ရှေ့မတိုးနိုင်တဲ့ အာဆီယံ ဓာတ်ပြားဟောင်း

မမြသဇင်အောင် နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ အောက်တိုဘာ ၁၆၊ ၂၀၂၄)

မကြာခင်ကပြီးဆုံးသွားတဲ့ ဗီယင်ကျန်း အာဆီယံထိပ်သီးဆွေးနွေးပွဲဟာ မြန်မာ့ပြဿနာအတွက် ယခင်မူ (၅) ချက်ကိုပဲ ဆက်ကလက်ကိုင်စွဲဖို့ ချမှတ်သွားပါတယ်။ ဒီ အာဆီယံထိပ်သီးတွေနဲ့ ဆွေးနွေးဘက်ခေါင်းဆောင်များ တွေ့ဆုံမှုက မျှော်လင့်နိုင်စရာ တစုံတရာ ပေါ်ထွက်ခဲ့ပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ မမြသဇင်အောင် က ဦးကျော်ဇံသာ ကို မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အခု အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးက ဘာတွေထူးခြားပါသလဲ။ အထူးသဖြင့် မြန်မာ့အရေး ဘာထူးခြားပါသလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ မြန်မာ့အရေး ထူးခြားချက်ကို မပြောခင်၊ အာဆီယံအစည်းအဝေးရဲ့ ဒီတကြိမ်ထူးခြားချက်ကတော့ ပါဝင်လာတဲ့ နိုင်ငံအကြီးအကဲတွေက မျက်နှာသစ်တွေ ပါဝင်လာတာကို တွေ့ရတယ်။ ထိုင်းနိုင်ငံမှာဆို Paetongtarn Shinawatra ဝန်ကြီးချုပ် ဖြစ်လာတယ်။ သူကိုယ်တိုင် တက်ရောက်လာတယ်။ အလားတူစွာပါပဲ စင်္ကာပူနိုင်ငံမှာ Lawrence Wong ဝန်ကြီးချုပ် ဖြစ်လာတယ်။ ဗိယက်နမ်မှာလည်း နိုင်ငံခေါင်းဆောင် အပြောင်းအလဲ ဖြစ်တယ်။ ဒါပေမဲ့ သမ္မတကိုယ်တိုင် မတက်ဘဲနဲ့ ဝန်ကြီးချုပ်ကို လွှတ်လိုက်တယ်။ နောက်ထူးခြားချက်တခုကတော့ အာဆီယံရဲ့ အရေးကြီးဆုံး နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှား သမ္မတ Joko Widodo မတက်လာဘူး။ သူ့မှာ အာဏာလွှဲပြောင်းရမယ့် ကိစ္စ ရှိနေလို့ဆိုပြီး ဒုသမ္မတကို လွှတ်လိုက်တယ်။ နောက် ဆွေးနွေးဘက်နိုင်ငံတွေထဲမှာလည်း ဂျပန်ဝန်ကြီးချုပ် တက်လာတယ်။ နောက် အမေရိကန် သမ္မတ Joe Biden မတက်ပါဘူး။ ဒီမှာ ရွေးကောက်ပွဲနီးကာလဖြစ်လို့ မတက်တာလို့ ဆိုပါတယ်။ ဒါကတော့‌ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေပါ။ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေ အပြောင်းအလဲ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘာထူးခြားသလဲဆိုတော့ မြန်မာ့အရေးမှာတော့ အဓိကတော့ အာဆီယံမူ (၅) ချက်ကိုပဲ ဆက်လက်ပြီးတော့ ကိုင်စွဲထားပါတယ်။ အဲဒီ အာဆီယံမူ (၅) ချက်အပြင် ပဋိပက္ခကို ချက်ချင်းအမြန်ဆုံး ရပ်ဆိုင်းကြဖို့ကို သူတို့ ပြောကြတော့ သံသယ ရှိစရာက စစ်ကောင်စီက အဲဒါကို လက်ခံနိုင်စရာ မရှိဘူးလို့ သံသယအကြီးကြီး ရှိနေကြပါတယ်။ မူ (၅) ချက်ကို ဆက်လက်ကိုင်စွဲထားမယ်လို့ ပြောတယ်။ ဒါကိုပဲ ဖြစ်အောင်လုပ်ရမယ်လို့ စင်္ကာပူနိုင်ငံမှာ Lawrence Wong က ဒါဟာ အချိန်ယူရမယ်လို့ ပြောတယ်။ ဘယ်လောက်အချိန်ယူရမလဲ - အခု ၃ နှစ်ကျော်လို့ မြန်မာပြည်လည်း ဖွတ်ဖြစ်နေပြီလို့ ပြောရလိမ့်မယ်။ လူပေါင်း ၁၈ သန်းလောက် စားဝတ်နေရေး၊ ဘဝပြဿနာ အခက်အခဲတွေ အများကြီးကြုံနေရပြီဆိုတော့ ကုလသမဂ္ဂတို့ကလည်း စာရင်းပြုထားပေမဲ့ သူကတော့ အချိန်ယူရမယ် စောင့်ရမယ်လို့ ပြောနေဆဲ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒီမှာ မူ ၅ ချက်ရဲ့ အားနည်းချက်က ဘာဖြစ်ပါမလဲ။ အဓိက အခက်အခဲက ဘာဖြစ်မလဲ။

ဖြေ ။ ။ မူ ၅ ချက်မှာတော့ အားနည်းချက် မရှိဘူးလို့ ပြောရမှာပါ။ မူ ၅ ချက်ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးလို့ ပြဿနာ စဖြစ်ကတည်းက အာဆီယံနိုင်ငံတွေက ချမှတ်ခဲ့တယ်။ အဲဒီ မူ ၅ ချက်မှာပါတဲ့ဟာတွေက ပဋိပက္ခ ရပ်ဆဲဖို့၊ ညှိနှိုင်းဆွေးနွေးဖို့၊ ဒုက္ခသည်တွေကို အကူအညီပေးဖို့ စတာတွေက တကယ်အရေးကြီးပြီး သူတို့သဘောတူ ဆွေးနွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မူ ၅ ချက်ပင် အာဆီယံ အဖွဲ့အစည်းတခုအတွက် အောင်အောင်မြင်မြင် ချမှတ်နိုင်ခဲ့တဲ့ သဘောတူညီချက် ဖြစ်ပါတယ်။ စစ်ကောင်စီကလည်း သွားတက်ပြီးတော့ ခေါင်းငြိမ့်ခဲ့တယ်။ ပြန်လာပြီးမှ မလုပ်တော့ဘူးဆိုပြီး ကန်ထားလိုက်တာ ဖြစ်တယ်။ မူ ၅ ချက်မှာတော့ ဘာမှအားနည်းချက် မရှိပါဘူးလို့ ပြောရမှ ဖြစ်ပါတယ်။ အဲဒါကို လုပ်နိုင်ရင် ကောင်းတယ်။ ဒါပေမဲ့ ခက်တာက အကောင်အထည် မဖော်နိုင်တာက အားနည်းချက်ပါပဲ။

ဘာကြောင့် အကောင်အထည် မဖော်နိုင်ဘူးလဲဆိုတော့ တချို့ကပြောတယ် အဲဒီ မူ ၅ ချက်ကို ဖြစ်အောင် အင်အားသုံး အကောင်အထည်ဖော်ဖို့ အာဆီယံ မပြောနိုင်ရင် ကုလသမဂ္ဂ အထွေထွေ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ Binding Force အတင်းအကြပ် လုပ်ရမယ်ဆိုတာကို … မရပါဘူး။ မူ ၅ ချက်မှာလည်း လုပ်နိုင်ချေ မရှိဘူး။ အားလုံးသဘောတူညီမှ လုပ်ရမှာ ဖြစ်တယ်။ နိုင်ငံတခု အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ အဲဒီအကန့်အသတ်တွေက ရှိနေတော့ အာဆီယံနိုင်ငံအားလုံးက ဒီမိုကရေစီနိုင်ငံတွေ မဟုတ်ဘူး။ ဘရူးနိုင်းလို့ နိုင်ငံပါတယ်။ ဗိယက်နမ်လို ကွန်မြူနစ်နိုင်ငံတွေလည်း ပါတယ်ဆိုတော့ သူတို့နိုင်ငံတခုချင်းဆီကို ဝင်စွက်ကြစတမ်းဆို ပြုပြင်ရေးအတွက် ဝင်စွက်ရမယ့်သဘော ဖြစ်နေတယ်။ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ အဲဒါ အာဆီယံရဲ့ ဘောင်ထဲမှာ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာ အဓိကအားနည်းချက် ဖြစ်ပါတယ်။ အဲဒီတော့ ညှိနှိုင်းပြီးတော့သာ ဆောင်ရွက်ရမယ့်သဘော ဖြစ်ပါတယ်။

မေး ။ ။ ဒီဆွေးနွေးပွဲမှာ အခြားဆွေးနွေးဘက်နိုင်ငံတွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ တစုံတရာ အားတက်စရာ ရှိပါသလား။

ဖြေ ။ ။ အာဆီယံရဲ့ ဆွေးနွေးဘက် Dialogue Partners နိုင်ငံတွေထဲမှာ အရေးကြီးဆုံးက တရုတ်ပါပဲ။ အထူးသဖြင့် မြန်မာ့အရေးနဲ့ ပတ်သက်လို့။ တရုတ်က ဘာပြောသလဲဆိုတော့ အာဆီယံ မူ ၅ ချက်ကို လက်ခံတယ်။ အာဆီယံ ဆက်လုပ်ပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံထဲမှာ သူကပဲ ဝင်ချယ်လှယ်ပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ ဘာညာဆိုတာကို ပြောတယ်။ ကျနော် စဉ်းစားမိတယ် - တရုတ်သည် အာဆီယံကို ဆက်လက်ပြီး အားပေးနေတာ မူ ၅ ချက် ရှေ့မတိုးနိုင်လို့ လွှတ်ထားလိုက်ပြီး သူလုပ်ချင်တာကို သူ့နည်းသူဟန်နဲ့ ဝင်လုပ်နေတဲ့သဘောများလား၊ အာဆီယံ မတိုးနိုင်ဘူးဆိုတာ သူသိတယ်။ ဒါပေမဲ့ ဒါပဲ ဆက်လုပ်ဆိုပြီး ပြောနေတယ်။ သိပ်ဝေးတဲ့ နိုင်ငံတွေပြောတာ ထားပါတော့၊ တရုတ်က သိနေတာပဲ ဒီမူ ၅ ချက်နဲ့ လုပ်လို့မရဘူးဆိုတာ။ အဲဒါပဲ ဆက်တိုက်တွန်းနေတော့ သူ လိုချင်တဲ့လမ်းကြောင်းနဲ့ စစ်ကောင်စီကို အသိအမှတ်ပြုပြီးတော့ ရွေးကောက်ပွဲလုပ်ကြဆိုပြီး တရုတ်ကပဲ အားပေးတိုက်တွန်းနေတယ်ဆိုတော့ တရုတ်ကသဘောထားက အဲဒီလိုဖြစ်မယ်လို့ ထင်တယ်။ အဓိက ရွေးကောက်ပွဲကို ကန့်ကွက်တာ အာဆီယံဘက်ကလည်း ကန့်ကွက်တာ မတွေ့ရပါဘူး။ အာဆီယံက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို ငဲ့ကွက်ရတယ်။ သူတို့နဲ့လည်း ထိတွေ့နေတယ်ဆိုတော့ အဲဒါကို သူတို့ စောင့်ကြည့်နေတာ ဖြစ်မှာပါ။ တကယ်လို့ အဆင်ပြေသွားတဲ့အခါ ဘယ်လိုဖြစ်မလဲဆိုတာတော့ မသိဘူး။
နောက်တနိုင်ငံကတော့ အိန္ဒိယ - သူကတော့ ဘက်ပေါင်းစုံ ပါဝင်ဖို့ ပြောတယ်။ အမေရိကန်ကတော့ ကန့်ကွက်တယ်။ အဓိကအားဖြင့်တော့ အဲဒါပါပဲ။

မေး ။ ။ အဲဒီတော့ ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် တခြားအရေး ကိစ္စတွေမှာ အလေးထားရမယ့်အချက်တွေက ဘာတွေရှိပါသလဲ။

ဖြေ ။ ။ အရေးကြီးဆုံးအချက်ကတော့ တောင်တရုတ်ပင်လယ် ကိစ္စပါပဲ။ သိပ်ခက်ခဲပါတယ်။ ဒီမှာ အပြင်းအထန် ပဋိပက္ခ ဖြစ်ပါတယ်။ ဆွေးနွေးလို့ အဆင်မပြေပါဘူး။ တောင်တရုတ်ပင်လယ်မှာ Code of Conduct ခေါ်တဲ့ ပြုမူကျင့်ကြံလိုက်နာရမယ့် အရေးကိစ္စကိုတောင် သိပ်ညှိလို့မရဘူး။ အဲဒီကိစ္စက တယောက်နဲ့တယောက် ရုတ်တရက် မမျှော်လင့်ဘဲနဲ့ ထိပ်တိုက်တွေ့ပြီး ပေါက်ကွဲသွားနိုင်တာ။ နောက်ပြီးတော့ နားလည်မှု လွှဲမှားပြီးတော့ ထိပ်တိုက်ဖြစ်မှာတို့ အဲဒီကိစ္စတွေကို လုပ်တာတောင်မှ အဆင်မပြေနိုင် ဖြစ်နေတယ်။ အထူးသဖြင့် ဖိလစ်ပိုင်မှာဆို မကြာခဏ သူ့နယ်စပ်မှာ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါလည်း တရုတ်က အဓိကအားဖြင့် တောင်တရုတ်ပင်လယ်တခုလုံးကို သူတို့ ပိုင်တယ်ဆိုပြီး ပြောနေတာက အဓိက ဖြစ်နေပါတယ်။ ဒီကိစ္စကို ညှိလို့မရပါဘူး။ အခက်အခဲ အများကြီးတွေ့နေရပါတယ်။ ဒီကိစ္စက တာရှည်သွားရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကုလသမဂ္ဂကလည်း ဘာမှမတတ်နိုင်ဘူး။

နောက် အရေးကြီးတဲ့ကိစ္စက ယူကရိန်းအရေး။ ရုရှားက နိုင်ငံခြားရေးဝန်ကြီး Lavrov Sergey Viktorovich လာတက်တယ်။ သူ့နဲ့လည်း ထိပ်တိုက်တွေ့ကြတယ်။ ဘယ်လိုမှ ညှိနှိုင်းလို့ မရဘူး။ သူက အပြင်းအထန် ပြောဆိုပါတယ်။ သူနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်စလုံး တက်ကြတယ်။ ဒါပေမဲ့ သူတို့ မတွေ့ကြဘူး။ သို့သော် Lavrov Sergey စကားပြောဆိုတာကိုတော့ အမေရိကန်က နားထောင်တယ်။ သတင်းထောက်တွေကိုပြောတယ် - နားထောင်တယ်၊ တယောက်နဲ့ တယောက် ဘာပြောတယ်ဆိုတာကို ကြားရတာတော့ ကောင်းတယ်ဆိုပြီးတော့ တက်နားထောင်တယ်။ သဘောတူညီမှုတော့ လုံးဝမရကြပါဘူး။ နောက် အစ္စရေး-ဂါဇာ ကိစ္စကတော့ သိပ်တော့မပြောဆိုကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ အစ္စရေးကို အသိအမှတ်မပြုတဲ့ နိုင်ငံတွေ ရှိကြပါတယ်။ အဲဒီတော့ အဲဒီအရေးကို ဆွေးနွေးကြတာ မတွေ့ရပါဘူး။ တခြားကိစ္စတွေလည်း အောင်မြင်တယ်လို့ ပြောလို့မရပါဘူး။

ရှေ့တိုးတယ်ဆိုတာတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဒေသဖွံ့ဖြိုးရေး၊ ရင်းနှီးမြုပ်နှံမှု၊ ပူးတွဲပြီး သဘာဝအန္တရာယ် ကာကွယ်ဖို့၊ အဓွန်ရှည်ခိုင်မြဲတဲ့ စီးပွားရေးလုပ်ငန်းတွေ အဲဒီအရေးကိစ္စတွေမှာတော့ အဆင်ပြေကြတယ်။ ဒါပေမဲ့ အဓိကပြဿနာတွေဖြစ်တဲ့ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်၊ ယူကရိန်းအရေးတွေမှာ သဘောထားကွဲပြီးတော့ ဆုံးဖြတ်ချက်တောင်မှ အနိုင်နိုင် မချနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။

မေး ။ ။ အဲဒါဆိုရင် ထိုင်းက ဒီဇင်ဘာမှာ ကျင်းပမယ်ဆိုတဲ့ မြန်မာ့အရေး ဘက်စုံဆွေးနွေးပွဲကိုကော ဘာတွေမျှော်လင့်လို့ ရပါမလဲ။

ဖြေ ။ ။ အဲဒါလဲပဲ ထိုင်းက ဘာကြောင့်လုပ်ချင်သလဲ။ ထိုင်းက အာဆီယံနိုင်ငံတွေထဲမှာ အာဆီယံ ဘယ်လိုဆုံးဖြတ်ဆုံးဖြတ် သူက ငါဟာ အရေးကြီးဆုံးပဲ။ ဟုတ်တော့လည်းဟုတ်တယ် - နယ်စပ်ချင်းကပ်နေတာ။ မြန်မာနိုင်ငံမှာ တခုခုဖြစ်လာရင် သူက စခံရတာဆိုတော့ - ငါ့ရဲ့သဘောထား ဦးစားပေးဖြစ်တယ်ဆိုတာကို အမြဲတမ်းပြတယ်လို ယူဆနိုင်ပါတယ်။ ဆိုတော့ အာဆီယံက တခုလုပ်တယ်။ သူက တခုလုပ်ပြတယ်။ အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ်။ အဲဒီလို ဆွေးနွေးပွဲ လုပ်မှာပဲ။ လုပ်ပြီးတော့ ဆွေးနွေးမှာ ဖြစ်တယ်လို့ ပြောထားတယ်။ အာဆီယံနိုင်ငံတွေအားလုံးလည်း ဖိတ်ခေါ်မယ်ဆိုတာတောင်မှ ဝေဖန်သုံးသပ်သူတွေက ဖိတ်မယ်လို့တော့ မျှော်လင့်နေကြတယ်လို့ ပြောတယ်။ အာဆီယံနိုင်ငံအားလုံးကို ဖိတ်ချင်မှဖိတ်မှာ။ အိန္ဒိယကတော့ အပြင်းအထန် တိုက်တွန်းတယ်။ မိုဒီကတော့ အဲဒီအစည်းအဝေကြရင် စစ်ကောင်စီကိုလည်း ဖိတ်ပါ။ နောက်ပြီးတော့ ကျန်တဲ့အဖွဲ့ပေါင်းစုံကိုလည်း ဖိတ်ပါလို့ ပြောတယ်။ အဲဒါလည်း ဘယ်လောက်လက်တွေ့ကျမလဲ။ စစ်ကောင်စီက လက်ခံပါပြီ။ ခင်များတို့နဲ့ ဟိုဘက်က NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေ ဒီမှာလာတွေ့ဆိုတာကို စစ်ကောင်စီကိုယ်တိုင်က လက်ခံမလားဆိုတာလည်း ရှိတယ်။ အဲဒါလည်းပဲ ပြောသာပြောတာ အစိုးရသစ်တက်လာတဲ့ ထိုင်းအစိုးရကော သူတို့လုပ်တယ် - သူတို့နိုင်ငံက သိပ်အရေးကြီးတယ် - အာဆီယံနိုင်ငံတွေထက် ငါတို့ ပိုလုပ်နိုင်တယ်ဆိုတာကို ပြဖို့အတွက် လုပ်တယ်။ အလားအလာတော့ သိပ်ရှိလှတယ်လို့တော့ မမျှော်လင့်နိုင်ဘူးလို့ ထင်ပါတယ်။ အောင်မြင်ရင်တော့ အကောင်းဆုံးပါပဲ။ ကျနော်တို့ကတော့ အပျက်သဘောနဲ့ Negative ရှုထောင့်က မမြင်လိုပါဘူး။ ဘာမဆို သူထက် အောင်မြင်သွားရင်၊ အဆင်ပြေသွားရင် ကောင်းတာကြီးပါပဲ။ ဒါပေမဲ့ ကောင်းလာနိုင်တဲ့ အခြေအနေ မရှိတာကို တွေ့ရတယ်။

မေး ။ ။ စစ်ကောင်စီကတော့ သူ ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲလမ်းကိုပဲ ဆက်လျှောက်မယ်လို့ ပြောပါတယ်။ ဒီမှာ အာဆီယံနိုင်ငံတွေ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားက ဒီအပေါ်မှာ လက်ခံပါသလား။

ဖြေ ။ ။ အခုလောလောဆယ်တော့ အာဆီယံနိုင်ငံတွေကတော့ ပေါ်ပေါ်ထင်ထင် လုပ်လို့ဆိုပြီးပြောတာ မတွေ့သေးဘူး။ တရုတ်ကပဲ အဓိကပြောနေတာ တွေ့တယ်။ ဆိုတော့ အဓိက အာဆီယံနိုင်ငံတွေကို ကြည့်တာကတော့ တော်လှန်ရေးအဖွဲ့တွေ၊ တိုင်းရင်းသား EAOs တွေ - သူတို့တွေရဲ့ သဘောထားကိုလည်း ကြည့်နေတာ ဖြစ်ပါတယ်။ သူတို့က ရွေးကောက်ပွဲကို ဘယ်လိုမှ လက်မခံနိုင်တာကို ပြောနေကြတယ်ဆိုတော့ အဲဒါကိုပဲ ကြည့်နေတာ။ အမေရိကန်ကလည်း ဒီရွေးကောက်ပွဲက မဖြစ်နိုင်ဘူးလို့ ပြောနေတယ်ဆိုတော့ တရုတ်ကသာ လုပ်ဖို့ပြောနေတာ။ ဒီရွေးကောက်ပွဲကိစ္စမှာပင် နှစ်ခြမ်းကွဲနေတယ်။ တရုတ်ရဲ့ သဘောထားနဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ NUG နဲ့ ပြင်ပအင်အားစုတွေ၊ အမေရိကန်တို့ ဖြစ်နေတယ်ဆိုတော့ အာဆီယံနိုင်ငံတွေက ဒီကိစ္စမှာ ဇဝေဇဝါပဲ စောင့်ကြည့်နေမယ့်သဘော ရှိပါတယ်။ ဘယ်ဘက်ကို လိုက်ရမလဲ - စိတ်ထဲမှာတော့ ထင်တယ်။ မြန်မာနိုင်ငံမှာ ပြေလည်မှုရသွားရင် ဘယ်သူတက်တက် အေးအေးချမ်းချမ်း ဖြစ်ရင် ပြီးတာပဲဆိုတဲ့ သဘောကတော့ အာဆီယံရဲ့ စိတ်ထဲမှာ အမှန်တကယ် ရှိနေမှာပဲ။ ခေါင်းကိုက်တဲ့ ပြဿနာ သက်သာသွားမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျန်တဲ့နိုင်ငံတွေလည်း အသီးသီး အခြေအနေတွေ အဲဒီလို ဖြစ်နေတယ်ဆိုတော့၊ သိပ်ဂရုမစိုက်ဘူး။ ဘယ်သူတက်တက်၊ ငြိမ်းချမ်းဖို့က အဓိက လိုချင်တာဖြစ်တယ်။ တဘက်ဘက် အောင်မြင်သွားရင် တကယ်လို့ တရုတ်ကလုပ်တဲ့ ရွေးကောက်ပွဲက ဖြစ်မြောက်သွားပြီ ဆိုကြပါစို့ - အဲဒီလို ဖြစ်ခဲ့ရင်တော့ အာဆီယံက အသိအမှတ်ပြုပြီးတော့ နောက်တက်လာတဲ့ အစိုးရ ဘယ်ပုံစံဖြစ်ဖြစ် လက်ခံနိုင်မယ်လို့ ယူဆပါတယ်။ ဒါက ကောင်းတယ်၊ မကောင်းတယ်ဆိုတာတော့ ကျနော့်အနေနဲ့ ကြိုပြောရ ခက်ပါတယ်။ ပြည်သူလူထုက ဘယ်လောက်လက်ခံမှာလဲ။ တော်လှန်ရေးအင်အားစုတွေက လက်မခံဘူးဆိုတာကတော့ သိနေကြတယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ဘယ်လောက် အသိအမှတ်ပြုကြမလဲဆိုတာကို ယတိပြတ်ပြောလို့ မရသေးပါဘူး။

မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာ။ အခုလို ဆွေးနွေးသုံးသပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။