စီးပွားရေးနိုဘယ်လ်ဆု အမေရိကန်ပညာရှင် ၃ ယောက် ပူးတွဲရရှိ

၂၀၁၃ ခုနှစ်အတွက် စီးပွားရေးနိုဘယ်ဆုရှင်များ (ဝဲမှယာ) Torsten Persson မှ Per Krusell, Staffan Normark နဲ့ Per Stromberg

၂၀၁၃ ခုနှစ်အတွက် စီးပွားရေးနိုဘယ်ဆုကို အမေရိကန် နိုင်ငံသားတွေ ဖြစ်ကြတဲ့ Eugene Fama- Lars Peter Hansen နဲ့ Robert Shiller တို့ကို ချီးမြှင့်လိုက်ပါတယ်။

စီးပွားရေးပညာရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ စီးပွားရေးဈေးကွက်ကို စောင့်ကြည့်ရာမှာ အသုံးဝင်တဲ့ ဈေးနှုံးဆိုင်ရာ သုံးသပ်မှုတွေကို ထူးထူးခြားခြား လက်တွေ့လုပ်ဆောင်နိုင်ကြတဲ့အတွက် အခုလို ဂုဏ်ပြု ချီးမြှင့်တာဖြစ်ကြောင်း ဆွီဒင် တော်ဝင်သိပ္ပံအဖွဲ့ကြီး (Royal Sewdish Academy of Sciences) က တနင်္လာနေ့မှာ ကြေငြာလိုက်ပါတယ်။

အစုရှယ်ယာ စတော့ဈေးကွက်အတွက် ဈေးနှုန်းတွေနဲ့ ငွေစုလက်မှတ်တွေကို ရက်ပိုင်းလပိုင်းအတွက် ခန့်မှန်းဖို့ သိပ်ခက်ပေမယ့် အခု ဒီစီးပွားရေးပညာရှင်တွေက ဒါကို လာမယ့် သုံးနှစ်ကနေ ငါးနှစ်လောက်အတွက် ကြိုတင်ခန့်မှန်းနိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Fama နဲ့ Hansen တို့ဟာ Chicago တက္ကသိုလ်က ပါမောက္ခတွေဖြစ်ပြီး Schiller ကတော့ Connecticut ပြည်နယ် ယေးလ်တက္ကသိုလ်က ဆရာတဦးဖြစ်ပါတယ်။

၁၈၉၅ ခုနှစ်က ဆွီဒင်နိုင်ငံသား စက်မှုလုပ်ငန်းရှင် Alfred Nobel ပေးအပ်ဖို့ စတင်လုပ်ဆောင်ခဲ့တဲ့ တခြားနိုဘယ်လ်ဆုတွေဖြစ်တဲ့ ဆေးပညာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ စာပေနဲ့ ငြိမ်းချမ်းရေး ဆုတွေလို သုတေသန ထူးချွန်မှုတွေအတွက်ပေးတဲ့ဆုတွေလို မဟုတ်ဘဲ စီးပွားရေးဆိုင်ရာပေးအပ်တဲ့ နိုဘယ်ဆုက တမူကွဲပြားပါတယ်။

စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို Sveriges Riksbank ဆုလို့ တရားဝင်ခေါ်ဆိုပြီး ၁၉၆၈ ခုနှစ်မှာ စတင်ချီးမြှင့်တာဖြစ်ပါတယ်။