နအဖ ရဲ့ အတွင်းသဘော

  • ပြည်တွင်ဂျာနယ် အယ်ဒီတာတဦး

အခုချိန်မှာ ရွေးကောက်ပွဲ ဝင်ကြမယ့် ကိုယ်စားလှယ်လောင်း စာရင်း တင်သွင်းပြီးသွားကြပါပြီ။ ကြံ့ဖွံ့က လွှတ်တော် သုံးရပ်လုံး၊ နိုင်ငံအဝှမ်းမှာ ရှိတဲ့ မဲဆန္ဒနယ် အားလုံးမှာ အပြည့်ဝင်နိုင်တဲ့ တစ်ခုတည်းသော ပါတီပါ။ တ.စ.ည က ဒုတိယပါ။ သူတို့ နှစ်ခုကို ဖယ်လိုက်ရင် ကျန်တဲ့ ဒီမိုကရေစီ အင်အားစု ပါတီတွေ၊ လူမျိုးစု ပါတီတွေ ပေါင်းရင်တောင်မှ ကြံ့ဖွံ့ရဲ့ သုံးပုံ တစ်ပုံတောင် မပြည့်ပါဘူး။ အိမ်ဖြည့်ဝင်ကစားရသလို ဖြစ်နေတယ်ဆိုတာ ပိုပြီး ပေါ်လွင်နေပါပြီ။

ရွေးကောက်ပွဲ ဥပဒေမှာ ပါတီတွေ မဟာမိတ်ဖွဲ့ခွင့် မရှိဘူးဆိုတာမျိုး ပြဋ္ဌာန်းမထားပေမဲ့ ဒီမိုကရေစီ အင်အားစု ပါတီတွေနဲ့ လူမျိုးစု ပါတီတွေ မဟာမိတ်ဖွဲ့၊ လူအင်အား ဖြန့်ပြီး ကြံ့ဖွံ့ကို လိုက်ပြီးယှဉ်မှာစိုးတဲ့အတွက် ကော်မရှင်ရုံးက မဟာမိတ် မဖွဲ့ရဘူးလို့ နှုတ်နဲ့ ညွှန်ကြားပါတယ်။

ဒီတော့ ကိုယ့်ဘက်က အင်အားနည်းရတဲ့အထဲ၊ ဝင်နိုင်တဲ့ မဲဆန္ဒနယ်တွေ ကျတော့လည်း အချင်းချင်း ပြန်ပြိုင်ရသလိုမျိုး ဖြစ်နေပါတယ်။ ပါတီတွေကလည်း မတရားမှန်း သိရက်နဲ့ ခေါင်းငုံပြီး ဝင်ပြိုင်ကြရတော့မယ်လို့ စိတ်ဒုံးဒုံး ချလိုက်ဟန် တူပါတယ်။ အစိုးရက ဘာပြောပြော ခေါင်းငုံခံနေကြတာပဲ တွေနေရပါတယ်။ တကယ်တန်းဆိုရင် ဒီလိုအချိန်မျိုးမှာ ဝင်မပြိုင်တော့ဘဲ ရွေးကောက်ပွဲကနေ နုတ်ထွက်ရမှာပါ။ ပါတီဖျက်မယ်ဆိုလည်း ဖျက်ပေါ့။ မဖျက်လည်း ဘယ်ပါတီမှ ဆက်ရပ်တည်နိုင်လောက်တဲ့ အားမရှိပါဘူး။ အနှေးနဲ့ အမြန်ပါပဲ။

ဗိုလ်ချုပ်မှူးကြီးရဲ့ တရုတ်ပြည်ခရီးစဉ်အပြီး သံတမန် အသိုင်းအဝိုင်းကနေ သတင်းတစ်ခု ထွက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဝင်စွက်ဖက်တာကို လက်မခံပေမဲ့ နိုင်ငံတကာက ရွေးကောက်ပွဲကို အသိအမှတ် မပြုမှာကိုတော့ စိုးရိမ်ပူပန်မှု ရှိတယ်ဆိုတာပါ။ အတွင်းပိုင်းက ထွက်လာတဲ့ သတင်းလို့ သိရပါတယ်။ လက်ရှိအနေအထားမှာ ရွေးကောက်ပွဲရဲ့ တရားဝင်မှု/မဝင်မှုကို အဓိက ခြိမ်းခြောက်နိုင်တာက ဒီမိုကရေစီ အင်အားစု ပါတီတွေ၊ လူမျိုးစုပါတီတွေက ရွေးကောက်ပွဲ မဝင်တော့ဘူး ဆိုပြီး တပြိုင်တည်း ကြေညာတာနဲ့၊ ပြည်သူလူထုက ရွေးကောက်ပွဲနေ့မှာ မဲသွားမပေးဘဲ ဆန့်ကျင်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကြီး မြိုင်မြိုင်ဆိုင်ဆိုင် ကျင်ပနိုင်တယ် ဆိုတာမျိုး ဖြစ်အောင်လို့ အစိုးရရဲ့ ဒေါက်တိုင် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ပါတီလေးတွေကို ဆယ့်ငါးသိန်းမျိုး၊ သိန်းနှစ်ဆယ်မျိုး အလှူငွေထည့်ပြီး မြှောက်ပေးတာမျိုးတွေလည်း ရှိနေတာပါ။ NLD က လွဲလို့ အားလုံးဝင်ပြိုင်ကြပါတယ် ဆိုတာမျိုး နိုင်ငံတကာက အထင်ခံရဖို့ သူတို့က သိန်းငါးရာ၊ တစ်ထောင်လောက် သုံးပြီး ရွေးကောက်ပွဲ တရားဝင်မှုကို ဝယ်ဖို့ ကြိုးစားနေတာလို့ပဲ ပြောချင်ပါတယ်။