကို အာဏာ သိမ်းဖြုတ်ချခဲ့အပြီး နောက်တရက် သောကြာနေ့မှာ ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာငွေကြေး အစုရှယ်ယာဈေးကွက်တွေ သတိနဲ့ တုန့်ပြန်ခဲ့ကြပါ တယ်။

နိုင်ငံရေးတည်ငြိမ်မှုသာ ပြန်ဖြစ်လာမယ်ဆိုရင် ရေရှည် ဖွံ့ဖြိုး တိုးတက်မှုကို ပြန်အသက်သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး စီးပွား ရေးပညာရှင်တွေက သတိကြီးစွာနဲ့ ရင်ခုန်နေကြဆဲရှိပါတယ်။

သောကြာနေ့က ဈေးကွက်အခြေအနေဟာ လပေါင်းများစွာ ကြာအောင် နိုင်ငံရေးပဋိပက္ခတွေ ဖြစ်နေခဲ့တဲ့အပေါ် တုန့်ပြန် ချက် ဖြစ်ခဲ့တယ်လို့ ဘန်ကောက်မြို့တော်အခြေစိုက် SC Securities ကုမ္ပဏီက အရောင်းဌာန အမှုဆောင်ညွှန်ကြားရေးမှူး Vikas Kawatra က ပြောပါတယ်။

“ဈေးကွက်ဖွင့်ချိန်မှာ နည်းနည်းလေး နိမ့်ပေမယ့် ၁.၁% လောက်ပဲ နိမ့်တာပါ။ ဒါကိုကြည့်ပြီးတော့ အာဏာ သိမ်းတဲ့ အပေါ် နိုင်ငံခြားသားတွေက ကြိုက်တယ် မကြိုက်ဘူး ဆိုတာ ပြနေတယ်လို့ တကယ်တမ်း ပြောလို့မရပါဘူး။ ၁% ဆိုတာက တုန့်ပြန်ချက်လို့တောင် မပြောနိုင်ပါဘူး။ ကုန်သွယ်မှုပမာဏ က ကောင်းပါတယ်။ ဒေသခံတွေက အခြေအနေတစုံလုံးအပေါ် သိပ်ကို စိတ်ပျက်နေကြတာမို့ အာဏာသိမ်းတာကို ကြိုဆိုပါ တယ်။ ဒေသခံတွေဆိုတာ ဘန်ကောက်လူထုကို ဆိုလိုတယ်ဆိုတာ မမေ့ပါနဲ့။ ဘန်ကောက်လူထုအများစုက အခြေအနေတွေအပေါ် မတူ ကွဲပြားတဲ့အမြင် ရှိကြပါတယ်။”

လပေါင်းများစွာကြာတဲ့ ဆန္ဒပြပွဲတွေ၊ ဖေဖော်ဝါရီလကကျင်းပခဲ့တဲ့ မအောင်မမြင် ရွေးကောက်ပွဲ၊ လူ ၃၀ နီးပါးသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံ ရဲ့စီးပွားရေးဟာ ဆုတ်ယုတ်ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာပါ။

ပဋိပက္ခကြောင့် ရင်းနှီးမြှုပ်နှံသူတွေနဲ့ စားသုံးသူတွေရဲ့ ယုံကြည်မှု အညွှန်းကိန်း ကျသွားတာနဲ့အမျှ ၂၀၁၃ ခုနှစ် နောက်ဆုံးသုံးလပတ် နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ် ပထမလေးလပတ်မှာ ထိုင်းစီးပွားရေးဟာ ၂% ကျော် ကျသွားခဲ့တယ်လို့ စီးပွားရေးဆိုင်ရာ တနိုင်ငံလုံးအဆင့် ပညာရှင်အဖွဲ့တဖွဲ့က ပြောထားပါတယ်။

ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုက ရေရှည် စီးပွားရေးတည်ငြိမ်မှုဆီ ဦးတည် သွားဖို့ဖြစ်တယ်လို့ ထိုင်း ကူးသန်းရောင်းဝယ်ရေး တက္ကသိုလ် ရဲ့ ညွှန်ကြားရေးမှူး Thanavath Phonuchai က ပြောပါတယ်။

“အခုလက်ရှိ ထိုင်းနိုင်ငံမှာ အကြီးမားဆုံးမေးခွန်းက ထိုင်းစီးပွားရေးဟာ တာရှည်ခံနိုင်မယ့် လမ်းကြောင်းနဲ့ ဘယ်လိုမျိုး ကြီးထားနိုင်မလည်း ဆိုတာပါ။ ဒါ သိပ်ကိုအရေးကြီးတဲ့ မေးခွန်းပါ။ ဒီ အာဏာသိမ်းမှု က ရေရှည်မှာ ထိုင်းနိုင်ငံရေး အခြေအနေကို ပိုပြီးတည်ငြိမ်တဲ့ အခြေအနေမျိုး ရောက်စေသင့်ပါတယ်။ ထိုင်းနိုင်ငံရေး မှာ ကောင်းမွန်တဲ့အဖြေတခု ရဖို့ရာက ထိုင်းလူထုနဲ့ လူ့အဖွဲ့အစည်း အတွက် အတော်လေး ခက်ခဲပါတယ်။ ဒါကြောင့် တည်ငြိမ် တဲ့ နိုင်ငံရေးအခြေအနေသာ ရှိမယ်ဆိုရင် ရေရှည်မှာ ထိုင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ပါလိမ့်မယ်။”

ထိုင်းနိုင်ငံမှာ ပုံမှန်လည်ပတ်လုပ်ဆောင်တဲ့ အစိုးရတရပ်မရှိတာ ဒီဇင်ဘာလကတည်းကပါ။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ဖွဲ့ထားတဲ့ လွှတ်တော်တရပ်မရှိတာကြောင့် အရေးကြီးတဲ့ ဘဏ္ဍာငွေကြေးနဲ့ အသုံးစရိတ်အစီအစဉ်တွေ ရှေ့ မဆက်နိုင်ပါဘူး။ စီးပွားရေးအတွက် အဓိကမောင်းနှင်အားတခုဖြစ်တဲ့ အစိုးရသုံးစွဲမှုဟာ ၂၀% ကျသွားခဲ့ပြီး ပုဂ္ဂလိကသုံးစွဲမှုက လည်း အားနည်းသွားခဲ့ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံသူတွေဟာ မကြာသေးခင်နှစ်တွေ အတွင်း နိုင်ငံရေးအရ ပိုပြီးတည်ငြိမ်လာခဲ့ဲတဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံ တွေအပါအဝင် ဒေသတွင်း အလားအလာရှိတဲ့ တခြားနေရာတွေကို ကြည့်လာကြပြီလို့ လေ့လာသုံးသပ်သူတွေ က ပြောပါတယ်။

ထိုင်းနိုင်ငံဆီလာဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ ကြည့်နေကြတဲ့ ပြည်ပ စီးပွားရေး သမားတွေဟာ မရေမရာအခြေအနေတွေကြောင့် အစီအစဉ် တွေကို ပြန်ပြီး ဆန်းစစ်လာဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် သြစတြေးလျ ကုန်သွယ်ရေးဆိုင်ရာ အကြီးတန်း မဟာမင်းကြီး Greg Wallis က ပြောပါတယ်။

“လူတွေမှာရှိနေနိုင်တဲ့ ကာလတို စိုးရိမ်ချက်တွေကတော့ အခမ်းအနားတွေ၊ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေ အတွက် ဒီကိုလာကြမှာလားဆိုတာပါ၊ ဒီကိစ္စတွေအပေါ် သူတို့ ဆုံးဖြတ်ချက် ချပါလိမ့်မယ်။ နောက်တခုကတော့ ကုမ္ပဏီတွေ အနေနဲ့ ထိုင်းနိုင်ငံအတွက် သူတို့ရဲ့ ရေရှည်စီမံကိန်းတွေကို ပြန်ဆန်းစစ်ပြီး ဘာဖြစ်နေတယ်ဆိုတဲ့အပေါ် အခြေခံပြီးတော့ အပြု သဘော ဒါမှမဟုတ် အနုလက္ခဏာဆောင်တဲ့ သုံးသပ်ချက်တွေ ချမှတ်ပါလိမ့်မယ်။”

ထိုင်းနိုင်ငံရဲ့ ခရီးသွားနဲ့ ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းဟာလည်း ဖိအားပေးခံနေရပါပြီ။ ပြီးခဲ့တဲ့သီတင်းပတ် အစောပိုင်းမှာ စစ်ဘက်က စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်ခဲ့တာဟာ ခရီးသွားနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အာမခံမူဝါဒတွေနဲ့ သဘောတူညီချက်တွေအပေါ် သက်ရောက်ခြေရှိနိုင်ပါတယ်။

မကြာသေးခင်လတွေအတွင်း နိုင်ငံရေးပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ နိုင်ငံ ၄၀ လောက်က ထိုင်းနိုင်ငံဆီ ခရီးသွား သတိပေး ချက်ထုတ်ပြန်ခဲ့ပါတယ်။ ဟောင်ကောင် စက်မှုလုပ်ငန်းကောင်စီက သောကြာနေ့မှာ အနီရောင်အဆင့် ခရီးသွား သတိပေးချက် ထုတ်ပြန်ခဲ့တာကြောင့် ထိုင်းနိုင်ငံဆီ အုပ်စုလိုက် လာရောက်မယ့် ခရီးစဉ်တွေအားလုံးကို ပယ်ဖျက်ခဲ့ပါတယ်။ စင်္ကာပူ နိုင်ငံခြား ရေးဌာနကလည်း ထိုင်းနိုင်ငံဆီခရီးသွားမယ့် သူတို့နိုင်ငံသားတွေကို အလေးအနက်ပြန်စဉ်းစားဖို့ အကြံပေးခဲ့ပါတယ်။

ခရီးသွားအစီအစဉ်တွေ ပုံမှန်အတိုင်း လည်ပတ်လုပ်ဆောင်ခဲ့ပေမယ့် အလားအလာကတော့ မရေမရာဖြစ်နေတုန်းပဲလို့ Asian Trails ခရီးသွားလုပ်ငန်းအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် Laurent Kuenzle က ပြောပါတယ်။

“ထိုင်းနိုင်ငံ လေဆိပ်အားလုံးကနေ ကျနော်တို့ခရီးသည်တွေရဲ့ အဝင်အထွက်တွေအားလုံးကို ဘာ ပြဿနာမှမရှိဘဲ ကျနော်တို့လုပ်နိုင်ခဲ့ပါတယ်။ ခရီးစဉ်ပယ်ဖျက်တာတွေကနေ ဘယ်လိုသက်ရောက်မှု ရှိလာမလည်းဆိုတာက တော့ လက်ရှိမှာ ကျနော်တို့ မသိပါဘူး။ ဘာဖြစ်မယ်ဆိုတာကို ခန့်မှန်း သုံးသပ်ဖို့က သိပ်ကို ခက်ခဲပါတယ်။”

တစုံလုံးအနေနဲ့ဆိုရင်တော့ ခရီးသွားအရေအတွက်ဟာ နိုင်ငံတဝန်းမှာ အနည်းငယ်ပဲ ကျသွားပါတယ်။ ဒါပေမဲ့လည်း အထူးသဖြင့် ဘန်ကောက်မြို့တော်မှာ ဟော်တယ်ခန်းတွေကို ကြိုတင်ပြီးတော့ စရံသတ်ထားတွေကို ပယ်ဖျက်တာတွေ အများအပြားရှိခဲ့ပြီလို့ ထိုင်း ဟော်တယ်လုပ်ငန်းရှင်များအသင်းက ပြောထားပါပြီ။