ရှမ်းမြောက် ဒုတိယလှိုင်း အလားအလာ

ဦးအောင်လွင်ဦးနှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ ဇူလိုင် ၃၊ ၂၀၂၄)

TNLA ရဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးဟာ တခြား တော်လှန်ရေးအင်အားစုတွေနဲ့အတူ နယ်မြေတွေ တိုးချဲ့သိမ်းပိုက်လာတာနဲ့အမျှ၊ စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်ရေး အလားအလာ နည်းလာတယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၊ သမ္မတဟောင်းဦးသိန်းစိန် နဲ့ မကြာသေးခင်က တွေ့ဆုံရာမှာ ဒီအခြေအနေတွေကို ဆွေးနွေးခဲ့ကြဟန် ရှိတယ်လို့လဲ ယူဆနေကြပါတယ်။ ဒီအကြောင်း အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးအောင်လွင်ဦး နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးထားကြပါတယ်။

ဦအောင်လွင်ဦး ။ ။ တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်လာတာနဲ့ ပတ်သက်လို့ ဆွေးနွေးချင်ပါတယ်။ အဓိကတော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက TNLA နဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ။ TNLA ဘက်ကတော့ ၁၀၂၇ နောက်ဆက်တွဲလို့တောင် ပြောပါတယ်။ ဆိုတော့ ဒီတိုက်ပွဲတွေ ပြန်ဖြစ်ရတဲ့ အကြောင်းရင်းက အဓိက ဘာကြောင့်ဖြစ်တယ်လို့ ဦးကျော်ဇံသာ သုံးသပ်နိုင်လဲ။
ဦးကျော်ဇံသာ ။ ။ အစကတည်းက ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီကြားမှာ အပစ်အခတ်ရပ်စဲခဲ့တာဟာ သူတို့နှစ်ဘက်လုံးက ကျေကျေနပ်နပ်နဲ့ အပစ်ရပ်ခဲ့တာ မဟုတ်ပါဘူး။ တရုတ်က လက်လိမ်ချိုးလို့ သဘောတူလိုက်ရတဲ့ အပစ်ခတ်ရပ်စဲရေးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်က သူတို့နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ချင်တယ်။ အဲဒါကြောင့် မင်းတို့ ဒီလောက်ရောက်တဲ့အခြေအနေမှာ တော်ပြီဆိုကာ ရပ်ခိုင်းလိုက်တာ ဖြစ်တယ်။ အစတုန်းကလည်း သူက မီးစိမ်းပြခဲ့သဖွယ် လုပ်ခဲ့ပြီး၊ အဲဒီအခြေအနေရောက်တော့ တော်တော့ဆိုကာ လုပ်ခဲ့တယ်။ အဲဒီလိုရပ်လိုက်ပေမဲ့လည်း TNLA နဲ့ AA တို့က သူတို့ လိုချင်တဲ့ ခရီးထိ မပေါက်မြောက်ခဲ့ဘူး။ သူတို့ လိုချင်တဲ့ နယ်မြေတွေမရသေးတော့ ရခိုင်ကတော့ ဟိုဘက်မှာ ဆက်တိုက်နေတယ်။ TNLA ကလည်း အစကတည်းက ဆက်တိုက်ချင်နေတာ တကဲကဲပါပဲ။ စစ်ကောင်စီကလည်း တရုတ်က တိုက်တွန်းလိုသာ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်ပေးရတယ်။ ဒါပေမဲ့ နယ်စပ်ကုန်သွယ်ရေးက သူ ထိန်းချုပ်နိင်တဲ့အောက်မှာ မရှိတော့ဘူး။ ဒါကိုလည်း မကျေနပ်ဘူး။ မကျေနပ်တဲ့အပြင် အဲဒီမှာ TNLA နဲ့ PDF တွေ ပေါင်းပြီးတော့ သူကို ဆက်တိုက်လာမှာကို စိုးရိမ်တော့ ကြိုတင်ပြီး ကာကွယ်တဲ့အနေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိတော့ TNLA နယ်မြေမှာြဖစ်တော့ TNLA က စစ်ကောင်စီကစပြီး ဖောက်ဖျက်တာ၊ အဲဒါကို တရုတ်က မဟန့်တားနိုင်တဲ့အတွက် TNLA ပြန်တိုက်တာတွေဖြစ်ပြီး နယ်မြေတွေ တဖြည်းဖြည်းသိမ်းလာတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီမှု မရဘဲနဲ့ အပစ်ခတ်ရပ်စဲရေးက ဘယ်တော့မှ တာရှည်တည်မြဲနိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျနော်တို့အတွက် အံ့ဩစရာလည်း မဟုတ်ပါဘူး။ လူတိုင်း ကြိုတင်တွက်ဆထားတဲ့အတိုင်း ပြန်ဖြစ်လာတာပဲလို့ ပြောရမှာဖြစ်ပါတယ်။

မေး ။ ။ ဒီနေရာမှာ တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် တရုတ်က အပစ်ခတ်ရပ်စဲဖို့အတွက် စောစောက ဦးကျော်ဇံသာပြောသလို သူက ဖိအားပေးပြီးလုပ်ခဲ့တာ ရှိတယ်။ ဒီနေရာမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို ပြောရမယ်ဆိုရင် တိုက်တိုက်ဆိုင်ဆိုင် တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အချိန်မှာပဲ သမ္မတဟောင်းဦးသိန်းစိန် တရုတ်ပြည်ကို သွားပါတယ်။ ဒါရဲ့နောက်ကွယ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ လက်ရှိ ပဋိပက္ခတွေမှာ တရုတ်က တစုံတရာ ဦးသိန်းစိန်အခန်းကဏ္ဍကို ထည့်သွင်းချင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိပါတယ်။ ဒီအပေါ် ဦးကျော်ဇံသာရဲ့ အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ လုံး၀မှန်ပါတယ်။ တရုတ်က ဦးသိန်းစိန်ကိုဖိတ်တာ အကြောင်းပြချက်ကတော့ သိပ်လှတာပေါ့။ တကယ်တော့ ဦးသိန်းစိန်က ဘာပဲပြောပြော ရွေးကောက်ခံခဲ့ရတဲ့ ခေါင်းဆောင် ဖြစ်တယ်။ နောက်ပြီးတော့ ဦးသိန်းစိန်နဲ့အတူ ဟိုတုန်းက ဝန်ကြီးချုပ်ဦးနုရဲ့သမီး ဒေါ်သန်းသန်းနုတို့လည်း ပါတယ်ဆိုတော့ ဦးနုတို့လက်ထက်က လုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်အတွက် သူတို့အခမ်းအနားလုပ်တဲ့နေ့မှာ ဖြစ်ပါတယ်။ နောက် ဦးသိန်းစိန်ကို ဖိတ်တဲ့ကိစ္စ ပိုပြီးလေးနက်တာက လက်ရှိ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အသိအမှတ်မပြုဘူးဆိုတဲ့ သဘောပါပဲ။ အစတုန်းကတော့ သူတို့လည်း စစ်ကောင်စီက အာဏာသိမ်းလိုက်ကတည်းက NLD အစိုးရနဲ့ ပြေလည်နေတုန်း သိမ်းလိုက်တော့ တရုတ်က မလွဲသာလို့သာ ခေါင်းငြိမ့်ခဲ့ရတာ တယောက်ယောက်နဲ့တော့ ဆက်ဆံရမယ်ဆိုတဲ့သဘော ရှိလို့သာ ခေါင်းငြိမ့်ခဲ့ရတာလို့ ပြောကြပါတယ်။ သို့သော်လဲ နိုင်ငံတော်အကြီးအကဲအဖြစ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့သလို၊ အခု အခမ်းအနားမှာလည်း သူကို မဖိတ်ဘဲနဲ့ သမ္မတဦးသိန်းစိန်ကို ဖိတ်တယ်။ ဆိုတော့ သမ္မတဦးသိန်းစိန်နဲ့ တရုတ်ဘက်က ဦးသိန်းစိန်တည်ခိုတဲ့နေရာမှာ နိုင်ငံခြားရေးဝန်ကြီးဝမ်ယီ လာရောက်တွေ့ဆုံဆွေးနွေးတယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲမှာ သူတို့တွေ မြန်မာနိုင်ငံ့ရေးလည်း ဆွေးနွေးတယ်လို့ ပြောပါတယ်။ ဒါက သိပ်ပြီးတော့ လေးနက်ပါတယ်။ ပထမတခုကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေကို တရုတ်က ဘယ်လိုမှ ဘဝင်ကျနိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ လူတွေသုံးသပ်ကြတာကလည်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နေရာမှာ အပြောင်းအလဲ လုပ်စေချင်တဲ့သဘော တရုတ်မှာ ရှိနေတယ်လို့ ထင်ကြတယ်။ တရုတ်ဟာ စစ်ကောင်စီကို လုံး၀ပုံအောထောက်ခံလို့လည်း မဖြစ်နိုင်တော့တဲ့ အခြေအနေ။ ပုံအောပေးလို့လည်း စစ်ကောင်စီက ပြန်သိမ်းနိုင်တဲ့ အခြေအနေ။ လူထုလက်ခံနိုင်တဲ့ အခြေအနေ မဖြစ်တော့ဘူး။ ဒါဖြင့်ရင် သူကို ဆက်ထားရင်လည်း တရားဝင် ဆက်ဆံလို့ မရနိုင်တဲ့ အခြေအနေ ဖြစ်လာမယ်ဆိုတော့ အကောင်းဆုံးနည်းကတော့ ဦးသိန်းစိန်ကတဆင့် သူတို့ပြောပါလိမ့်မယ် - စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းဖို့ တနည်းအားဖြင့်ပြောရင် ခေါင်းဆောင်အပြောင်းအလဲ လုပ်ဖို့ အဲဒီသဘောမျိုးနဲ့ ညှိနှိုင်းတယ်လို့ သုံးသပ်သူတွေ တွက်ကြပါတယ်။ တကယ်လည်း ဖြစ်နိုင်တယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခု တရုတ်က ဘေးကျပ်နံကျပ် အခြေအနေ ဖြစ်နေတာကြောင့် ရှေ့တိုးရမလား၊ နောက်ဆက်ဆုတ်ရမလား မသိဘူးဆိုတော့ အကောင်းဆုံးနည်းဟာ အပြောင်းအလဲလုပ်နိုင်ရင် စစ်ကောင်စီကို ဆက်ထားရမှာပဲ - စစ်ကောင်စီကို မထားရင် အခြားလူစားထိုးစရာ မရှိဘူး။ ဘယ်သူကို အစားထိုးပြီးတော့ တရုတ်က ဆက်ဆံမလဲ။ မြန်မာနိုင်ငံမှာ သူ့အကျိုးစီးပွားတွေ ဒီလောက်ရှိနေတာ။ NUG ကို စစ်ကောင်စီနေရာမှာ နိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံဖို့လည်း မဖြစ်သေးဘူးဆိုတော့ အဲဒီသဘောမျိုး ဖြစ်နေတဲ့အတွက်ကြောင့် ဒီကိစ္စမှာ ဒီလိုအပြောင်းအလဲလုပ်ဖို့ ညှိနှိုင်းခဲ့တာ ဖြစ်လိမ့်မယ်လို့ လူတွေက တွက်ကြပါတယ်။

မေး ။ ။ ဆိုတော့ တရုတ်က ကြားဝင်ညှိပေးတဲ့ အပစ်ခတ်ရပ်စဲရေးကလည်း ငါးလလောက်ပဲ ခံသွားတယ်။ အခုတော့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်တယ်။ တချိန်တည်းမှာပဲ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက AA ကလည်း ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ နယ်မြေတော်တော်များများကိုလည်း သိမ်းနိုင်တယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာဆိုလည်း KIA က နယ်မြေတော်တော်များများကို သိမ်းနိုင်တဲ့ အနေအထားမျိုး ရှိနေတယ်ဆိုတော့ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေက ဘယ်လိုအလားအလာတွေ ထွက်လာနိုင်မယ်လို့ ဦးကျော်ဇံသာ သုံးသပ်မလဲ။

ဖြေ ။ ။ အခုနိုင်ငံရေး အခြေအနေကတော့ စစ်ကောင်စီဘက်က ကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီက အခုဏ ကိုအောင်လွင်ဦးပြောတဲ့ နယ်မြေအများအပြားကို တော်လှန်‌ရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေက သိမ်းပိုက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ ပြန်လည်သိမ်းပိုက်နိုင်တဲ့ အခြေအနေတော့ မရှိတော့ဘူး။ သုံးသပ်သူတွေကလည်း စစ်ကောင်စီဟာ စစ်ရေးအားဖြင့် လုံးလုံးရှုံးနိမ့်ရင်ရှုံးနိမ့် မဟုတ်ရင် သူတို့အတွင်းမှာ ပြိုကွဲနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်ဆိုပြီး သုံးသပ်ကြပါတယ်။ စောစောကပြောတဲ့ထဲမှာ ချင်းမှာလည်း ဒီနေ့မှာ မတူပီကို Chin Brotherhood ညီနောင်အဖွဲ့က သိမ်းတယ်ဆိုပြီးတော့ သတင်းထွက်လာတယ်။ နောက်ပြီးတော့ ရခိုင်ဘက်မှာလည်း တော်တော့်ကို ပြင်းပြင်းထန်ထန် ဖြစ်နေပြီ။ တောင်မကြီးထိ သူတို့ကသိမ်းနေပြီ။ သူတို့က ဆက်သိမ်းကြမှာပဲ။ အလားတူစွာပဲ TNLA ဆိုရင် မိုးကုတ်တောင် ရောက်နေပြီ။ မေမြို့ မန္တလေးတောင်မှ PDF နဲ့ စစ်ကောင်စီက ပဋိပက္ခ ဖြစ်တယ်ဆိုပြီး ဒီနေ့ပဲ သတင်းထွက်လာတယ်။ တော်တော်လေး အခြေအနေဆိုးနေပြီ ဖြစ်ပါတယ်။ စစ်ကောင်စီက ဒီပုံစံအတိုင်း အပြောင်းအလဲ မလုပ်ဘဲ ဆက်လက်ရပ်တည်လို့ လုံး၀မဖြစ်တော့တဲ့ အခြေအနေလို့ သုံးသပ်ကြပါတယ်။ ပြန်နိုင်လာဖို့ဆိုတာကတော့ အဝေးကြီးပေါ့။

မေး ။ ။ ဟုတ်ကဲ့ - ဆိုတော့ အခုလောလောလတ်လတ်ကတော့ နိုင်ငံရေးအရ စစ်တပ်ကလည်း အရေးမသာသလို စစ်ဘက်ရေးရာမှာလည်း တော်တော်အရေးနိမ့်လာတာ တွေ့ရတယ်။ ဒီလို အခြေအနေမျိုးမှာ ချက်ချင်းလက်ငင်း အပြောင်းအလဲတွေ လက်တလော မဖြစ်နိုင်သေးရင်တောင်မှ အချိန်အတိုင်းအတာလေးလည်း ရှိအုန်းမယ်ဆိုတော့ ဒီကြားထဲမှာ ခါးစီးခံနေရတဲ့ ပြည်သူလူထုရဲ့ အခြေအနေကရော ဘယ်လောက်ထိ ကြာကြာခံနိုင်မလဲ။ အခုဆိုရင်လည်း နိုင်ငံထဲမှာ ဆန်ပြတ်တယ်၊ စားကုန်ပြတ်တယ်၊ ကုန်စျေနှုန်း ကြီးတယ်ဆိုတဲ့ ပြဿနာမျိုးတွေ ကြုံနေရပြီဆိုတော့ ပြည်သူလူထုဘက်က ကြည့်မယ်ဆိုရင်ကော ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ့် အခြေအနေမျိုးရှိလဲ။

ဖြေ ။ ။ အဲဒါ ဝမ်းနည်းစရာအကောင်းဆုံးပါပဲ။ ပဋိပက္ခဖြစ်ယ်၊ စစ်ပွဲဖြစ်တယ်ဆိုရင် အမြန်ဆုံး ပြီးသွားရင် အကောင်းဆုံးပေါ့လေ။ အဲ့လိုမဟုတ်ဘဲ စစ်ပွဲ တိုက်ပွဲတွေ တာကြာရှည်လာလေ ပြည်သူလူထုက ဒုက္ခရောက်လေ။ ကိုအောင်လွင်ဦး ပြောသလိုပါပဲ - စီးပွားရေး တဖြည်းဖြည်းကျပ်တည်းပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လောက်ကတော့ ဘာပဲပြောပြော သူတို့မှာ တနည်းအားဖြင့်တော့ ရှင်သန်မှု့တွေ ရှိနေသေးတယ်။ ဆိုတော့ စီးပွားရေးက အဘက်ဘက်က ချွတ်ချုံကျလာတာ။ သူတို့ဆီမှာလည်း ကုန်စျေးနှုန်းမြင့်တက်တာတွေ၊ အဆက်အသွယ် ပြတ်တောက်တာတွေ အများကြီး။ ဒါပေမဲ့ သူတို့ကြံ့ကြံ့ခံနိုင်တယ်။ တချို့ သုံးသပ်ကြတယ်။ မြန်မာနိုင်ငံ စီးပွားရေးဟာ နှစ်ခုပေါ့လေ တရားဝင် စီးပွားရေးထက် တရားမဝင် စီးပွားရေးက ရှင်သန်လှုပ်ရှားနေတာတွေ အများကြီး အဲ့ဒီစီးပွားရေးလုပ်ငန်းတွေက မြို့ပြဒေသလုပ်ငန်းတွေမှာ လည်ပတ်မှု့တွေကတော့ ရှိတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက နည်းနည်းပါးပါး စားနိုင်သောက်နိုင်တယ်။ ဒါပေမဲ့ နယ်မြို့တွေမှာ လူတွေက နေလို့တောင် မရတော့ဘူး။ အကုန်လုံးထွက်ပြေးကြတယ်။ ရန်ကုန်ထွက်ပြေးကြတယ်။ ရခိုင်မှာဆိုရင်လည်း လူတော်တော်များများက ထွက်ပြေးရတယ်။ မပြေးနိုင်တဲ့လူက တောရွာတွေမှာ ဖြစ်သလို ငတ်ပြတ်ပြီးတော့ နေနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆို‌တော့ ဒီအခြေအနေတွေဟာ သိပ်ပြီးတော့ ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ဆက်ပြီးတော့ ခါးစည်းခံနေရမှာ ဖြစ်တယ်။ အဓိကအားဖြင့် ပြည်သူလူထုကို အဓိကထားပြီးတော့ စဥ်းစားရမှာ ဖြစ်တယ်။ နိုင်ငံရေးမှာ - ဒီမိုကရေစီရေး ဘာရေးက အလှမ်းဝေးသေးတယ်။ လောလောဆယ် ပြည်သူလူထု ငတ်ပြတ်ဒုက္ခ ရောက်နေတာကို ပထမဆုံး ဘယ်လို ကယ်တင်ကြမလဲ။ နိုငင်ငံတကာအသိုင်းအဝိုင်းကလည်း ပြောနေကြတယ်။ မြန်မာနိုင်ငံ ပြဿနာပြေလည်ရေးဟာ အရေးကြီးတယ်။ ပြည်သူလူထုရဲ့ ဒုက္ခပြေလည်ဖို့ကို အဓိကထားပြီး စဥ်းစားသင့်တယ်လို့ ထင်တယ်။ နှစ်ဘက်လုံးကလည်းပဲ ကိုယ့်ပြည်သူတွေအတွက် ချင့်ချိန်ရမယ်ဆိုပြီးတော့ စဥ်းစားသင့်တယ် ထင်ပါတယ်။ နိုင်ငံတကာကလည်း သိပ်ပြီးတော့ အကူအညီ သိပ်မပေးနိုင်တာလား။ ဝင်ရောက်ကူညီဖို့အတွက် အလက်အခဲ တွေ့နေတာလားဆိုတာ မေးစရာ ဖြစ်ပါတယ်။

မေး ။ ။ လက်တလော နိုင်ငံတကာက တခြားကိုယ့်နိုင်ငံ မဟုတ်ဘဲနဲ့ တခြားပြည်ပမှာလည်း နိုင်ငံတကာအကျပ်အတည်းတွေ ရှိနေတာလည်း တစုံတရာတော့ မြန်မာနိုင်ငံအနေနဲ့ အာရုံစိုက်ခံရမှု့ လျော့တာတွေလည်း ရှိနိုင်တာဆိုတော့၊ ဒီနေရာမှာ နောက်ဆုံးတချက် မေးချင်တာ ကျနော်တို့ စီးပွားရေး မကောင်းဘူး။ နိုင်ငံရေး အခြေအနေ အကျပ်အတည်းကလည်း အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ပြဿနာတက်နေတဘ်။ စစ်ရေးအရလည်း တတိုင်းပြည်လုံးမှာလည်း နေရာတိုင်းလိုလိုမှာ တိုက်ပွဲတွေက ဖြစ်နေကြတယ်ဆိုတော့ အဘက်ဘက်ကကြည့်ရင် အခြေမလှတဲ့ အခြေအနေမျိုးပေါ့။ ဆိုတော့ မြန်မာနိုင်ငံ ရှေ့အလားအလာကော ကိုယ်မျှော်မှန်းနိုင်လောက်တဲ့ အတိုင်းအတာမှာ ဘယ်လောက်ထိ အလားအလာကောင်းတွေ မျှော်မှန်းမိလဲ ဦးကျော်ဇံသာ။

ဖြေ ။ ။ လောလောဆယ် မျှော်မှန်းနိုင်တဲ့ အခြေအနေကတော့ အလားအလာကောင်းတွေဆိုတာထက် စစ်ကောင်စီ အင်အားချိနှဲ့လာပြီးတော့ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေဘက်က အင်အားသာလာတယ်ဆိုတော့ ဒီဟာကိုကြည့်ရင် တဘက်က ကောင်းတယ်ဆိုပြီး ထင်ကြတာပေါ့လေ။ စစ်အာဏာရှင်စနစ်ဒဏ်က လွတ်ကင်းတော့မယ်လို့ လူတွေ မျှော်လင့်ကြတယ်။ ဒါက တပိုင်း။ ဒါကလည်း လုံးဝအကောင်းကြီးတော့လည်း မဟုတ်ပါဘူး။ ဖြစ်လာနိုင်တဲ့ Scenario အဲ့ဒီအခင်းအကျင်းတွေက ညီညွတ်ကြရဲ့လားဆိုတာက မေးစရာ ဖြစ်တယ်။ စစ်ကောင်စီ ပြိုလဲသွားတယ်၊ ပျက်သုဉ်းသွားတယ်။ အစားထိုးတယ် တခုခုဖြစ်တယ်ဆိုအုန်း‌တော့ မြန်မာပြည် ပြည်သူလူထုက များသောအားဖြင့် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး ဘာညာပြောနေကြတယ်။ အဲ့ဒီလောက်ထိ ဖြစ်လာဖို့ကတော့ အများကြီး ညှိနှိုင်းရအုန်းမှာ ဖြစ်ပါတယ်။ အဓိကအရေးက ပြည်သူလူထုရဲ့ ဒုက္ခကို ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာက စောစောက ပြောခဲ့တဲ့အတိုင်းပဲ နိုင်ငံတကာက အကူအညီကိုလည်း အဓိက ဒါကိုပဲ ဦးစားပေးပြီး စဥ်းစားသင့်ပါတယ်။ အခုလောလောဆယ် ဖြစ်နေတာက နိုင်ငံတကာကလည်း ပေးမယ်ဆိုရင် ပထမဦးဆုံးအဆင့်က စစ်ကောင်စီကတဆင့် ပေးရမယ်။ ဘယ်သူမှ မပေးချင်ကြဘူး။ အယုံအကြည်လည်း မရှိကြဘူး။ နောက် သူတို့ သွားဖို့လာဖို့ကလည်း အခက်အခဲ ရှိတယ်။ အဲ့ဒီမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့်။ ပြည်သူလူထုက ဒုက္ခ ပိုဖြစ်နေတယ်။ ကျနော်ကတော့ ပြည်သူလူထု သက်သာနိုင်တဲ့ အခြေအနေ အမြန်ဆုံးဖြစ်ပါစေ။ တိုက်ပွဲ ပုံမှန်အခြေအနေ၊ တိုက်ပွဲ ပြီးသွားတောင်မှ ပြန်လည်ထူထောင်ရေးက အချိန်သိပ်ကြာအုန်းမှာ ဖြစ်ပါတယ်။ ဆိုတော့ လူတွေက ငတ်ပြတ်စုတ်ပြတ်သတ်နေပြီ - နယ်တွေမှာပေါ့။ တချို့ ရန်ကုန်မှာ စားသောက်နေကြတာကို ကြည့်ပြီးတော့ အခြေအနေကောင်းတယ်လို့ တွက်လို့မရဘူး။ ဒါပေမဲ့ အများစုက ဒုက္ခ ရောက်နေတယ်ဆိုတော့။ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး ပြည်ထောင်စုရေးဆိုတာက ခပ်လှမ်းလှမ်း ခပ်ဝေးဝေးမှာသာ မြင်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း လောလောဆယ် ပြည်သူလူထုတွေအတွက် ထွက်ပေါက် အသက်ရူပေါက် ရရှိဖိုက အရေးကြီးပါတယ်။ NLD လက်ထက်တုန်းကလည်း ဒီမိုကရေစီ ဦးတည်ချက်တောင်မှ မရောက်ရှိခဲ့ဘူးဆိုပြီး ပြောကြပါတယ်။ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကြီးစိုးတဲ့နေရာမှာ ဖိနှပ်ချုပ်ချယ်မှု့အောက်မှာ လမ်းမှားပြီးတော့ သိပ်မရွေ့ခဲ့ဘူးလို့ ပြောပါတယ်။ အခုဖြစ်လာရင်တော့ အဲဒီအခြေအနေမျိုးထက် လွန်မြောက်ပြီးတော့ ပြည်သူလူထုလည်းပဲ သက်သာချောင်ချိ့စွာဖြင့် လမ်းပွင့်နိုင်တဲ့ အခြေအနေမျိုးကို မျှော်လင့်ရပါတယ်။ ဖြစ်မဖြစ်ကတော့ ကျနော်တို့ စောင့်ကြည့်ရအုံးမှာပါ။

ဦးအောင်လွင်ဦး ။ ။ ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာ။