အာဏာသိမ်းပြီး ၄ နှစ်အကြာ စစ်ကောင်စီက အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုးပြီး ရွေးကောက်ပွဲလုပ်ဖို့ ကြံစည်နေပါတယ်။ တည်ငြိမ်မှုအစ အရာရာချွတ်ခြုံကျနေတဲ့ အခြေအနေမှာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲက အဖြေဖြစ်နိုင်ပါလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ ၂၀၂၅ ထဲလည်းရောက်လာပါပြီ။ စစ်ကောင်စီကလည်း ထပ်ပြီးတော့ အရေးပေါ်အခြေအနေ သက်တမ်းတိုးလိုက်ပါတယ်။ ရွေးကောက်ပွဲလုပ်မယ်လို့လည်း ပြောထားတော့ အခြေအနေ အလားအလာတွေက ဘယ်လိုရှိပါသလဲ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ အရေးပေါ် အခြေအနေတွေကို သက်တမ်းတိုးတယ် ဆိုတာထက်၊ သူတို့ အုပ်ချုပ်ရေးကို သက်တမ်းတိုးတာပဲ သဘောသက်ရောက်ပါတယ်။ ၁ နှစ် ၂ ကြိမ်နှုန်းဆိုရင် ၄ နှစ်ဆိုရင် ၈ကြိမ် တိုးခဲ့ပြီး ဖြစ်တယ်။ အဲဒီလို တိုးတိုးလာခဲ့တာ ဖြစ်တယ်။ တိုင်းပြည်အခြေအနေက မတည်ငြိမ်ပါဘူး။ ပိုလို့သာ ဆိုးလို့နေပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ကတော့ တိုင်းပြည်အခြေအနေ တည်ငြိမ်ဖို့က အဓိကဖြစ်ပါတယ်။ အခု BBC ဦးဆောင်ပြုလုပ်တဲ့ လေ့လာချက်တခုအရဆိုရင် မြန်မာနိုင်ငံမှာ စစ်ကောင်စီ တကယ်လွှမ်းမိုးနိုင်တဲ့ နယ်မြေပမာဏ ၂၁ ရာခိုင်နှုန်းပဲ ရှိတယ်။ တိုင်းပြည်ဧရိယာရဲ့ ၂၁ ရာခိုင်နှုန်းသည်ပင် တည်ငြိမ်မှု့ သိပ်တော့မရှိလှပါဘူး။ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အနေအထား လုံးဝမရှိဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ်မှု့ မရှိဘဲ၊ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်ပေါ့လေ သိပ်ပြီးတော့ အလားအလာ မကောင်းဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲ လုပ်ဖို့ကို တရုတ်အပါအဝင် နိုင်ငံတချို့ကလည်း အားတက်သရော ထောက်ခံကြတယ်။ တိုက်တွန်းကြတယ်။ အာဆီယံကလည်း စစ်ကောင်စီကို ဒီအပေါ်မှာ တိုက်တွန်းပါတယ်။ ဒါတွေက ဘယ်လောက်ထိ ထိရောက်နိုင်မှာလဲ။
ဖြေ ။ ။ အဓိကတိုက်တွန်းတာက တရုတ် ဖြစ်ပါတယ်။ တရုတ်က သူတို့ အကျိုးစီးပွားအတွက် တိုက်တွန်းတဲ့သဘော ဖြစ်ပါတယ်။ တရုတ်ဟာ ဒီကိစ္စမှာ သူ့ရဲ့ သဘောထားကို သိပ်ပြီးတော့ ပေါ်လွင်တယ်။ မြန်မာ့ပြည်ရဲ့ အကျိုးစီးပွားထက် သူ့ရဲ့ အကျိုးစီးပွားကို လုံးလုံးလားလားဆိုတာ ပေါ်လွင်တယ်။ ပထမဦးဆုံး အာဏာသိမ်းပြီးတော့ တရုတ်က စစ်ကောင်စီကို သိပ်အသိမှတ်မပြုခဲ့ဘူး။ နောက်ပြီးတော့ NLD ကို ဖျက်သိမ်းတာကိုလည်း သူက သဘောမတူခဲ့ဘူး။ အခုကျတော့ ရွေးကောက်ပွဲ အတင်းလုပ်ခိုင်းတယ်။ NLD ကို မပါဘဲ၊ အတင်းဖယ်ထားတာကိုတော့ တရုတ်က ဘာမှမပြောဘူး။ ဒါကိုယ်နှိုက်ကိုက တော်ကြာတမျိုး အခုတမျိုး ပြောနေတယ်ဆိုတာ သေချာပါတယ်။ ထိုနည်းလည်းကောင်းပါပဲ တိုင်းရင်းသားအင်အားစုကိုလည်း သူက ကူညီအားပေးခဲ့တယ်ပေါ့။ ဘာပဲပြောပြော မသိကျိုးကျွန်ဆောင်ခဲ့တယ်။ တိုင်းရင်းသားတွေကို လုပ်ခဲ့တာကို သူက အသိအမှတ်ပြုတဲ့ သဘောရှိတယ်။ အခုကျတော့ မလုပ်နဲ့တော့ဆိုပြီး သူက ဟန့်တားတယ်ဆိုတော့ သူလိုချင်တဲ့ အတိုင်းအတာအတိုင်း ကွက်တိဖြစ်အောင် ကစားနေခြင်းသာ ဖြစ်တယ်ဆိုတာ ပိုပြီးတော့ ပေါ်လွင်လာပါတယ်။
အဓိကကတော့ တရုတ်သာ ဖြစ်ပါတယ်။ အာဆီယံဟာ ရွေးကောက်ပွဲကို အားပေးတယ်လို့ မပြောနိုင်ပါဘူး။ အခု အာဆီယံ ဥက္ကဌ ဖြစ်လာတဲ့ မလေးရှားနိုင်ငံကဆိုရင် ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ သူတို့က ပြောတယ် ရွေးကောက်ပွဲဟာ အဓိက မဟုတ်ဘူး။ ငါတို့ဖြစ်စေချင်တာက ငါတို့ priority ဦးစားပေးတာကတော့ ဘက်စုံပါဝင်တဲ့ ဆွေးနွေး ညှိနှိုင်းမှု့သာ ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေက အာဆီယံဟာ မညီညွတ်ဘူး။ ကွဲပြားမှုကို ပိုတောင်ပေါ်လွင်လာမယ်။ ထိုင်းကတော့ သူကလုပ်စေချင်တဲ့ သဘောရှိတယ်။ ထိုင်းကလည်း သူ့ရဲ့အကြောင်းပြချက်နဲ့ သူပေါ့။ ငါက အိမ်နီးချင်းဆိုတာ၊ ငါက မြန်မာပြည်ရဲ့ဒဏ်ကို ငါက အခံရဆုံးဆိုတော့၊ ငါက အလုပ်သင့်ဆုံးဆိုပြီးတော့ လုပ်နေတယ်။ ဆိုတော့ သူတို့ကလည်း အကွဲအပြဲနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အာဆီယံ အားပေးလို့ မဖြစ်နိုင်ပါဘူး။ အာဆီယံက တကယ် အားမပေးတော့ အခုလောလောဆယ်မှာတော့ ထိုင်းနိုင်ငံကြီးဟောင်း Thaksin နဲ့ မလေးရှားဝန်ကြီး Anwar Ibrahim နဲ့ တွေ့ကြတာကို တွေ့ရပါတယ် သတင်းထဲမှာ။ ဘာတွေထွက်လာမလဲတော့ မသိသေးဘူး။ စစ်ကောင်စီက အဓိကအားကိုးနေတာက ရုရှား Belarus က Alexander Lukashenko, သူက ၉၄ ခုနှစ်ထဲက သမ္မတလုပ်ပြီး မဆင်းတော့ဘူး။ အကုန်လုံးက အတိုက်အခံတွေကို ဖိနှိပ်ချုပ်ချယ် ထောင်ချပြီးတော့ သူတို့ အုပ်ချုပ်လာတာ အခုလည်း သမ္မတ ရွေးကောက်ခံရပြန်ပြီ ဆိုပြီးတော့ နှစ်ပေါင်း (၃၀) ရှိပြီး သမ္မတ တက်လုပ်နေတာ။ ဘယ်နိုင်ငံကမှ ရုရှားကလွဲပြီး ကျန်တဲ့နိုင်ငံတွေက အသိအမှတ် မပြုကြဘူး။ အဲဒီနိုင်ငံနဲ့မှ သွားပြီးတော့ မြန်မာစစ်ကောင်စီက သူတော်အချင်းချင်း ပေါင်းဖက်တည့်နေကြတယ်။ သူတို့က ကူညီတယ်။ မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲကိုတောင်မှ Lukashenko ရဲ့ Belarus ရုရှားမှာလုပ်တဲ့ ရွေးကောက်ပွဲကို သွားလေ့လာတယ်ဆိုတော့ အဲဒီလိုပုံစံမျိုးပဲ ဖြစ်မယ်ဆိုတာ ဘယ်လိုမှ နိုင်ငံတကာက တကယ်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ Free and Fair လည်းဖြစ်မှာ မဟုတ်ဘူး။ Credibility ဖြစ်မယ့် ရွေးကောက်ပွဲလည်း ဖြစ်မှာ မဟုတ်ပါဘူး။
မေး ။ ။ အဲဒီတော့ ဒီတလောက ငွေဆောင် သဘောတူညီချက်ဆိုပြီးတော့ ထွက်လာတာကို တွေ့လိုက်တယ်။ အဲဒီ ငွေဆောင် သဘောတူညီချက်ကကော ဘယ်လောက် ထိရောက်နိုင်လဲ။
ဖြေ ။ ။ အဲဒီ့သဘောတူညီချက်မှာ (၇) ချက်ပါတယ်။ ကျနော် အဲဒါကိုကြည့်တယ်။ လေ့လာကြည့်သလောက် အဲဒီ့သဘောတူညီချက် (၇) ချက်ထဲမှာ ကန့်ကွက်စရာ ဘာမှမတွေ့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်မယ်။ နိုင်ငံရေး အကျဥ်းသား ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်။ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို လုံးဝရပ်ရမယ်။ ဒါလည်း လုံးဝဖြစ်သင့်တဲ့ ကိစ္စပါပဲ။ နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ဖို့အတွက် နိုင်ငံတကာနဲ့ လုပ်ရမယ်။ ဒါလည်း ဖြစ်သင့်တာပါပဲ။ ဖြစ်ထိုက်ဖြစ်သင့်တဲ့ ကိစ္စပါဘဲ။ နောက်ပြီးတော့ အချိန်ကာလတခု သတ်မှတ်ပြီးတော့ ဆွေးနွေးရမယ် ဒါ လိုအပ်တယ်။ အသွင်ကူးပြောင်းရေးအတွက် စီမံခန့်ခွဲရေး လုပ်ရမယ်။ ပြန်လည်ထူထောင်ရေးအတွက် စီစဥ်ရမယ်ဆိုတော့ ဒီ (၇ )ချက်လုံးက အကောင်းတွေချည်းပါပဲ။ ကျနော့်အနေနဲ့ကတော့ ဘာမှ ကန့်ကွက်စရာ၊ ကျနော် Personally အနေနဲ့ ဘာမှ ကန့်ကွက်စရာ မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက စစ်ကောင်စီ လက်ခံဖို့ အရေးကြီးတယ်။ စစ်ကောင်စီက ဒီဟာတွေကို သဘောပေါက် လက်ခံခဲ့ရင် အစကထဲက လက်ခံခဲ့ရင် ကိစ္စက ပြီးမြောက်သွားတာကြာပြီ။ ငါတကော ကောနေလို့ ဖြစ်နေတာ။ ဒီ (၇) ချက်လုံးက ကန့်ကွက်စရာ မရှိဘူး။
မေး ။ ။ တချို့ကကြတော့ စစ်တပ်နဲ့ မဆွေးနွေးချင်ကြတော့ဘူးလို့လည်း ကြားပါတယ်။
ဖြေ ။ ။ တချို့က ဘာသဘောနဲ့ ကန့်ကွက်လဲဆိုတာတော့ ကျနော် မပြောလိုဘူး။ ဒါပေမဲ့ သူတို့အမြင်နဲ့ သူတို့ ဖြစ်မယ်။ ကျနော်နဲ့တော့ အမြင်ကွဲပါတယ်။ ဒီငွေဆောင် (၇) ချက်မှာ လုပ်တဲ့လုတွေထဲမှာ ဘယ်သူတွေ ပါတယ်ဆိုတာ အသေးစိတ်လည်း မသိရဘူး။ ဒါပေမဲ့ တချို့လူတွေက ရာထူးမက်လို့ လုပ်နေတာ မဟုတ်ဘူး။ ဝန်ကြီး ရာထူးပေးတာတောင် မယူခဲ့တဲ့ သူတွေ လုပ်နေတယ်ဆိုတာ ကျနော်ကြားရတယ်။ ဒီလူတွေဟာ တိုင်းပြည်အတွက် တကယ်စွန့်စားပြီးတော့ အနစ်နာခံပြီး လုပ်လာခဲ့တဲ့ နိုင်ငံရေးသမားတွေလည်း ဖြစ်ပါတယ်။ ကျနော် သိသလောက်ပေါ့လေ။ အကုန်လုံးတော့ ကျနော် မသိဘူးပေါ့လေ။ ခက်တာက မြန်မာ့နိုင်ငံရေးဟာ သိပ်ပြီးတော့ Polarization က တကယ့်ကို very sharp ပြတ်ပြတ်သားသား၊ ဖြူရင်ဖြူ မဖြူရင်မဲ ဒါပဲ ဖြစ်နေတော့၊ ကြားသဘောထားကနေပြီးတော့ ပြန်လည်ဖြစ်သင့်တယ်ဆိုတဲ့ အမြင်သဘောထားကို လက်ခံနိုင်ဖို့က လူတွေမှာ တော်တော်ခဲယဥ်းတယ်။ နှစ်ဘက်လုံးက အဲဒီလိုပဲ စစ်ကောင်စီက ဖြစ်သလို တဘက်မှာလည်း အဲဒီလို ဖြစ်နေတယ်ဆိုတော့ အဲဒီဟာကတော့ အဓိက အားနည်းချက်လို့ မြင်ပါတယ်။ ဒီ (၇) ချက်ကတော့ အားနည်းတယ်လို့ မထင်ပါဘူး။
မေး ။ ။ ၂၀၂၅ မြန်မာ့နိုင်ငံရေး အလားအလာကကော ကောင်းနိုင်ပါရဲ့လား။
ဖြေ ။ ။ စစ်ကောင်စီကတော့ ရွေးကောက်ပွဲလုပ်ပြီးရင် ဘာဖြစ်မယ်။ ကျနော်ကတော့ လုံးဝမထင်ပါဘူး။ ဒီရွေးကောက်ပွဲကိုသာ ဦးတည်ပြီးတော့ လုပ်နေရင်တော့ ကောင်းလာလိမ့်မယ် မထင်ပါဘူး။ ရွေးကောက်ပွဲက သြဂုတ်မှာလည်း သူတို့ လုပ်မယ်ပြောတော့ အခုသက်တမ်းပြီးရင် ရွေးကောက်ပွဲလုပ်မယ်။ လုပ်နိုင်တဲ့အခြေအနေ ရှိပါ့မလား။ အဲဒီတော့လည်း သူတို့က မရှိဘူး ဆိုပြီးတော့ ထွက်ပြီးတော့ အရေးပေါနဲ့ ဆက်ပြီးတော့ လုပ်ရင်လုပ်မှာပဲ။ ဆိုတော့ ဒါဟာ သံသရာလည်နေမှာပဲ ဒီအတိုင်း။ ရွေးကောက်ပွဲ လုပ်ရင်လည်းပဲ တည်ငြိမ်မှု မရှိဘူး။ ပြဿနာက အများကြီး ဖြစ်နေမှာပဲ။ နောက်ပြီး သူတို့ ခေါ်ထားတဲ့ ရွေးကောက်ပွဲဆိုတာကလည်း အဓိကသူတို့ နိုင်အောင်လုပ်မယ့် စောစောကပြောတဲ့ Belarus ရုရှားမှာလုပ်တဲ့ ရွေးကောက်ပွဲမျိုး လုပ်ဖို့ဆိုတာ သူတို့ကြံစည်နေတာ တိုင်ပင်နေတာ ဖြစ်ပါတယ်။ တကယ်လွတ်လပ်တဲ့ အတိုက်အခံတွေ NLD အပါအဝင် တခြားနိုင်ငံရေးအတိုက်အခံ ပါတီပေါင်းများစွာကို သူတို့ ပိတ်ထားတယ်ဆိုတော့ ဘယ်လိုမှ အလားအလာကောင်း ဖြစ်လာမယ်လို့ မထင်ပါဘူး။ တွေ့ဆုံဆွေးနွေး တချို့အကြံပေးကြတာကိုလည်း တဘက်က လက်မခံကြဘူး။ နောက်ပြီး စစ်ကောင်စီကလည်း သူတို့ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့ထဲမှာ NUG မပါဘူး။ သူတို့လိုချင်တဲ့ သူနဲ့သာ သူတို့ တွေ့မယ်ဆိုတဲ့သဘောမျိုး ပြောတယ်။ အဲဒီဟာကိုတောင်မှ သူတို့သိပ်ပြီးတော့ ရှေ့ကိုဆက်ပြီးတော့ မပြောတော့ဘူး။ AA တို့ ဘာတို့က ပြောတာကို သူပြန်လည် ဖြေကြားတာကို မတွေ့ရပါဘူး။ ၂၀၂၅ ဟာ ဒီလိုပဲ သံသရာလည်မယ်လို့ ထင်တယ်။ တိုင်းပြည်အတွက် ကောင်းမယ့်အခြေအနေတော့ သိပ်မမြင်မိဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ မြန်မာ့ပြဿနာက ဘာကြောင့်များ ဒီလောက်ထိ တာရှည်နေရတာပါလဲ။ ရွေးကောက်ပွဲကော
အဖြေ ဖြစ်လာပါမလား။
ဖြေ ။ ။ ကျနော်ထင်တယ်။ ပထမဆုံးပြောရရင် ရွေးကောက်ပွဲကတော့ အဖြေ ဖြစ်မလာပါဘူး။ စောစောက ပြောသလို အရင်တုန်းက အခြေအနေ ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။ ရွေးကောက်ပွဲ လုပ်ပြီး၊ အတင်းဆက်နေလည်း ဒီပြဿနာတွေ ရှိနေမှာပဲ။ ဇာတ်လမ်းက တော်တော်ရှည်ပါတယ်။ မြန်မာနိုင်ငံသမိုင်းကိုတော့ ပြင်လို့တော့ မရဘူးပေါ့လေ။ သမိုင်းမှာ ဖြစ်ခဲ့တာကို အင်္ဂလိပ်က နယ်ချဲ့ စနစ်နဲ့ သူတို့တတ်နိုင်သမျှကို သူတို့သိမ်းတယ်။ သိမ်းပြီးတော့ သူတို့ လွတ်လပ်ရေးပေးရမယ့် အခါကျတော့ အကုန်လုံးကို စုပြီးတော့ ရော့ဆိုပြီး ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီမှာ တိုင်းရင်းသားပြဿနာတွေက အစကထဲက ပြည်ထောင်စုဖြစ်ဖို့ သူတို့ စုစည်းခဲ့တဲ့ ပုံစံက အတင်းစုစည်းခဲ့တာသာ ဖြစ်ပါတယ်။ ဆိုတော့ သမိုင်းကိုလည်း အဲဒီလို မှန်မှန်ကန်ကန် မသုံးသပ်ကြပဲနဲ့ နောက်ပိုင်းမှာလည်း ဘာဖြစ်လာလဲဆိုတော့ လွတ်လပ်ရေးရတဲ့ အချိန်ကစပြီးတော့ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သမိုင်းနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဖွဲ့စည်းပုံအခြေအနေတခုမှ မရှိခဲ့ဘူး ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်။ ၁၉၄၈ လွတ်လပ်ရေးရပြီးတော့ ကျင့်သုံးလာတဲ့ ဖွဲ့စည်းပုံ တကယ် ရည်ရွယ်ခဲ့တာကတော့ ပင်လုံတို့ ဘာတို့မှာ လုပ်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု ပုံစံလုပ်မယ် သူတို့ပြောတဲ့ ရှမ်းတကျပ် ဗမာတကျပ် တိုင်းရင်းသားတွေနဲ့ တန်းတူလုပ်မယ် ပြောခဲ့တယ်။ ပါးစပ်ကပြောတာသာ ရှိတယ်။ ဖြစ်လာတဲ့အခါကြတော့ ဖက်ဒရယ် ဖွဲ့စည်းပုံကိုပဲ ရေးဆွဲခဲ့တယ်။ အဲဒီတုန်းက နိုင်ငံတော်ရှေ့နေချုပ် ဦးချန်ထွန်း ကိုယ်တိုင်က ရေးထားတာတွေ့တယ်။ ဒါဟာ ဖက်ဒရယ် မဟုတ်ဘူး၊ သဒ္ဒါန်ဆောင်ထားတဲ့ ဖက်ဒရယ်ပေါ့လေ။ နောက်အဲဒီဟာ ပျက်သွားပြီးတော့ ၇၄မှာ ဗိုလ်ချုပ်နေဝင်း မဆလ လုပ်လာတာက ပိုတောင်ဆိုးသေးတယ်။ အဲဒီအခါကြတော့ ပြည်မကို တိုင်း (၇) တိုင်း လုပ်လိုက်ပြီးတော့ ပြည်နယ်တွေနဲ့ တန်းတူဆိုတော့ တိုင်းရင်းသားတွေရဲ့ အုပ်ချုပ်ရေး အာဏာဟာ ဘာမှမရှိတော့ဘဲနဲ့ တိုင်းတွေနဲ့ တန်းတူဖြစ်သွားတဲ့ ပုံစံဆိုပြီး ဖြစ်သွားပြန်တယ်။ တိုင်းရင်းသား ပုန်ကန်မှု့တွေ ထပ်ဖြစ်လာတယ်။ ဖွဲ့စည်းပုံကိုယ်နှိုက်က ပြင်ရမှာ ဖြစ်ပါတယ်။ သမိုင်းကိုလည်း အမှန်တိုင်းမြင်ဖို့ ကြည့်ဖို့သင့်တယ်။ ဒါကအခြေခံ အကြောင်းအရင်းတွေပါ။
အဲဒီလို အခြေခံအကြောင်းအရင်းတွေမှ ဦးစွာထဲက တိုင်းရင်းသားတွေလည်း မငြိမ်မသက် ဖြစ်တယ်။ ဖြစ်တာကို အကြောင်းပြပြီးတော့ စစ်တပ်က ငါတို့နေမှ ဖြစ်မယ်။ ငါတို့ရှိမှ ဖြစ်မယ်ဆိုပြီးတော့ လုပ်ကြတယ်။ တချို့ကပြောကြတယ် - စစ်တပ်ဟာ သူတို့ အာဏာတည်မြဲချင်လို့များ ဒီလိုလုပ်ထားတာလား တမင်ဆိုပြီးတောင်မှ ပြောကြတာ ဖြစ်ပါတယ်။ ဆိုတော့ စိတ်မကောင်းစွာနဲ့ ပြောရရင်တော့ ဖြေရှင်းရမယ့်ပြဿနာက အများကြီးပါ။ အခုအခါမှာ တိုင်းရင်းသားတွေက ဒီဟာကို နားလည်ပြီးတော့ အကုန်လုံးညှိနှိုင်းပြီးတော့ ပြေပြေလည်လည် တိုင်းရင်းသားဆိုတာ ဗမာလူမျိုးလည်း ပါပါတယ်။ သူတို့လည်း တိုင်းရင်းသားတွေပဲ တိုင်းရင်းသားတွေ လူမျိုးစုတွေ၊ မတူကွဲပြားမှုတွေ အကုန်လက်ခံပြီး လုပ်နိုင်တဲ့အခါမှ တိုင်းပြည်က တကယ်ငြိမ်းချမ်းမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ပြီး ဘယ်လောက်ဆက်နေနေ အခြေအနေကတော့ တမျိုးမတည်နဲ့ ပြဿနာတွေက ဆက်လက်ဖြစ်နေအုံးမှာ ဖြစ်ပါတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင့်။ အခုလို ဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ်။