ချောက်ပေါက်လား၊ ထွက်ပေါက်လား?

ရွေးကောက်ပွဲတဲ့။

သူ အာဏာမလွဲှခဲ့တဲ့ ၁၉၉၀ အထင်ကရ ရွေးကောက်ပွဲကြီးကို ပြည်သူတွေ မေ့လောက်လျော့လောက်အောင် အနှစ် ၂၀ နှပ်ထား ပြီးမှ ရွေးကောက်ပွဲ လုပ်တမ်း ကစားရတာကို ဝါသနာပါတဲ့ န၊ အ၊ ဖ က နောက်ထပ် ရွေးကောက်ပွဲ အသစ်တခုအဖြစ်နဲ့ လုပ်လိုက်ပြန်တဲ့ ရွေးကောက်ပွဲပါ။

ဒီရွေးကောက်ပွဲမှာကလည်း သူ မောင်ပိုင်ဖြစ်အောင် အဘက်ဘက်က စ စီမံထားပေမဲ့ သူ့ကိုယ်သူ ကျော မလုံသေးတဲ့ န၊ အ၊ ဖ ဟာ အရင် ရွေးကောက်ပွဲတုန်းကလိုပဲ လွှတ်တော်ခေါ်မယ့်ရက်ကို ဂယ်ပေါက်အဖြစ် မရေမရာ ဖြစ်အောင် လုပ်ထားပါသေးတယ်။

ဘာပဲပြောပြော အဲ့ဒီ ရွေးကောက်ပွဲ ဆိုတာကြီးက နီးလာပြန်တယ်ဆိုတော့ အာရုံစိုက်မှု တွေက ပိုကဲလာခဲ့ကြပါပြီ။ ဒါပေမဲ့ အာရုံစိုက်တယ် ဆိုတာ ပြည်သူတွေက အာရုံစိုက်တာ မဟုတ်ပါဘူး။

‘ရွေးကောက်ပွဲ သာလျှင် ဒီမိုကရေစီအတွက် တခုတည်းသော ထွက်ပေါက်ပါ’- လို့ ပြောပြောနေကြတဲ့ နိုင်ငံရေး ပါတီတွေဆိုတာကသာ စိတ်ဝင်တစား အာရုံစိုက်နေကြတာပါ။ ပြည်သူတွေကတော့ ဒါမျိုး- ရိုးနေပြီ ဆိုတာမျိုး... ဘာသိဘာသာပါပဲ။

အဲဒီ နိုင်ငံရေးပါတီခေါင်းဆောင် ဆိုတဲ့ လူတွေ ပြောတဲ့ တခုတည်းသော ထွက်ပေါက် ဆိုတာ ကြားရတော့ ရန်ကုန်က ဘတ်စ်ကား စပယ်ယာ တွေ ပြောနေကျစကားကို သွားသတိရတယ်။ ‘အပေါက်ကို ပိတ်မထားကြပါနဲ့၊ ကျုပ်တို့က အဲဒီအပေါက်ကလေးနဲ့ လုပ်စားနေရတာ ပါ’….တဲ့။ ဘတ်စ်ကားကျပ်ကျပ်ထဲ စိတ်က တိုချင်ချင်ရယ် ဆိုပေမဲ့ စပယ်ယာ့စကား ကြားရတော့ ပြုံးချင်စိတ် ပေါက်လိုက်မိရသေးတယ်။

အခု နိုင်ငံရေးပါတီခေါင်းဆောင် ဆိုတဲ့ လူတွေပြောတဲ့ တစ်ပေါက်တည်းသော အပေါက် ဆိုတာကျတော့ မပြုံးမိတော့ဘူး။ ဒီလောက်တောင် အဘက်ဘက်က လေစိမ်းမတိုးနိုင်အောင် လုပ်ထားတဲ့ ရွေးကောက်ပွဲ အတုအယောင် အစုတ်အပြတ် ကျပ်ကျပ်တည်းတည်း ကြီးထဲမှာ ဒီ တစ်ပေါက်ပဲ ရှိပါတယ်ဆိုတော့ စိတ်တိုမိတော့တယ်။

ဘယ့်နှယ်… ဒီမိုကရေစီပန်းတိုင် ခရီးအတွက် ရွေးကောက်ပွဲဆိုတာက တစ်ခုတည်းသော ထွက်ပေါက် ဟုတ်ရမှာတုန်း။ ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီပန်းတိုင်ကို သွားတဲ့လမ်းမှာ မလွဲမသွေ ကြုံရ ဖြတ်သန်းသွားရမယ့် မှတ်တိုင်တွေပါ။ မှတ်တိုင် ဆိုတာနဲ့ ထွက်ပေါက် ဆိုတာ ဘယ်လို ကွာခြားတယ်ဆိုတာတော့ သိကြမှာပါ။

မှတ်တိုင်ဆိုတာက ကိုယ်သွားရမယ့် ပန်းတိုင်အတွက် ခရီးဘယ်လောက်ပေါက်ခဲ့ပြီ ဆိုတာကို ပြတဲ့ သတ်မှတ်ကမ္ပည်းတင်ချက်ပါ။

ထွက်ပေါက်ဆိုတာကျတော့ ကိုယ်သွားရမယ့် ခရီးပန်းတိုင်အတွက် ဒါမှ မဟုတ်လည်း အန္တရာယ်ရှိနေတဲ့ နေရာက ထွက်ဖို့အတွက် အပေါက်။ ဥပမာ ဆိုပါတော့ မီးလောင်နေတဲ့ အိမ်ထဲကနေ မီးလွတ်ရာကို ထွက်နိုင်မယ့် အပေါက်။ အဲ့ဒီလို ဘေးလွတ်ရာကို ရောက်စေနိုင်ဖို့ အသင့်ဖောက်လုပ်စီမံထားတဲ့ အပေါက်ကိုမှ ထွက်ပေါက်လို့ ခေါ်တာပါ။

ဒါပေမဲ့ အခုတော့ န၊ အ၊ ဖ က ကျင်းပပေးမယ့် ရွေးကောက်ပွဲ ဆိုတာကို ထွက်ပေါက်မှန်း ဝင်ပေါက်မှန်း မှတ်တိုင်မှန်း မသိကြတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေဟာ န၊ အ၊ ဖ စည်း အထပ်ထပ်ပတ်လည်ချပြီးမှ ဖောက်ပေးထားတဲ့ ချောက်ပေါက်ထဲကို ဝင်ကြဖို့ အားစိုက် တာစူ နေကြလေရဲ့။ အဲဒီအပေါက်ဟာ ထွက်ပေါက်မဟုတ်ဘူး။ ချောက်ထဲကို ဒလိန့်ခေါက်ကွေး ကျမယ့် ချောက်ကမ်းပါးဆီကို ဝင်တဲ့ ချောက်ပေါက်ကြီးပါလား ဆိုတာ အထဲ လုံးလုံးရောက်မှ သိကြပါလိမ့်မယ်။