အိမ်နီးချင်းတွေ ဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့ နိုင်ငံရေးအပြောင်းအလဲတွေဟာ တနိုင်ငံနဲ့တနိုင်ငံ ဘာကွာခြားပါသလဲ။ ဘင်္ဂလားဒေ့ရှ်မှာ သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့ရတယ်ဆိုပေမဲ့ ဘာကြောင့် မြန်မာနိုင်ငံလို ပဋိပက္ခတွေ အဓွန့်မရှည်ခဲ့တာပါလဲ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဘာကြောင့် အဆုံးမသတ်နိုင် ဖြစ်နေရတာလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာ ဦးကျော်ဇံသာ။ မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်တာနဲ့၊ နောက် ဘင်္ဂလားဒေ့ရှ်မှာလည်း တလောက နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ အဲဒါ ဘာကွာပါသလဲ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာ မမြသဇင်။ ထိုင်းမှာ ဖြစ်တာကတော့ ဝန်ကြီးချုပ် ပြောင်းတာ။ ဘင်္ဂလားဒေ့ရှ်မှာတော့ နိုင်ငံရေးစနစ်ကို မကျေနပ်လို့ ပြည်သူတွေက အုံကြွပြီးတော့ ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆိုတော့ ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြအုံကြွတဲ့ ပြည်သူတွေ အောင်ပွဲရသွားတယ်။ Sheikh Hasina ဝန်ကြီးချုပ် ထွက်ပြေးသွားရတယ်။ ထိုင်းမှာကြတော့ တနှစ်အကြာက Move Forward Party လူထုအများစု ထောက်ခံပြီးတော့ ရွေးကောက်ပွဲမှာ မဲအများဆုံးရတဲ့ပါတီကို အစိုးရဖွဲ့ခွင့် မပေးဘူး။ ပါတီခေါင်းဆောင်ကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်လိုက်တယ်။ အခုတခါ ပါတီကိုလည်း လုံးဝဖျက်သိမ်းလိုက်တယ်ဆိုတော့ ပြည်သူက ရှေ့မတိုးနိုင်ဘူး။ ဘင်္ဂလားဒေ့ရှ်မှာတော့ ပြည်သူက ရှေ့တိုးသွားနိုင်တယ်။ ပြည်သူတွေ အောင်ပွဲရတယ်။ ထိုင်းမှာကြတော့ ပြည်သူတွေ ရှုံးနိမ့်သွားတယ်လို့ ပြောရမှာပါ။ ဆိုတော့ ဘယ်သူတွေ အောင်ပွဲရသလဲဆိုတော့ ရှေ့ရိုးဆန်တဲ့ ဘုရင်စနစ် လိုလားတဲ့ စစ်တပ်အင်အားနဲ့ ပေါင်းစည်းထားတဲ့ ကွန်ဆာဗေးတစ်အုပ်စု။ အဲဒီအုပ်စုက သူတို့အလိုကျ လုပ်ပိုင်ခွင့်ရသွားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ပြည်သူတွေ လုပ်တဲ့ပွဲ ပြည်သူတွေ နိုင်တယ်။ ထိုင်းမှာကြတော့ ပြည်သူတွေ အနိုင်မရဘူးလို့ ပြောမယ်ဆိုရင် မှားမယ်မဟုတ်ဘူး ထင်ပါတယ်။
မေး ။ ။ အဲ့ဒီတော့ နှစ်နိုင်ငံလုံးက ပြောမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတွေပါ။ ဒါပေမဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံရေးအရွေ့မှာ ပိုပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်တာကို တွေ့ရပါတယ်။ အဲ့ဒါဘာကြောင့်ပါလဲ။
ဖြေ ။ ။ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ လူထုက တရားဥပဒေအရ တစုံတရာ အပြောင်းအလဲ လုပ်နိုင်တဲ့ ထွက်ပေါက် မရှိတော့ဘူး။ လုံးဝလမ်းပိတ်နေပြီ ဖြစ်တယ်။ သူတို့နိုင်ငံမှာ အစိုးရက ဆက်တိုက် အာဏာယူလာခဲ့တာ (၃) ကြိမ်ပြည့်ပြီး၊ (၄) ကြိမ်မြောက် ရှိတ်ဟာဆီနာက ယူနေတယ်။ အဲ့ဒီလို ယူတဲ့အခါကြတော့ လူတွေက နှစ်ကာလကြာလာတဲ့အခါ အာဏာကို ယစ်မူးလာတာလည်းပါတယ်။ တစ်ပါတီ အာဏာရှင်စနစ် ဆန်လာတယ်။ အတိုက်အခံဆိုတာ မရှိတော့ဘူး။ Judiciary လို့ခေါ်တဲ့ တရားရုံး - တကယ်တော့ Distribution power မှာ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး အစိုးရ - အဲ့ဒီသုံးခုက ညီမျှထားရပြီး အာဏာကို မျှပြီးတော့ ထိန်းထားရမယ်။ ဒါပေမဲ့ ဘင်္ဂလာဒေ့ရှ်မှာတော့ တရားရုံး၊ တရားသူကြီးချုပ်ကလည်း သူကပဲ ခန့်ရတယ်။ ပါလီမန်မှာလည်း သူ့ပါတီက အများဆုံးဖြစ်နေတယ်ဆိုတော့ အကုန်လုံးအာဏာက သူ့လက်ထဲမှာ ဖြစ်နေတယ်။ ဆိုတော့ အတိုက်အခံဆိုရင် ခေါင်းဆောင်ကို လုံးဝထောင်ထဲမှာတောင် ထည့်ထားတယ်ဆိုတော့ လူတွေက ထွက်ပေါက်မရတော့ဘူး။ သူတို့ရဲ့ ချယ်လှယ်မှု့ နေရာတကာမှာ အာဏာပြမှု၊ သူတို့ပါတီဝင်တွေရဲ့ ကြီးစိုးမှု့တွေကို တွေ့နေရတယ်။ တကယ်တော့ ဘင်္ဂလာဒေ့ရှ်ဟာ ဗြိတိန်နိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီကို နမူနာယူပြီးတော့ ကျင့်သုံးထားတဲ့စနစ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဗြိတိန်မှာဆိုရင် အတိုက်အခံကို Shadow Government လို့ခေါ်တယ်။ အတိုက်အခံကို မနှိမ်ဘူး။ အတိုက်အခံကို သိပ်အလေးထားတယ်။ အတိုက်အခံက နိုင်ငံခြားရေးကိစ္စ ဆောင်ရွက်တယ်ဆိုရင် Shadow Foreign Minister လို့သုံးတယ်။ ဘင်္ဂလာဒေ့ရှ်မှာ အဲ့ဒီလိုမဟုတ်ဘဲ အတိုက်အခံဆိုရင် လုံးဝမပါရဘူး လုပ်လိုက်တော့ တစ်ပါတီအာဏာရှင်စနစ် ဖြစ်သွားတယ်။ ဆိုတော့ဒီနေရာမှာ ပြည်သူတွေအတွက် ထွက်ပေါက် မရှိတော့ဘူး။ အထူးသဖြင့် ကျောင်းသားလူငယ်တွေကတော့ အဲ့ဒါမျိုးတွေကို အရင်ဆုံးတိုက်မှာပေါ့လေ။ သူတို့ကတော့ Less to Lose ကျန်တဲ့လူကြီးတွေကတော့ ရာထူးရာခံနဲ့ မိသားစုနဲ့ဆိုတော့ ငါတို့ ဘယ်လို လုပ်လိုက်ရင် ဘယ်လို နစ်နာသွားမယ်ဆိုပြီးတော့ ငဲ့ကွက်စရာ အများကြီးရှိနေတယ်။ ကျောင်းသားတွေကတော့ ငဲ့ကွက်စရာ အများကြီးမရှိဘူး။ ထချကွာဆိုပြီး လုပ်လိုက်တော့ သူတို့ ဦးဆောင်တဲ့နောက်မှာပါပြီးတော့ အဲ့ဒီလိုအကြမ်းဖက်မှု့နဲ့ နှိမ်နင်းခံရတယ်။ နောက်ဆုံးမှာ အစိုးရထွက်ပြေးရတာ ဖြစ်ပါတယ်။
ထိုင်းမှာတော့ အဲ့ဒီလိုမဟုတ်ဘူး။ ထိုင်းမှာ အဓိက လောလောဆယ်မှာ တရားစီရင်ရေး တရားစီရင်ရေးဆိုတာထက် Constitutional Court ဖွဲ့စည်းပုံဆိုင်ရာတရားရုံး - တရားရုံးက တော်တော်များများကို ချယ်လှယ်နေပါတယ်။ ဘယ်ဟာက ဖွဲ့စည်ပုံနဲ့ မကိုက်ဘူး ပြောင်းလိုက် ပြင်လိုက်ဆိုပြီး မကြာခဏ ခိုင်းခဲ့တယ်။ Move Forward Party ကို နှိပ်ကွတ်လိုက်တာလည်း တရားရုံးက ဖြစ်ပါတယ်။ ဆိုတော့ အဲဒီဟာကို ကောင်းဖို့အတွက် လုပ်လိုက်တိုင်း သူတို့က လုပ်ပိုင်ခွင့် မရှိဘူးဆိုပြီး အကုန်လုံးကို ပယ်ချ။ ဖယ်ရှားတာဖြစ်ပါတယ်။ ဆိုတော့အခု ဝန်ကြီးချုပ် Srettha Thavisin ကိုဖြုတ်ပြီးတော့ Paetongtarn Shinawatraကို တင်တာလည်းပဲ။ တင်ရမှာပေါ့ - နောက်တင်ရမယ့် သူကလည်း သူပဲရှိတယ်ဆိုတော့ ဒီ ဖွေထိုင်းပါတီ (Pheu Thai Party) က ဒီအမျိုးသမီး တက်လာတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံတရားရုံးမှာ စည်းကမ်းသတ်မှတ်ထားရမှာ တစ်ခုရှိသေးတယ်။ လက်ရှိအစိုးရဟာ ပြည်ပလူရဲ့ သြဇာ လွှမ်းမိုးမှု့မခံရဘူးလို့ ပြောထားတယ်။ ဆိုတော့ အဓိကက ဘယ်သူကိုပြောလဲဆိုတော့ သူက သက်ဆင်ရဲ့သမီးလေ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်ရဲ့ သမီးဆိုတော့၊ ပြီးတော့ နိုင်ငံရေးအတွေ့အကြုံက သိပ်ရှိတဲ့ အမျိုးသမီး မဟုတ်ဘူး။ အသက်ကလည်းငယ်၊ အတွေ့အကြုံကလည်း နုသေးတယ်ဆိုတော့ သူ့အဖေရဲ့ ပရောဂတခုခုပါတယ်၊ သူ့အဖေရဲ့ သြဇာပါတယ်၊ လွှမ်းမိုးမှု့ပါတယ်ဆိုတာဟာ ဒီဝန်ကြီးချုပ် ဒီအမျိုးသမီးကို ဖြုတ်ချဖယ်ရှားဖို့အတွက် အကြောင်းပြချက် ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ကြိုတင်တွက်တဲ့သူတွေက တွက်ထားကြတာ ဖြစ်ပါတယ်။ တနည်းနဲ့ အဲ့ဒီလို ဖယ်လိုက်ရင်လည်းပဲ နောက်တနည်းနဲ့ ထွက်ပေါက်လုပ်နိုင်တယ်။ တရားဥပဒေ ကယ်ပေါက်တွေ ရှိနေတာပေါ့လေ။ ဥပမာအားဖြင့် Move Forward ပါတီကို ဖျက်သိမ်းလိုက်တယ်။ နောက်နာမည်ပြောင်းပြီးတော့ ဖွဲ့တယ်။ ဒီခေါင်းဆောင်ကို ပိတ်တယ်။ အဲ့ဒီတော့ ဒီခေါင်းဆောင်အစား နောက်တစ်ယောက်ကို တင်တယ်။ အဲ့လိုမျိုးတွေ သူတို့ လုပ်နိုင်တယ်အခြေအနေတွေ ရှိတယ်။ ထိုင်းကတော့ အဲ့ဒီလို ဆက်သွားမယ်။ ဘင်္ဂလာဒေ့ရှ်မှာကတော့ အဲ့ဒီလို ထွက်ပေါက်မရှိတဲ့အတွက်ကြောင့် သွေးထွက်သံယို ရုန်းရင်း ဆန်ခတ်အပြောင်းအလဲ ဖြစ်တယ်လို့ ပြောရမှာပါ။
မေး ။ ။ ဒါပေမဲ့ ထိုင်း၊ ဘင်္ဂလာဒေ့ရှ်တို့နဲ့ နှိုင်းယှဥ်ပြီး ပြောမယ်ဆိုရင် မြန်မာနိုင်ငံအရွေ့ကျတော့ လက်နက်ကိုင် ပဋိပက္ခတွေက ပိုတိုးလာတယ်။ ပြည်တွင်းစစ် ဖြစ်လာတယ်။ အဲ့ဒါတွေက ဘာကြောင့်ပါလဲ။
ဖြေ ။ ။ဒါက သမိုင်းနဲ့ချီပြီး ပြောရမယ့်ကိစ္စပါ။ ထိုင်း၊ ဘင်္ဂလာဒေ့ရှ်တို့ကို တနည်းပြောရမယ်ဆိုရင် Nation-State တွေပေါ့လေ။ သူတို့က လူမျိုးတခုသာ အဓိကရှိတယ်။ မြန်မာနိုင်ငံဟာ Nation State မဟုတ်ပါဘူး။ Multi-National State လို့ပြောရမှာပါ။ မြန်မာ့သမိုင်းကို မြန်မာပြည်ထဲမှာ အစိုးရအဆက်ဆက် အခုစစ်အစိုးရတို့ လုပ်ပြီးသင်နေတဲ့ သမိုင်းတွေက ပုဂံခေတ်ထဲက မြန်မာနိုင်ငံ စည်းလုံးညီညွတ်မှု့ ရှိပြီး ပထမမြန်မာနိုင်ငံ၊ ဒုတိယ၊ တတိယစသဖြင့် အဲ့ဒီလို မဟုတ်ပါဘူး။ တကယ်တမ်းကြည့်မယ်ဆိုရင် ပဒေသရာဇ် မင်းနိုင်ငံလေးတွေ သူ့ဟာသူ ကွဲပြီးနေခဲ့တာပါ။ အဲ့ဒါကို (၁၉) ရာစုမှာ ဗြိတိသျှနယ်ချဲ့စနစ် သူတို့နယ်ချဲ့ စီးပွားရေးမျှော်မှန်းချက်၊ မဟာဗျူဟာ မျှော်မှန်းချက်၊ တရုတ်ပြည်ဘက်ကို ဒီဘက်က လိုချင်တယ်။ အဲ့ဒီတော့ မြန်မာနိုင်ငံကို စစ်ပွဲ (၃) ပွဲ တိုက်ပြီးတော့ အဲ့ဒီနယ်မြေကို သိမ်းခဲ့တာပါ။ သိမ်းပြီးတော့ ဖွဲ့စည်းလာတဲ့ ပုံစံမျိုး ဖြစ်တယ်။ တကယ့် Cohesive ဖြစ်တဲ့ Nation မျိုးမဟုတ်ပါဘူး။ အဲ့လို စုပြီးတော့ လုပ်ထားခဲ့တယ်။ လုပ်ထားပြီးတော့ လွတ်လပ်ရေး ယူလာတဲ့အခါမှာ ဒီဟာကို ပြေလည်အောင် လုပ်ကြမယ်ဆိုပြီးတော့ ခေါင်းဆောင်တချို့ အမျှော်အမြင်ရှိတဲ့ သူတွေက စဥ်းစားခဲ့ကြပါတယ်။ ဒါပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး။ တချို့ပညာရှင်တွေက လုပ်ဖို့ကြိုးပမ်းတာ မအောင်မြင်ဘူးလို့ ပြောသလို၊ တချို့ကလည်း သိပ်ကိုစေတနာ မမှန်ခဲ့ဘူးပေါ့။ အဲဒီမှာလည်း လူအများစုက သူတို့ ကြီးစိုးမယ်ဆိုတဲ့ သဘောထားနဲ့ လုပ်ခဲ့တာ ဖြစ်တဲ့အတွက် အဲ့ဒီကတည်းက လမ်းလွဲခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ (၆၂) မှာ စစ်တပ်အာဏာ သိမ်းလိုက်တော့ လုံးဝပျက်သွားခဲ့တာ အခုချိန်ထိ ဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာကတော့ ရောဂါဟောင်းတွေ Underlying Causes အခြေခံက ရှိပြီးသားဆိုတော့ သွေးထွက်သံယို ဖြစ်ဖို့ဆိုတာကတော့ လွယ်ပါတယ်။ ဘင်္ဂလာဒေ့ရှ်၊ ထိုင်းတို့လို ခဏတဖြုတ်နဲ့ ပြေလည်သွားနိုင်တဲ့ တိုတိုတောင်းတောင်း၊ တိုတိုတုတ်တုတ် ပြီးဆုံးသွားနိုင်တဲ့ အခြေအနေတော့ မဟုတ်ဘူး။ ဆက်လက်ပြီးတော့ ရှိနေအုံးမှာပဲ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့လည်း ဘင်္ဂလာဒေ့ရှ်မှာ ဆန္ဒပြသူတွေကို သွေးထွက်သံယိုထိ နှိမ်နင်းတာကို တွေ့ပါတယ်။ ထိုင်းမှာလည်း ဒီလိုအခြေအနေမျိုး ဖြစ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် ဘာကြောင့် ပြည်တွင်းစစ်ထိ ဦးမတည်ခဲ့တာပါလဲ။
ဖြေ ။ ။ အခုဏက ပြောသလိုပေါ့။ မြန်မာနိုင်ငံရဲ့ အခြေအနေ အကြောင်းရင်းက အများကြီး နာတာရှည်ရောဂါကြီး ဖြစ်လာတာလေ။ လွတ်လပ်ရေး မရခင်ကတည်းက စုစည်းခဲ့တဲ့ ပုံစံကလည်း မဟုတ်တာ။ လွတ်လပ်ရေး ရပြီးတော့လည်း လိုချင်တဲ့အတိုင်း ဖြစ်မလာဘူး။ တည့်တည့်ဖြစ်အောင် ကြိုးပမ်းတော့လည်း စစ်တပ်က အာဏာသိမ်းပြီးတော့ လမ်းဖယ်ထွက်သွားတာ အခုထိပဲဆိုတော့ ဘယ်တောမှ သူတို့ရဲ့ အခြေခံအကြောင်းတရားက သိပ်ဆိုးဆိုးရွားရွား ရှိတယ်။ ဘင်္ဂလာဒေ့ရှ်မှာက အဲ့ဒီလို မဟုတ်ပါဘူး။ သူတို့ဆီမှာကတော့ နိုင်ငံရေးအားဖြင့် ဘာပဲပြောပြော တိုင်းပြည်ကတော့ အမျိုးသားနိုင်ငံ ဖြစ်တယ်။ လူနည်းစုတွေ ရှိတယ် ဘင်္ဂလာဒေ့ရှ်မှာက ဒါပေမယ့်လည်းပဲ လူနည်းစုတွေကို အခွင့်အရေးအများကြီး ပေးပါတယ်။ Positive Discrimination ပေါ့လေ။ သူတို့ကိုအခွင့်ပိုပေးပြီးတော့ အခွင့်ရေးပေးတာတွေ ရှိပါတယ်။ ဆိုတော့အခု ဘင်္ဂလာဒေ့ရှ်မှာ Yunus တက်လာတော့လည်း ဒီတိုင်းရင်းသားတွေရဲ့ အရေးတွေ၊ ဒေသခံတွေ၊ တိုင်းရင်းသားဆိုတာထက် လူနည်းစုတွေရဲ့ အရေးကိုအများကြီး ဦးစားပေးပါတယ်။ ထိုင်းမှာလည်း ထိုနည်းလည်းကောင်း အခွင့်အရေးတွေ ပေးပါတယ်။ မြန်မာနိုင်ငံမှာသာ ပဋိပက္ခတွေသာ ရှိနေတယ်။ တနည်းအားဖြင့် ပြောရင် အဲ့ဒီလို ခွဲခြားမှု့တွေ ရှိနေတာကြောင့် Ethnic Nationalism လို့ခေါ်တဲ့ လူမျိုးစု အမျိုးသားရေး စိတ်ဓာတ်တွေဟာ တနေ့ထက်တနေ့ ကျနော်တို့ ငယ်ငယ်တုန်းကထက်ကို ပိုပြီး ပြင်းထန်လာတယ်။ နေရာတကာမှာ ကြည့်လိုက်တော့ မြန်မာနိုင်ငံမှာ။ ဆိုတော့ အဲ့ဒီအခြေအနေက သိပ်ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ထိုင်းတို့ ဘင်္ဂလာဒေ့ရှ်တို့မှာ ဒီလိုမဖြစ်လို့ ဒီလိုမရှိလို့ ပြည်တွင်းစစ် အဆင့်ထိ မရောက်တာလို့ ပြောရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ပြည်တွင်းစစ်က ရှိနေပြီသား ဖြစ်နေတယ်။
မေး ။ ။ အဲ့ဒီတော့ မြန်မာနိုင်ငံမှာက ချောမွေ့တဲ့ အပြောင်းအလဲတခု၊ အရွေ့တခု ဖြစ်လာဖို့ကော ရှိလာနိုင်ပါသလား။ ဘယ်တော့လောက် ဖြစ်နိုင်မယ်လို့ ခန့်မှန်းရပါမလဲ။
ဖြေ ။ ။ သိပ်အကြာကြီး စောင့်ရမယ့်ကိစ္စပါ။ ချောမွေ့တဲ့အရွေ့ ဆိုတာကတော့။ အဓိကတော့ အဲ့ဒီတိုင်းရင်းသားတွေ၊ လူမျိုးစုတွေ၊ တော်လှန်ရေးအင်အားစုတွေ ညီညွှတ်ဖို့က အဓိကပါ။ ပြီးတော့မှ စစ်ကောင်စီနဲ့ ရင်ဆိုင်ဖို့ဆိုတဲ့ ပြဿနာတစ်ခု ရှိတယ်။ စစ်တပ်ကို စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ဆိုတာ။ စစ်တပ်ကလည်း သူတို့ ဘာညာလုပ်ပေးမယ်၊ ပြောနေတာပဲ။ ကျနော် ပွင့်ပွင့်လင်းလင်း အမြင်ကို ပြောရင်တော့ စစ်တပ်ကို မယုံကြည်လောက်ဘူး ထင်ပါတယ်။ စစ်တပ်က ဟိုစကတည်းက ဒီလိုပဲ ပြောပြောလာခဲ့တာ။ သူတို့က တိုင်းပြည်ကို ထိန်းရတယ်လို့ ပြောလိုက်။ ပိုပျက်သွားလိုက်။ သူတို့ထိန်းလေ ပိုပျက်လေ ဖြစ်ဖြစ်လာခဲ့တာ အခုချိန်ထိပါပဲ။ အခုဆိုရင် ပြိုကွဲသွားမလားအထိတောင်မှ စိုးရိမ်နေကြရပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ရမယ်။ ဖယ်ရှားပစ်ဖို့အထိ ဖြစ်နိုင်တဲ့ ညီညွတ်တဲ့ ပြည်သူတွေနဲ့ တနိုင်ငံလုံးပေါ့လေ ညီညွတ်ဖို့ လူမျိုးမခွဲ၊ ဘာသာမခွဲ၊ ညီညွှတ်မှုကလည်း သိပ်အရေးကြီးပါတယ်။ အဲ့ဒီလို မဟုတ်ရင်ကတော့ ဆက်ပြီးတော့ သွားနေအုန်းမယ် ထင်ပါတယ်။
မေး ။ ။ အဲ့ဒီတော့ လက်ရှိအခြေအနေတွေကကော ဒီပြဿနာတွေအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ကို ဦးတည်နေပြီလို့ ပြောနိုင်ပါလား။
ဖြေ ။ ။ အခုတော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှု့က လမ်းဆုံလမ်းခွကို Cross Road ရောက်နေပြီလို့ လူတိုင်းလိုလိုက သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ Cross Road က ဘယ်ဘက်ကို သွားမလဲ။ နောက်များ ပြန်လှည့်သွားမလား အမျိုးမျိုး။ Cross Road ဆိုတာ လမ်းဆုံ လမ်းခွကြီး ဖြစ်နေပါတယ်။ ဆိုတော့ အခုကတော့ စစ်ကောင်စီကတော့ တရုတ်ရဲ့ အကူအညီကို ယူပြီးတော့ အတိုချုံးပြီးတော့ ပြောရမယ်ဆိုရင် သူတို့ကို လက်ခံမယ့် မစို့မပို့ နိုင်ငံရေးအင်အားစုတွေနဲ့ ရွေးကောက်ပွဲကို လက်ခံနိုင်တယ် ဆိုပြီးတော့ သူတို့ လုပ်မယ်။ လုပ်ပြီးတော့ အာဏာ လွှဲပြောင်းပါတယ်ဆိုတာမျိုး သူတို့ လုပ်မယ်။ တရုတ်တို့ အာဆီယံတို့က ဘာပဲပြောပြော ဒီဟာကို လောလောဆယ် ငြိမ်သွားရင် ပြီးတာဘဲဆိုပြီးတော့၊ ရေရှည်ပြဿနာ ပြေလည်အောင်ထိ မမြင်ဘူး။ လောလောဆယ် အခိုက်အတန့်မှာ ပြေလည်သွားအောင် သူတို့ ကြိုးစားကြမယ်လို့ ယူဆပါတယ်။ တလောက ကျနော်တို့ဆီက အင်တာဗျူးတခုမှာ ကိုအောင်သူငြိမ်း သုံးသပ်သလို ဒီဟာ သူပြောသွားတဲ့စကားတစ်ခွန်း ကျနော်သတိထားပြီး ကြားလိုက်မိတယ်။ ဖြစ်လာတဲ့ Peace က Negative Peace, Positive Peace မဟုတ်ဘူးတဲ့။ သူက ငြိမ်းချမ်းရေးကို နှစ်မျိုးခွဲပြီး အနှုတ်လက္ခဏာပြတဲ့ ငြိမ်းချမ်းရေးနဲ့ အပေါင်းလက္ခဏာပြတဲ့ ငြိမ်းချမ်းရေးပေါ့။ ကျနော် စဥ်းစားတယ် အနှုတ်လက္ခဏာပြနေရင် ဘာဖြစ်လို့ ငြိမ်းချမ်းရေး ဖြစ်နိုင်ပါ့မလဲ။ ဒါပေမဲ့ အဲ့ဒီလိုပဲ သူသုံးသပ်သွားသလို အသုံးအနှုန်းက အဲ့ဒီလိုပဲ ပြောရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ဆိုတာက၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ အကုန်လုံး ညီညွတ်မှု ရနိုင်မှဆိုတော့ အများကြီး အဲ့ဒီလောက်ထိ မျှော်မှန်းဖို့ကတော့ အဝေးကြီး လိုသေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင့်။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။