Sheik Hasina ထွက်သွားပြီးတဲ့နောက် အခက်အခဲမျိုးစုံနဲ့ မတည်ငြိမ်မှုတွေ ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒီမိုကရေစီအတွက် စိန်ခေါ်မှုတွေအများအပြားရှိနေပါတယ်။ လောလောဆယ်မှာ စစ်အာဏာသိမ်းနိုင်ခြေ အလားအလာမရှိဘူးလို့ ဆိုနိုင်ပေမဲ့ Muhammad Yunus ရဲ့ ကြားဖြတ်အစိုးရဟာ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်လည်တည့်မတ်ပေးနိုင်ခြေ ရှိပါမလား။ ဒီတပတ် အယ်ဒီတာနဲ့ မေးမြန်းခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာ ဦးကျော်ဇံသာရှင်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina ဘာကြောင့် နိုင်ငံကနေ ထွက်ပြေးရပါလဲ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာ မမြသဇင်။ အကြောင်းရင်းနှစ်ခုပေါ့။ လတ်တလော အကြောင်းရင်းနဲ့ အခြေခံအကြောင်းရင်းဆိုပြီး ဖြစ်ရပ်တိုင်းကို အဲဒီလို ခွဲခြားကြည့်ကြပါတယ်။ လတ်တလောအကြောင်းရင်းကတော့ ကျောင်းသားတွေ ဆန္ဒပြတယ်။ ဘာကြောင့်ပြသလဲဆိုတော့ အလုပ်အကိုင်ကို Quota ကိုတာခွဲပြီးတော့ သတ်မှတ်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူငယ်တွေ အလုပ်လက်မဲ့တွေ များပြားလာနေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ဘာလုပ်လိုက်လဲဆိုတော့ အစိုးရအလုပ်အကိုင် ၃၀ ရာခိုင်နှုန်းကို ၁၉၇၁ ပါကစ္စတန် တွန်းလှန်တဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့သူတွေရဲ့ မျိုးဆက်တွေ သားသမီးတွေ မြေးမြစ်တွေကို ပိုပြီးဦးစားပေးပြီး ပေးမယ်ဆိုတာကို ကျောင်းသားတွေက မကျေနပ်ကြဘူး။
အဲဒါကြောင့် ကျောင်းသားတွေ ဆန့်ကျင်ဆန္ဒပြကြတယ်။ အဲဒီကြားထဲမှာ အဲဒီဥပဒေကို ထပ်အတည်ပြုတယ်။ အလုပ်တာဝန်သီးခြားသတ်မှတ်ထားတဲ့ ဥပဒေကို အတည်ပြုလိုက်တယ်။ အတည်ပြုပြီးတော့ သူက ဘာတခုပြောသလဲဆိုတော့ - ကျန်တဲ့ကျောင်းသားတွေအတွက်ကော မပေးဘူးလားလို့ မေးတဲ့အခါမှာ - သူက ပြောခဲ့တာက Razakar ခေါ်တယ် - လွတ်လပ်ရေးတိုက်ပွဲတုန်းက တိုက်ပွဲမှာမပါဘဲနဲ့ ပါကစ္စတန်ဘက်ကို ကာကွယ်ပြီးတော့ လုပ်ခဲ့တဲ့လူတွေ၊ အဲဒီလူတွေရဲ့ မြေးမြစ်တွေကို ဘာဖြစ်လို့ ပေးရမလဲလို့ သူက ပြောခဲ့တယ်လို့ တချို့သတင်းစာတွေကို ရေးကြတယ်။ အဲဒါကြောင့် ကျောင်းသားတွေ သိပ်ခံပြင်းဒေါသထွက်ကြတယ်။ ဆိုတော့ ကျောင်းသားတွေက သူတို့ကို Razakar လို့ စွပ်စွဲလိုက်သလို ဖြစ်သွားတယ်လို့ သတ်မှတ်တယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ကတော့ တနင်္ဂနွေနေ့က သတင်းတွေမှာ စပြီးတော့ စကားတွေပြောလာတော့ သူက အဲဒီလိုပြောခဲ့တာ မဟုတ်ပါဘူး။ “ငါ ကလေးတွေကို အဲဒီလို မပြောခဲ့ဘူး၊ သူ့ရဲ့စကားကို Distort ပုံကြီးချဲ့လုပ်လိုက်တာ” ဖြစ်တယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲဟာ လတ်တလောအကြောင်းရင်းပါပဲ။
အခြေခံအကြောင်းရင်းကတော့ Sheik Hasina က နှစ်ပေါင်း ၁၆ နှစ်နီးပါး အာဏာယူကျော်လာတော့ သူ့အစိုးရက တဖြည်းဖြည်းပျက်စီးလာတယ်။ အာဏာရှင်ဆန်လာတယ်။ တပါတီအာဏာရှင် ဆန်လာတယ်။ တပါတီ ကြီးစိုးမှုသိပ်များလာတယ်။ ဒါကို လူတွေက မကျေနပ်နိုင်ဘူး။ အဲဒါကြောင့် မခံမရပ်နိုင်လို့ ဖြစ်တယ်ဆိုပြီး အခြေခံအကြောင်းရင်းအနေနဲ့ သုံးသပ်ပါတယ်။ အထူးသဖြင့် စတုတ္ထအကြိမ်မြောက် ရွေးကောက်ပွဲမှာ သူနိုင်လာတဲ့အချိန်မှာ အတိုက်အခံကို လုံးဝဖိနှိပ်ပိတ်ပင်ထားပြီးတော့ တဘက်သတ်လုပ်လာတဲ့ ရွေးကောက်ပွဲဆိုပြီးတော့ ရွေးကောက်ပွဲစကတည်းက သူကို မကျေနပ်လာခဲ့တာ ဒီတကြိမ်မှာ ပေါက်ကွဲသွားတဲ့သဘော ဖြစ်ပါတယ်။ နောက်ဆုံးတခု ပြောစရာရှိတာက မနေ့ကပဲ Sheik Hasina ပြောတဲ့ထဲမှာ သူပြောတာကို ရုတ်တရက် ကျနော်လည်း အံ့သြသင့်သွားတယ်။ ဘင်္ဂလားဒေ့ရှ် သတင်းစာ Prothomalo ထဲမှာ ဖတ်ရတာ တကယ်လိုသာ စိန့်မာတင်ကျွန်း (St. Martin's Island) ကို အမေရိကန်ကို ပေးပြီးတော့ ဘင်္ဂလားပင်လယ်အော်မှာ အမေရိကန်ရေတပ် လွှမ်းမိုးဖို့ သဘောတူခဲ့မယ်ဆိုရင် ငါ ဆက်လက်ပြီး အာဏာတည်မြဲနေမယ်လို့ ပြောလိုက်တယ်။ သူ ဆိုလိုတဲ့သဘောက အမေရိကန်က ဝင်စွပ်တယ်ဆိုတဲ့သဘောကို သူက ပြောသွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြားအထောက်အထားတော့ မတွေ့ရပါဘူး။ အဲဒါက သူ့ပါးစပ်က ပြောတာသာ ဖြစ်ပါတယ်။ ဆိုတော့ ကျောင်းသားတွေ ဆန္ဒပြတဲ့ အဓိကကတော့ လတ်တလောအကြောင်းရင်းကြောင့်ဖြစ်ပြီး၊ တပါတီအာဏာရှင်စနစ်ကို မကျေနပ်တာက အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ နိုင်ငံတကာ ဝင်စွပ်တယ်ဆိုတာကတော့ မရေရာတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ သူ့လက်ထက်မှာ နိုင်ငံစီးပွားရေးက အများကြီး တိုးတက်အောင်မြင်ခဲ့တယ် မဟုတ်ပါဘူးလား။
ဖြေ ။ ။ သိပ်မှန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမိုင်းမှာ ဒီလောက်ထိ တိုးတက်တဲ့ခေတ်ဆိုတာ မရှိပါဘူး။ လွတ်လပ်ရေးရပြီးတော့ ကြည့်မယ်ဆိုရင် ပါကစ္စတန်လက်အောက်က လွတ်လပ်ရေးယူတဲ့ ၁၉၇၁ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု့လိုင်းရဲ့အောက်မှာ (၈၀) ရာခိုင်နှုန်းကျော် ရှိပါတယ် - Below the Poverty Line။ ဒါပေမဲ့ သူ့ရဲ့ လက်ထက်မှာ ၁၀ ရာခိုင်နှုန်းကျော်ကျော်ပဲ ကျန်တော့တဲ့ထိ တိုးတက်လာပါတယ်။ အသေးစိတ် စာရင်းဇယားတွေမှာတော့ သူအာဏာတက်လာပြီးတဲ့နောက်မှာ Average နှစ်စဥ်နှစ်တိုင်းပျမ်းမျှ ၆ ရာခိုင်နှုန်းကျော်စီ တိုးတက်လာခဲ့တယ်။ ကိုဗစ်ရောဂါ လွန်ပြီးကာလမှာ ၇.၂ အထိ အလျင်အမြန် တိုးတက်လာလို့ ကမ္ဘာပေါ်မှာ တိုးတက်မှု့အရှိန်အမြန်ဆုံး တိုင်းပြည်လို့တောင်မှ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ တချိန်ထဲမှာပဲ နိုင်ငံရေးအတိုက်အခံတွေကို လုံးဝဖိနှိပ်ခဲ့တယ်၊ နှိပ်ကွပ်ခဲ့တယ်လို့ အဲဒီလိုယူဆကြတယ်၊ လူတွေက ဝေဖန်ကြတယ်။ အဲ့ဒါကြောင့် ဒီဟာ စီးပွားရေး ဘယ်လောက်တိုးတက် တိုးတက် အဲ့ဒီလိုဖြစ်မယ်။ နောက်တချို့ကလည်း ပြောတယ်၊ စီးပွားရေးက အခုနောက်ပိုင်းမှာတော့ ငွေကြေးဖောင်းပွမှု့တွေ ဘာတွေ နည်းနည်းပါးပါး ဖြစ်လာတယ်။ နောက်ပြီးတော့လည်း နိုင်ငံခြားငွေ ရှားပါးမှု့တွေလည်း တိုင်းပြည်မှာ ကြုံလာရတဲ့အခါမှာ အကျပ်အတည်းတွေ ကြုံလာရတာလည်းပါတယ်လို့ သုံးသပ်ကြတာကို တွေ့ရပါတယ်။
မေး ။ ။ အခုဒီကြားဖြတ်အစိုးရကို ဦးဆောင်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus သူ့အစိုးရ ကဏ္ဍကကော ဘယ်လိုရှိပါသလဲရှင့်။
ဖြေ ။ ။ သိပ်အရေးကြီးပါတယ်။ Mr. Yunus ကို ကျောင်းသားတွေကိုယ်နှိုက်က ဆန္ဒပြနေကတည်းက သူ့ကိုပဲ ခေါင်းဆောင်ဖြစ် တင်မြှောက်ဖို့ဆိုပြီး သူတို့ ရည်ရွယ်ခဲ့ကြပါတယ်။ အင်မတန်မှန်ကန်တဲ့ ရွေးချယ်မှု့လို့ပဲ ပြောရမှာပါ။ ဘာလို့ဆို သူက ကမ္ဘာကျော် စီးပွားရေးပညာရှင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုတောင် ရခဲ့တာဖြစ်တယ်။ ဆင်းရဲသားတွေအတွက် Grameen Bank တည်ထောင်ပြီးတော့ စီးပွားရေးအဆင်ပြေအောင် လုပ်ပေးခဲ့တာ အပါအဝင်ပေါ့လေ။ နောက်တော့ သူ့ကို ပြည်သူတွေကလည်း ထောက်ခံကြတယ်။ မီဒီယာတွေကလည်း အကုန်လုံးထောက်ခံရေးသားကြတယ်။ သူ ပဲရစ်မှာ ဆေးကုနေရာကနေ ဝန်ကြီးချုပ် လာလုပ်ပါဆိုတော့ ပြန်လာတယ်။ အဲ့ဒီအခါ လေဆိပ်မှာ BBC သတင်းထောက်က မေးတယ်။ တိုင်းပြည်အတွက် ဘာ Message ပေးချင်လဲ - What’s your message for the country? သူကပြန်ပြောတယ် Discipline and Hard work ပါ -- စည်းကမ်းရှိကြပါ၊ အလုပ်ကြိုးစားကြပါတဲ့။ ဒါဘဲ အဲဒီနှစ်ခွန်းပဲ ပြောတယ်။ သိပ်ကောင်းတဲ့စကားပါ။ သူရိုးရိုးအေးအေးနဲ့ သူပြောပြီး ဆက်ရှောက်သွားပါတယ်။
တကယ်လည်းပဲ သူက အဲ့ဒီလို လုပ်တယ်။ နောက်ပြီး သူရောက်လာပြီး ပထမဆုံး လူတွေကို သတ်နေတာကို ရပ်ကြပါ။ အကြမ်းမဖက်ကြနဲ့။ အခုဆိုရင် လူနည်းစုတွေ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်က မွတ်စလင်တွေ အများစုနိုင်တယ်။ လူနည်းစုတွေဖြစ်တဲ့ ဟိန္ဒူတွေ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်တွေ အတိုက်အခိုက်ခံ နေရတယ်။ ဒါတွေကို မလုပ်ကြနဲ့ တခါထဲချက်ချင်း ပြောတယ်။ နောက် သူ့ရဲ့အကြံပေးအဖွဲ့ကို ခွဲတဲ့အခါမှာလည်း လူမျိုးစုရိုးရာဝန်ကြီးအတွက် ချက်မာ တောင်ပေါ်သားတယောက်ကို ခန့်တာလည်း တွေ့ရပါတယ်။ ဆိုတော့ သူက အကုန်လုံးကို လွှမ်းခြုံပြီးတော့ ရှု့မြင်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အကြံပေး သူတို့ကတော့ Advisor လို့တော့ ပြောတယ်။ အဲ့ဒီထဲမှာ သူအပါအဝင် ၁၇ ယောက်၊ လူအများစုက နိုင်ငံတကာကျော်ကြားတဲ့ ပညာရှင်တွေ လူ့အခွင့်အရေးသမားတွေ ဖြစ်တယ်။ သိပ်ကောင်းတယ်။ ဒါပေမယ့် ၅ယောက်ကတော့ BNP (Bangladesh Nationalist Party) ခါလီဒါ ဇီယာ (Khaleda Zia) ရဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီကို လိုလားသူ အဲ့ဒီပါတီနဲ့ သက်ဆိုင်သူတွေလို့ သုံးသပ်ချက်တွေကို တွေ့ရပါတယ်။ ဒါပေမဲ့ Mr. Yunu ရဲ့ အစိုးရရဲ့ စွမ်းဆောင်မှု့ဟာ သိပ်ပြီးတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲ အလားအလာကကော လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာ နိုင်ပါသလား။
ဖြေ ။ ။ အဲ့ဒါကတော့ စိန်ခေါ်မှု့ပါပဲ။ သူ့အတွက်လည်း အရေးကြီးဆုံး စိန်ခေါ်မှု့ ဖြစ်ပါလိမ့်မယ်။ ပထမဦးဆုံး လူတွေပြောကြတာက သူက အချိန်အလုံအလောက် ရပါ့မလား။ အဓိက အတိုက်အခံဖြစ်တဲ့ BNP - ခါလီဒါ ဇီယာရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီက ရက်ပေါင်း ၉၀ ပဲ၊ တချို့ခေါင်းဆောင်တွေက ပြောနေကြတယ်။ ရက်ပေါင်း ၉၀ အတွင်းမှာ လုပ်ပေးပါဆိုတော့ ရက် ၉၀ အတွင်းမှာ လုပ်ဖို့ ဖြစ်နိုင်ပါ့မလား။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာကို သံသယက နံပါတ်တစ်မှာ ရှိကြပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့အတွက်ကတော့ သူတို့အများကြီး စီစဥ်ကြိုးစားရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ စိန်ခေါ်မှု့တွေလည်း အများကြီး ရှိနေပါတယ် ဒီအချိန်မှာ။ အဲ့ဒါကိုတော့ လူတိုင်းက နည်းနည်းထောက်ပြနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ Mr. Yunus အစိုးရက အဲ့ဒါကို လုပ်နိုင်ပါ့မလား။ လုပ်လာရင်တောင်မှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။ အဲ့ဒါလည်း သိပ်အရေးကြီးတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ စစ်တပ်ကလည်း ကြားနေတဲ့သဘော အနေအထား ဖြစ်နေတယ်ဆိုတော့ မျှော်လင့်ချက်တော့ ထားနိုင်ပါတယ်။
မေး ။ ။ အဲဒီတော့ ဒီမိုကရေစီ ရှင်သန်းရေး အလားအလာက ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ အဲ့ဒါက ရွေးကောက်ပွဲထက်ကို ပိုပြီးကြီးမားတဲ့ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းသေးဘူး။ အဲ့ဒါက ကောင်းတဲ့အချက်တခု။ ဥပမာ အစိုးရက အဲဒီလို ဖရိုဖရဲ ဖြစ်နေရင် များသောအားဖြင့် တချို့နိုင်ငံတွေမှာဆိုရင် စစ်တပ်က အာဏာသိမ်းပြီးတော့ တက်လိုက်တယ်ဆိုပြီး ဖြစ်လာကြတယ်လေ။ ဘင်္ဂလားဒေ့ရှ်မှာ ဘာကြောင့်မဖြစ်လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်ဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီး Waker-Uz-Zaman -- သူက Sheikh Hasina ရဲ့ တူမယောကျ်ားလား ဘာလား by married - အဲဒီလို ဆွေမျိုးတော်တယ်။ အဲ့ဒါကြောင့်လည်း သူက Sheikh Hasina ကို ရာထူးဖယ်လိုက်ပါဆိုပြီး ပြောလိုက်တယ်။ စစ်တပ်က လွှမ်းမိုးပြီးတော့ နောက်တချီ တက်လာမလားဆိုတဲ့ ဒီမိုကရေစီရဲ့ အဓိက အန္တရာယ်က စစ်အာဏာသိမ်းတာ။ အဲ့ဒီလောက်ထိ အန္တရာယ်ကြီးတော့ မရှိဘူးလို့ ယူဆရပါတယ်။ သို့သော်လည်းပဲ ဗြိတိန်နိုင်ငံရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အငြိမ်းစားသံအမတ်ကြီးတယောက်က သုံးသပ်တယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးက Bangladesh politics is revenge politics တပါတီနဲ့ တပါတီက revenge လုပ်နေကြတယ်။ သိပ်ခက်ခဲတယ်။ သူ တက်လာရင် ဟိုလူကို လုပ်ထားပြီးတော့၊ တဘက်သတ် လုပ်သွားမယ် အဲ့ဒီလို။ ဆိုတော့ ဒါဟာ တပါတီကြီးစိုးတဲ့စနစ်ကို ဦးတည်ပြီးသွားနေတဲ့သဘော ဖြစ်တယ်။ ဒီဟာကို ဖြတ်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်တယ်။ အဲဒါကြောင့် တချို့ကလည်း ပြောကြတယ် - ဘင်္ဂလားဒေ့ရှ်မှာ ဒီမိုကရေစီ ထွန်းကားချင်ရင် Winners take all - မဲနိုင်သူ အကုန်လုံးယူ ဆိုတာမျိုး မဟုတ်ဘဲနဲ့ တခြားအဖွဲ့ ပါတီတွေပါပါအောင် အချိုးကျ၊ ပါလီမန်မှာရတဲ့ အမတ်အချိုးအတိုင်း မဲအချိုးအတိုင်း ပါလီမန်အမတ်ကို ရွေးပါဆိုပြီးတော့ သဘောမျိုး သုံးသပ်ကြတာလည်း ရှိပါတယ်။ အဲဒီလိုပုံစံမျိုး တနည်းနည်းနဲ့ လုပ်ရမယ်။ သို့ပေမဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ Challenges တွေက ပြည့်နှက်နေတယ်ဆိုတာကို လူတိုင်းက ပြောကြပါတယ်။
ဒီမိုကရေစီဟာ ဒီလောက် လွယ်လွယ်ကူကူနဲ့ ဖြစ်လာနိုင်ပါ့မလား။ တချိန်ထဲမှာဘဲ ရှိတ်ဟာစီနာက သူပြန်လာမယ်လို့လည်း သူက ပြောနေတယ်။ ဟိုဘက်က BNP အမျိုးသားကလည်း သေချာပြင်ဆင်နေတယ်။ နောက်ပါတီတခုရှိတာက Jamiat Ulema-e-Islam party အဲ့ဒီပါတီတွေကတော့ အဓိကပြိုင်ရမယ့် ပါတီတွေ ဖြစ်တယ်။
မေး ။ ။ အခု ဘင်္ဂလားဒေ့ရှ်ရဲ့ အခြေအနေတွေက နိုင်ငံတကာ ဆက်ဆံရေး၊ နောက်အိမ်နီးချင်း ဆက်ဆံရေး အထူးသဖြင့်ပြောမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ဘယ်လို ရိုက်ခတ်လာနိုင်သလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံကိုတော့ နောက်ဆုံးမှ ပြောကြတာပေါ့။ အရေးကြီးဆုံးကတော့ အိန္ဒိယနဲ့ ဆက်ဆံရေးပဲ။ ဘာလို့ဆို ရှိတ်ဟာစီကလည်း အိန္ဒိယကို ရောက်နေတာဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရပြီးထဲက ရှိတ်ဟာစီနာအဖေ Sheikh Mujibur Rahma တို့ လက်ထက်မှာ ပါကစ္စတန်ကို လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲတုန်းက အိန္ဒိယက ဝင်တိုက်ပေးခဲ့တာပါပဲ။ Sheikh အခုလည်း အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားတယ်။ အိန္ဒိယအစိုးရကို ပြောနေကြတယ်၊ ခင်ဗျားတို့ ပြန်ပြီးစဥ်းစား ခင်ဗျားတို့ Sheikh Hasina ကို သိပ်ပြီးကူညီပေးနေတာတွေ မှန်ရဲ့လား။ အိန္ဒိယ မီဒီယာတွေက အိန္ဒိယအစိုးရကို အကြံပေးနေတယ်။ တကယ်တော့ ရှိတ်ဟာစီနာ က အိန္ဒိယက၊ မင်းတို့ကသာ ကူညီနေတာ ရှိတ်ဟာစီနာက တရုတ်နဲ့ သိပ်ပြီးတော့ ပုလဲနံပသင့်တယ်။ ဒုက္ခသည်တွေ ပြန်လာရေးမှာတောင် တရုတ်က လုပ်ပေးမယ်ပြောတယ်။ အိန္ဒိယဘက်ကတော့ Act East Policy အရှေ့ဘက်မှာ လုပ်ရှားမယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကို ဖြတ်ပြီးတော့ ဒီဘက်ကို လာရမယ်ဆိုတော့ အိန္ဒိယကတော့ ဘာပဲပြောပြော တရုတ်ကို ဦးစားပေးခဲ့တယ်။ တရုတ်ကတော့ ဘင်္ဂလားဒေ့ရှ် - အိန္ဒိယသမုဒ္ဒရာ လွှမ်းမိုးရေးကအစ အကုန်လုံး။
နောက်ပြီးတော့ Belt and Road စီမံကိန်းကလည်း အဓိက နေရာဖြစ်တော့၊ တရုတ်က ဘယ်လိုဝင်လာမလဲဆိုတာက စိတ်ဝင်စားနေကြပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ အဓိကက ဒုက္ခသည်ကိစ္စတွေ ဖြစ်တယ်။ ဒုက္ခသည်တွေကတော့ တချို့ကတော့ ပိုပြီးအကောင်းဖြစ်လာမယ်။ ဒုက္ခသည်တွေအရေးကို ပိုပြီးတော့ အလေးအနက် ထားလာလိမ့်မယ်။ နောက်ပြီး နယ်စပ်ကို ပိတ်တာတွေ ဘာတွေ မလုပ်ဘဲနဲ့ လာခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ကြတယ်လို့ ပြောသံကြားပါတယ်။ တဆင့်စကား ကြားရတာပေါ့လေ။ အဲဒီ ဒုက္ခသည်ကိစ္စ။ နောက်ပြီးတော့ ဒုက္ခသည်တွေ ပြန်ရောက်ဖို့ဆိုတာက မြန်မာနိုင်ငံတွင်း အခြေအနေကောင်းမှလည်း ဖြစ်မှာပါ။ နောက်တခုကတော့ မြန်မာနိုင်ငံ ရခိုင်ဒေသတို့ ဘာတို့က ချင်းတို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတဲ့အချိန်မှာ စစ်ကောင်စီနဲ့ ဆက်လက်ပြီးတော့ ဆက်ဆံဖို့ ဖြစ်ပါတော့မလား။ ဒီကိစ္စကိုလည်း ကြားဖြတ်အစိုးရနဲ့ ကြားဖြတ်အစိုးရပြီးတော့ နောက်ရွေးကောက်ပွဲမှာ တက်လာမယ့် အစိုးရက ဘယ်လိုကိုင်တွယ်မလဲဆိုတာလည်း ကြိုတင်မပြောနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်။ အခုလိုဆွေးနွေသုံးသပ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။