တရုတ်-မြန်မာ ပူးတွဲလုံခြုံရေးအစီအစဉ်နှင့် မြန်မာ့အကျိုးစီးပွါး

မမြသဇင်အောင်နဲ့ အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဒီဇင်ဘာလ ၄၊ ၂၀၂၄)

စစ်ကောင်စီနဲ့ တရုတ် ဖွဲ့စည်းဖို့ ကြံစည်နေတဲ့ နှစ်နိုင်ငံ ပူးတွဲလုံခြုံရေးအစီအစဉ်ဟာ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်ကြီးထွားနေတဲ့ မြန်မာပြည်သူတွေအတွက် တကယ်အကျိုးရှိနိုင်မလား။ အထူးသဖြင့် လက်နက်နဲ့ စက်ယန္တရားတွေ တင်ပို့ရေး လုပ်ဆောင်မယ်ဆိုတဲ့ သဘောတူညီချက်ဟာ လက်ရှိ စစ်ရေးပဋိပက္ခအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်ပါလဲ။ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာကကော ဘယ်လို သဘောထားရှိမလဲဆိုတာကို ဒီတပတ်အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာ ဦးကျော်ဇံသာ။ တရုတ်က မြန်မာစစ်ကောင်စီနဲ့ လုံခြုံရေးကုမ္ပဏီ ဖွဲ့ဖို့ဆိုပြီးတော့ အဆိုပြုပါတယ်။ ဒါက ဘယ်လိုရည်ရွယ်ချက်နဲ့ပါလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာ မြသဇင်။ အဓိကတော့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား၊ တရုတ်လုပ်ငန်းတွေ တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံထဲမှာရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် သူတို့ကို ကာကွယ်ဖို့က အဓိကပါ။ တကယ်တော့ ဒါက မြန်မာနိုင်ငံအတွက် ဆန်းနေပေမဲ့ ကမ္ဘာအတွက်တော့ မဆန်းပါဘူး။ တရုတ်ဟာ Belt and Road Initiative ဆိုတဲ့ ခါးပတ်လမ်း စီမံကိန်းကို ကမ္ဘာကိုဖြတ်ပြီး လုပ်ဖို့ဆိုကတည်းက ကမ္ဘာပေါ်မှာရှိတဲ့ သူတို့လုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် ဒီစီမံကိန်းကို လုပ်နေပါတယ်။ အဲဒီနေရာမှာ သူတို့က တရုတ်နိုင်ငံစစ်တပ် PLA – People’s Liberation Army ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို မသုံးဘဲနဲ့ ပုဂ္ဂလိက လက်နက်ကိုင်အဖွဲ့ကို သုံးမယ်ဆိုတဲ့သဘော ပြောရင်နဲ့ Joint Venture တွေ ဖွဲ့ပြီးတော့ လုပ်ပါတယ်။ ကမ္ဘာမှာ နိုင်ငံပေါင်း ၂၀ လောက်မှာရှိမယ် ထင်ပါတယ်။ အဖွဲ့တော်တော်များများ ရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာလည်း အဓိက တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဒီလိုလုပ်လာတာ ဖြစ်ပါတယ်။

မေး ။ ။ ဒီပူးတွဲလုံခြုံရေးကုမ္ပဏီက ဘယ်ကဏ္ဍကနေ ပါလာမလဲ။ သူက ဘာတွေလုပ်မလဲ။

ဖြေ ။ ။ အဲဒါကိုတော့ မြန်မာနဲ့ တရုတ်ကတော့ ညှိနှိုင်းဖို့ဆိုပြီးတော့ MOU ထိုးဖို့ဆိုပြီးတော့ အစီအစဉ်တွေ လုပ်နေပါတယ်။ အဲဒီအတွက် မြန်မာဘက်က ဒါကိုပြင်ဆင်ဖို့အတွက် ကော်မတီဖွဲ့ပေးထားတယ်။ ပြည်ထဲရေး ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ။ နောက်ပြီးတော့ ဒုရဲချုပ်ပါတယ်။ နောက် ဌာနဆိုင်ရာ အကြီးအကဲတွေပါတယ်။ အဲဒီအထဲမှာ သူတို့ရဲ့ အဖွဲ့ဖွဲ့စည်းပေးထားတဲ့ လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းတာဝန်ဆိုပြီးတော့ စစ်ကောင်စီက ကြေညာတာကို တွေ့တယ်။ အဲဒီမှာ နိုင်ငံတော်အချုပ်အချာအာဏာကို ထိပါးနိုင်ခြင်း ရှိမရှိ။ နောက်တခုက နိုင်ငံတော်နဲ့ အများပြည်သူအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းဖွယ်ရာ ရှိမရှိ။ ဘယ်သူ့အကျိုးစီးပွားက နိုင်ငံတော် အကျိုးစီးပွားလဲ။ အမြဲတမ်း နိုင်ငံရေးသိပ္ပံမှာ National Interest ဆိုတာ အမြဲတမ်းမေးခွန်းပဲ - Whose interest - ဘယ်သူ့အကျိုးစီးပွားလဲ နိုင်ငံတော်အကျိုးစီးပွားဆိုတာ။ ပြည်တွင်းမှာ ပိုပြီးတော့ အရေးကြီးပြီး လူတွေမေးခွန်းထုတ်ကြတာ -- ပြည်ပမှ တင်သွင်းလာမည့် လက်နက်တွေ၊ အထူးကရိယာတန်ဆာပလာတွေကို ဘယ်လိုတင်သွင်းမလဲဆိုတာကို စီစစ်မယ်ဆိုတာက - လက်နက်တင်သွင်းရေးနဲ့ ပတ်သက်ပြီးတော့လည်း သဘောတူညီမှု ပါလာမယ်ဆိုတာကလည်း မြန်မာနိုင်ငံမှာ အတော်လေးအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်မယ်လို့ဆိုတာကို သိရပါတယ်။ ဆိုတော့ တရုတ်က ဒီလိုလုပ်ကတည်းက တရုတ်ရဲ့ ဩဇာကို စောစောကပြောခဲ့သလို သူတို့စစ်တပ်ကိုသာ မသုံးတာ၊ စစ်တပ်မပါဘဲနဲ့ ကမ္ဘာမှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို လုံခြုံရေးတွေ ချတာတွေကလည်း သူတို့ရဲ့ ဩဇာအာဏာကို တိတ်တစိတ်လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့လည်း ပြောကြပါတယ်။

ဥပမာ တချို့ဆိုရင် တင်စားပြီးပြောကြတယ် - China’s Wagner - ရုရှားမှာရှိသွားတဲ့ ရုရှား Wagner ကြေးစားတပ်ဖွဲ့လိုပေါ့ - သူတို့ အဲဒီလိုသုံးတယ်လို့ ပြောကြတယ်။ သို့သော်လည်းပဲ Wagner တို့ ဘာတို့က သူတို့က ဘယ်နေရာမှာ ကူညီလဲ - ယူကရိန်းစစ်ပွဲမှာ သူတို့ကိုယ်တိုင် ပထမပိုင်းမှာ ဝင်တိုက်ခဲ့တယ်။ အစပိုင်းမှာတော့ Logistic သယ်ယူပို့ဆောင်ရေး၊ ထောက်လှမ်းရေးတို့ အဲဒီလိုမျိုးတွေပါ ပါဝင်ခဲ့တာတွေ များပါတယ်။ အခုကြတော့ မြန်မာနိုင်ငံမှာတော့ သူတို့နဲ့ သဘောတူညီမှုလုပ်မယ့် စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ ပြည်တွင်းစစ် ဖြစ်နေတယ်။ နောက်ပြီးတော့ NUG ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့လည်း တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ဒီနေရာမှာ သူတို့အနေနဲ့ ဘယ်လိုရပ်တည်မလဲဆိုတာ သိပ်ပြီးတော့ အရေးကြီးတဲ့ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ထင်ပါတယ်။

မေး ။ ။ အခု တရုတ်က အဲဒီလို လုပ်လာတာကို မြန်မာလူထုက လက်ခံနိုင်ချေရှိလား။ နောက် NUG, တိုင်းရင်းသား လက်နက်ကိုင်တွေကကော လက်ခံနိုင်လား။

ဖြေ ။ ။ မြန်မာလူထုက လက်မခံလို့ ဒီဟာလုပ်ဖို့အကြောင် ဖြစ်လာတာပေါ့။ တကယ်တော့ မြန်မာလူထုက စစ်ကောင်စီ အာဏာသိမ်းပြီးထဲက တရုတ်က နောက်က ရှိတယ်ဆိုပြီးတော့ တရုတ်စက်ရုံတွေ၊ တရုတ်အကျိူးစီးပွားရေးတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာတွေ ရှိခဲ့တယ်။ နောက်ဆုံး မကြာသေးခင်ကဆိုရင် တရုတ်ကောင်စစ်ဝန်ရုံးတောင် အတိုက်ခံရတယ်။ ဆိုတော့ တရုတ်က သူတို့ကို လူထုမုန်းလာတယ်။ သူတို့မှာ ရန်များနေတယ်။ ဒါကို စစ်ကောင်စီသည် သူတို့ရဲ့ နိုင်ငံသားတွေနဲ့ သူတို့ အကျိုးစီးပွားရေးကို ကာကွယ်မပေးနိုင်တော့ဘူး။ သူတို့ကိုယ်တိုင် ဝင်ပြီးတော့ တနည်းနည်းလုပ်ရမယ်ဆိုတဲ့ သဘောမျိုးနဲ့ လုပ်တယ်လို့ ယူဆရပါတယ်။ တချို့က ခန့်မှန်းကြတယ် တရုတ်က မှားတယ်။ ဒီကိစ္စမှာက ခင်ဗျားတို့ ဘက်မှားနေပြီဆိုပြီး ပြောတဲ့သူတွေ ရှိတယ်။ ဟုတ်လည်း ဟုတ်တယ်။ တဘက်မှာကြည့်လိုက် တရုတ်လုပ်ငန်း တော်တော်များများဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသ၊ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသရဲ့ သြဇာအောက်မှာ ကျရောက်နေကြတာတွေ အများကြီးပဲလေ။ အခု စစ်ကောင်စီနဲ့ ညှိလိုက်ခြင်းအားဖြင့် အဲဒီဒေသတွေကို ကြီးစိုးထားတဲ့ တိုင်းရင်းသားအင်အားစုတွေကို သူတို့ စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ တိုက်တဲ့ထဲမှာ ပါဝင်ရတော့မှာ ဖြစ်လာတယ်။ သူတို့ အကျိုးစီးပွားကို ကာကွယ်တာထက် မြန်မာပြည်တွင်းစစ်မှာ တရုတ်ဟာ ကိုယ်ထိလက်ရောက် Involve ဖြစ်လာတယ်။ ပါဝင်ပတ်သက်လာတယ်ဆိုတဲ့ ပုံရိပ်က ပိုပြီးထင်ရှားလာမယ် ဆိုပြီးတော့ လူတော်တော်များများက အဲ့ဒါကို ထောက်ပြကြပါတယ်။

မေး ။ ။ နောက်တခုက မြန်မာ့အရေးမှာ အိန္ဒိယက ပိုပြီးတော့ နောက်ပိုင်းမှာ ထဲထဲဝင်ဝင် ပါလာတဲ့သဘော ရှိပါတယ်။ အဲဒီတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားကကော ဒီလိုတရုတ်ရဲ့ လုံခြုံရေးကုမ္မဏီ ဖွဲ့မယ်ဆိုတဲ့အပေါ်မှာ။

ဖြေ ။ ။ အိန္ဒိယက အရေးကြီးဆုံးပါပဲ။ အိန္ဒိယက မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် မပါဝင်ခင်ကတည်းက ရခိုင်မှာ ကုလားတန်စီမံကိန်း ဆိုတာလုပ်တယ်။ ဘက်စုံဖွံ့ဖြိးရေး ကုလားတန်စီမံကိန်းဟာ ရခိုင်တင် မြန်မာပြည်တင် မကဘူး၊ အဲ့ဒါကို ဖောက်ပြီးတော့ Look East Act East Policy အာရှဒေသမှာ အရှေ့ဘက်ကို ထိုးဖောက်ပြီးတော့ အရှေ့တောင်အာရှတို့ အာဆီယံတို့မှာ သူတို့စီးပွားရေး ဆက်သွယ်ဖို့အတွက် စီမံကိန်းနဲ့ လုပ်လာတယ်။ သိပ်အရေးကြီးတဲ့ စီမံကိန်းပါ။ ဒီဟာ တရုတ်ပြည်ရဲ့ ရခိုင်ကတဆင့် ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာကိုထွက်ဖို့ လမ်းကြောင်း အရေးကြီးသလို၊ မဟာဗျူဟာ အရေးကြီးသလို၊ ရခိုင် ကုလားတန်စီမံကိန်းကဖြတ်ပြီး ဒီဘက်ကိုလာမယ့် ကိစ္စတွေကလည်း အိန္ဒိယအတွက် အလားတူအရေးကြီးပါတယ်။ ပိုဆိုးတာက တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ သဘာဝအားဖြင့် မတည့်ကြဘူး။ မြောက်ပိုင်းမှာ သူတို့က နယ်စပ်ခြင်း လုပြီးတော့လည်း မကြာခဏ ပဋိပက္ခ ဖြစ်နေတဲ့ဒေသလည်း ဖြစ်တယ်။ တိဘက်ကိစ္စက စပြီးတော့ ဖြစ်ခဲ့တာပေါ့လေ။ ဒီကိစ္စမှာလည်း သူတို့ ထိပ်တိုက်ကို တွေ့လာနိုင်တဲ့ အခြေအနေရှိပါတယ်။ အများဆုံး ထိတ်ထိတ်ပြာပြာ ဖြစ်မှာက အိန္ဒိယပါပဲ။ အဓိကအားဖြင့် ကျောက်ဖြူ ဆိပ်ကမ်းလုံခြုံရေးအတွက် တရုတ်စစ်တပ်တွေ အဲဒီမှာ ချလာတယ်ဆိုရင် အိန္ဒိယအတွက်က သိပ်အရေးကြီးလာပြီ။ နောက်ပြီး ကျောက်ဖြူနဲ့ ကုလားတန် စီမံကိန်းက စစ်တွေနဲ့ဆိုရင် မိုင် (၆၀) လောက်ပဲ ဝေးတာ။ သိပ်ပြီးတော့ ကွာလှတာမဟုတ်ဘူး။ ဒီနေရာမှာ သူတို့နှစ်ဘက် ထိပ်တိုက်တွေ့မယ်ဆိုရင် သိပ်စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒါကတော့ အိန္ဒိယပေါ့။

နောက် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရ်ုလည်း ကြိုက်မှာ မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရ်ုက Sheikh Hasina အစိုးရကတော့ တရုတ်နဲ့ နီးစပ်တယ်။ ဒါပေမဲ့ အခုရှိနေတဲ့ Muhammad Yunus အစိုးရကတော့ တရုတ်ကို ဒီလောက်ထိ အမြင်မကြည်လှဘူး။ ဆိုတော့ သူတို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သိပ်အမြင်ကြည်လင်စရာ အကြောင်းမရှိပါဘူး။ နောက် ထိုင်း ဆိုကြပါစို့။ ထိုင်းကလည်း မြန်မာနဲ့ အရှေ့ဘက်အိမ်နီးချင်း၊ တရုတ်နဲ့တော့ သူတို့က ရန်သူ မဟုတ်ပါဘူး။ သို့ပေမဲ့လည်း မြန်မာ့အရေးမှာ သူနဲ့ ဆက်ဆံတဲ့ ဆွေးနွေးရတဲ့ ကိစ္စတွေမှာ တရုတ်က နောက်က ပါဝင်လာမယ့်ဟာကို ထိုင်းလည်း ကြိုက်မှာ မဟုတ်ပါဘူး။ ထိုင်းက အမေရိကန်နဲ့လည်း မိတ်တွေနိုင်ငံ ဖြစ်ပါတယ်။ ဒီအိမ်နီချင်းနိုင်ငံတွေအတွက်လည်း တော်တော် အကျပ်ရိုက်စရာ ဖြစ်မယ်လို့လည်း သုံးသပ်ကြပါတယ်။

မေး ။ ။ နောက်ပြီးတော့ တိုင်ရင်းသားလက်နက်ကိုင်တွေ အရေးမှာ တရုတ်က ဘယ်အတိုင်းအတာထိ သူက သြဇာလွှမ်းမိုးနေတယ်လို့ ပြောလို့ရမလဲ။ အခု ဒီလိုလုံခြုံရေး ကုမ္ပဏီ ဖွဲ့မယ်ဆိုတော့ အမေရိကန်တို့ ဥရောပတို့က ဘယ်လို တုံ့ပြန်လာနိုင်ပါသလဲ။

ဖြေ ။ ။ တိုင်းရင်းသားအရေးကို ပြောရမယ်ဆိုရင်တော့ ရှမ်းမြောက်ဒေသ တိုင်းရင်းသားတွေအပေါ်မှာ သူက တော်တော်လေး သြဇာအာဏာ ရှိခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်ခဲ့တဲ့ထဲမှာ AA ကို သူတို့ ဘာမှထိလို့မရနိုင်တဲ့ အခြေအနေ ရှိနေတယ်။ အဲဒီ သုံးဖွဲ့နဲ့ စစ်ကောင်စီနဲ့ ပထမပိုင်းမှာ အပစ်ရပ်ဖို့ စေ့စပ်ပေးခဲ့တာတောင်မှ AA နဲ့ မရခဲ့ဘူး။ AA က သဘောမတူဘူးဆိုပြီးတော့ ပယ်ချခဲ့တယ်ဆိုပြီးတော့ မကြာခဏ ကြားရတယ်။ ရှမ်းမြောက်မှာ ကျန်တဲ့အဖွဲ့တွေ TNLA တို့ ကိုးကန့်တို့နဲ့ကတော့ ညှိလို့ရတယ်။ ဆိုတော့ အခုအခါမှာ TNLA ကလည်း တရုတ် ဖိအားပေးတဲ့အတိုင်း စစ်ကောင်စီနဲ့ စေ့စပ်ပါ့မယ်လို့ ပြောထားတယ်။ TNLA က သူတို့နဲ့ တရုတ် ညွှန်ကြားတဲ့အတိုင်း စေ့စပ်မယ်ဆိုတာတောင်မှ လုံးဝ ခင်ဗျားတို့ ကြိုက်သလိုလုပ်ပါဆိုပြီး လည်ဆင်းခံမယ့် သဘောတော့ မဟုတ်ပါဘူး။ သုံးသပ်သူတွေပြောတာ ကျနော်ကြားလိုက်တယ် ဟိုနေ့ကပဲ။ သူတို့ဟာ နယ်မြေအတော်များများ လိုချင်တာ ရပြီးပြီ။ သူတို့ လိုချင်တာ ရပြီးမှ တန်းတူထားပြီး ဆွေးနွေးမှာ။ သူတို့ အကျိုးစီးပွားကိုတော့ ဒုံရင်းအတိုင်း ပြန်ပြီးလျှော့မပေးနိုင်ဘူးဆိုတဲ့ သဘောထားနဲ့ သူတို့က ဆက်လက်ပြီး ရပ်တည်မှာ ဖြစ်ပါတယ်။ ဆိုတော့ နောက် KIA ဆိုရင် တရုတ်ကိုတောင် လည်ပင်းညှစ်ဖို့ လုပ်ခဲ့သူ။ မြေရှား ထွက်တဲ့နေရာကို သိမ်းထားပြီးတော့ အထူးဒေသ သတ်မှတ်ထားတဲ့နေရာကို မောင်းထုတ်လိုက်ပြီး ဖျက်သိမ်းတယ်ဆိုပြီး ကြေညာပြီးတော့။ ဒါကို သူတို့ လုံးဝ ထိန်းချုပ်တယ်ဆိုပြီး ကြေညာပြီးတော့ လုပ်လာတာ ဖြစ်ပါတယ်။ သူတို့လည်းပဲ တရုတ်သြဇာကို ဒီလောက်ထိ နာခံမယ့်သဘောတော့ မဟုတ်ပါဘူး။ နောက် AA ဆိုရင်တော့ အဝေးကြီးပေါ့။ AA မှာ ဟိုဘက်ထိလည်း လမ်းပေါက်တယ်။ ဆိုတော့ AA ပေါ်မှာ သူတို့ ဘယ်လို ဖိအားပေးမယ်ဆိုတဲ့ သဘောမှာတော့ တရုတ်က အခုထိ ပြသလာခြင်း မရှိသေးပါဘူး။ ဒါကတော့ တိုင်းရင်းသားအင်အားစုတွေပေါ်မှာ သူတို့ သြဇာလွှမ်းမိုးနိုင်ချေကို တွက်ပြတာပေါ့လေ။

ဒါပေမယ့် ဒီအမေရိကန် နဲ့ပတ်သက်လို့က သိပ်အရေးကြီးပါတယ်။ အမေရိကန်ရဲ့ စောစောကပြောခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာထဲကို အဲ့ဒီက ဖြတ်ပြီးသွားမယ့်နေရာမှာ တရုတ်စစ်တပ်တွေ ထားလာမယ်ဆိုရင် အစကတည်းက အမေရိကန်ကအခြေပြု အထူးသဖြင့် အနောက်နိုင်ငံက လူတွေက တရုတ်တွေဟာ ကမ္ဘာမှာ အဲဒီလို လုံခြုံရေးကုမ္မဏီတွေ ဖွဲ့လာတာဟာ သူတို့ စစ်တပ်မဟုတ်ဘူး။ တရုတ် PLA တရုတ်ပြည်သူ့ တပ်မတော် မဟုတ်ရင် တမယ်ပဲ။ သူတို့ တရုတ်သြဇာနဲ့ မကင်းဘူး။ တနည်းအားဖြင့် တရုတ်ရဲ့ အာဏာကို State Power ကို ကမ္ဘာကို လွှမ်းမိုးဖို့အတွက် သူက တိတ်တဆိတ် ခြေလမ်းလှမ်းလာတာ ဖြစ်တယ်။ ထိုနည်းလည်းကောင်း Wagner အဖွဲ့ကိုလည်း ရုရှားက ဒီလိုပဲ သုံးခဲ့တယ်ဆိုပြီးပြောခဲ့ကြတယ်။ အခုလည်းအနောက်နိုင်ငံတွေကတော့ ဒီလိုပဲ မြင်ထားကြမှာပဲ။ အမေရိကန်ကတော့ ဒါကို လုံးဝလက်ပိုင်ကြည့်နေဟန် မရှိဘူး။ အထူး သတိထား စောင့်ကြည့်နေလိမ့်မယ်လို့ ယူဆရပါတယ်။ တကယ်လို့ အမေရိကန်ကလည်း တရုတ်ဝင်လာလို့ ငါတို့နဲ့ ထိပ်တိုက်တစုံတရာ တွေ့ခွဲတယ်ဆိုရင်တော့ မြန်မာပြည်အတွက် အခြေအနေဟာ မကောင်းဘူး။ အဲဒီလိုဖြစ်လာရင်တော့ မြန်မာပြည်ဟာ Proxy Conflict Zone ဖြစ်လာမှာပေါ့လေ။ သြဇာခံ တဖွဲ့နဲ့တဖွဲ့ကြားမှာ တိုက်တဲ့ပုံစံမျိုးနဲ့ ဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ်။

မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အမြဲမေးနေကျ မေးခွန်းပဲ မေးရမယ်နဲ့ တူပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာ ပြေလည်ဖို့ အလားအလာ ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ အမြဲဖြေနေကျ အဖြေပဲ ဖြေရမှာပါဘဲ။ အလှမ်းဝေးပါတယ်။ တကယ်တော့ ဒီနိုင်ငံတွေ ပြည်ပနိုင်ငံတွေ ပါဝင်ပတ်သက်လာလေ မြန်မာနိုင်ငံ ပြဿနာ ပြေလည်ဖို့က ပိုပြီးအလှမ်းဝေးလေပဲလို့ ပြောရမှာပါ။ ကိုယ်တို့အချင်းချင်း ညှိနှိုင်းနိုင်မှ ဖြစ်မှာပါ။ စစ်တိုက်ပြီးတော့ မင်းသေမှ ငါအေးမယ် ဆိုတဲ့ဟာကတော့ အဲဒီလိုတော့ တိုက်တဲ့အခါမှာတော့ ဒီလို ကြွေးကြော်သံတွေနဲ့ တိုက်ကြတာပါပဲ ။ ဒါပေမဲ့ ဒီဟာက ရည်မှန်းချက်ပန်းတိုင် မဖြစ်နိုင်ပါဘူး။ ရည်မှန်းချက်ပန်းတိုင်ဟာ ငါတို့ညှိပြီးတော့ လုပ်သင့်ပြီ။ ငါတို့နိုင်ငံ အကျိုးအတွက် မဟုတ်ရင် ငါတို့နှစ်ဘက်လုံးဆီ ပြည်ပကဟာတွေ ဝင်လာပြီးတော့ ငါတို့ မြေစာပင် ဖြစ်လိမ့်မယ်ဆိုတဲ့ အသိနဲ့ လုပ်ရမယ်။ အဲဒီလို ဖြစ်ဖို့ကလည်း အဓိက ဒီသဘောထားကတော့ တော်လှန်ရေးလုပ်နေတဲ့ အင်အားစုတွေမှာ အစထဲက ဒီသဘောထား ရှိပါတယ်။ တိုင်းရင်းသားတွေလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရကြမယ်။ ပြည်‌ထောင်စုထဲမှာ အတူတူနေချင်ကြတဲ့ သူတွေချည်းပါ။

ဒါပေမဲ့ စစ်တပ်က သူတို့သာလျှင် ကြီးစိုးရမယ်။ သူတို့စိုးမိုးရေး ဆိုတဲ့သဘောတရားများနေတယ် ထင်တယ်။ သူတို့က ဒါကို စွန့်လွှတ်ရမယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ အင်ဒိုနီးရှားမှာ ဒါကို စွန့်လွှတ်ခဲ့ကြတာပဲ။ စစ်တပ်က ဒီသဘောထားကို တဖြည်းဖြည်းစွန့်ပြီးတော့ ဒီမိုကရေစီ ဖြစ်လာပြီ။ အင်ဒိုနီးရှားတို့ဆိုရင်။ ကမ္ဘာမှာ Third Biggest Democracy in the world ဆိုပြီးတော့ ကြွေးကြော်လက်မထောင်တဲ့အချိန် ဖြစ်လာပြီ။ မြန်မာနိုင်ငံမှာ ဘာကြောင့် မဖြစ်နိုင်ဘူးလဲ။ မြန်မာစစ်တပ်ဟာ ဒါကို စဥ်းစားပြီးတော့ လုပ်သင့်တယ် ထင်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ပဋိပက္ခ ကတော့ ပြည်ပသြဇာ မရှိတာတောင်မှ စစ်တပ်နဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ကတော့ ဆက်လက်ပြီးတော့ ပဋိပက္ခ ရှိနေအုန်းမယ် ထင်ပါတယ် မြသဇင်။

မမြသဇငအောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။