လမ်းပိတ်နေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး

မမြသဇင်အောင် နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ စက်တင်ဘာလ ၂၅၊ ၂၀၂၄)

အစ္စရေးတပ်တွေက Hezbollah ကို အရှိန်မြှင့် တိုက်ခိုက်လာတာနဲအမျှ ဒေသတွင်းစစ်ပွဲကြီးတခုအဖြစ် ကျယ်ပြန့်လာမလား ဆိုတာ စိုးရိမ်ဖွယ် ဖြစ်နေပါတယ်။ ဒါကို နိုင်တကာ အသိုင်းအဝိုင်းအနေနဲ့ ကာကွယ်တားဆီးနိင်မယ့် အ‌ခြေအနေ ရှိပါလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ အခု အစ္စရေး ပဋိပက္ခမှာ ဂါဇာဘက်ကနေပြီးတော့ Hezbollah တွေ အခြေစိုက်နဲ့ လက်ဘနွန်ဘက်ကို တဖြည်းဖြည်းနဲ့ ပြဿနာက အဲဒီဘက်ကို ရောက်လာတယ်။ ဒေသတွင်းမှာ စစ်ပွဲကြီးတခု ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်။ အဲဒီတော့ ဒီအခြေအနေက ဘယ်လောက်ထိ ဆိုးပါသလဲ။

ဦးကျော်ဇံသာ ။ ။ အများကြီးဆိုးပါတယ်။ ဆိုးတဲ့နေရာမှာ တနေ့တခြား တနေ့တခြား ပိုပိုဆိုးလာတယ်။ ပါလက်စတိုင်း ဟာမက်စ်တွေက အောက်တိုဘာ (၇) ရက်နေ့မှာ အစ္စရေးကို ဝင်တိုက်ပြီး ပဋိပက္ခ ဖြစ်လာကတည်းက အခုချိန်မှာ အဆိုးဆုံးအချိန်ကို ရောက်လာပြီလို့ ပြောပါတယ်။ ဒါအပြင် ထိခိုက်ဒဏ်ရာရ သေဆုံးသူ စာရင်းတွေက ဟိုး ၁၉၄၈ စစ်ပွဲကတည်းက တွက်မယ်ဆိုရင် အပြင်းထန်ဆုံး ထိခိုက်သေဆုံးသူ အရေအတွက်အများဆုံး (၄) သောင်း (၅) သောင်းနီးပါး ဖြစ်လာပြီဆိုတော့ ထိခိုက်သေဆုံးမှုလည်း အများဆုံးဖြစ်ပါတယ်။ အခုထိ အစ္စရေးကတော့ သူတို့ရဲ့နိုင်ငံမြောက်ပိုင်း လက်ဘနွန်ဘက်မှာ အခြေစိုက်တဲ့ ဟက်ဇ်ဘိုလာတွေကို တိုက်နေတာပေါ့လေ။ လောလောဆယ်မှာကတော့ Rocket တွေနဲ့ အပြန်အလှန် ပစ်ခဲ့တယ်။ ပထမတစ်လုံး နောက်အလုံး (၁၀) ကျော် ဖြစ်လာတယ်။ နောက် ရာကျော် စသဖြင့်။ လူတွေလည်း သတင်းကို ဖတ်လိုက်ရင် သေတဲ့လူတွေက ပိုများလာတယ်၊ တိုက်ခိုက်မှု ပိုများလာတယ်ဆိုတာ ဖြစ်ပါတယ်။ ဆိုတော့ ဒီတိုက်ပွဲက ဒီလောက်နဲ့တင်ပြီးမှာ မဟုတ်ဘူး။ အခုကတော့ လေကြောင်း တိုက်တာပေါ့လေ။ နောက်ပြီးတော့ Pager တွေကို အစ္စရေးတွေက ခလုတ်နှိပ်ပြီးတော့ တိုက်တယ်လို့ ပြောကြတယ်။ အစ္စရေးက ဝန်မခံပေမယ့်လည်း။

ဆိုတော့ ဒီလောက်နဲ့ပြီးမှာ မဟုတ်ဘူး။ အစ္စရေးက သူတို့ လိုချင်တဲ့ မျှော်မှန်းချက်ကို ပေါက်မြောက်ဖို့အတွက် တိုက်မယ်ဆိုရင်တော့ Ground Operation မြေပြင်စစ်ဆင်ရေးတွေပါ လုပ်ပြီး ဝင်တိုက်လာနိုင်တယ်လို့ တွက်ကြပါတယ်။ ဆိုတော့ ဒါတော်တော်နဲ့ ပြီးမယ့်ကိစ္စ မဟုတ်ဘူးလို့ ဆိုရမှာပါ။

မေး ။ ။ အဲဒီတော့ ဒီလိုဖြစ်လာရင် လက်ဘနွန်ကကော ငြိမ်ခံနေပါ့မလား။ ဘယ်လို တုံ့ပြန်လာနိုင်ပါမလဲ။

ဖြေ ။ ။ အဓိကကတော့ လက်ဘနွန်ဆိုတာထက် ဟက်ဇ်ဘိုလာပေါ့။ လက်ဘနွန်မှာ ဘာသာရေးအားဖြင့် အီရန်နဲ့အနွယ်တူတဲ့ လိုင်းချင်းတူတဲ့ Shia က ၃၁ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဆို‌တော့ သူတို့ကို အခြေခံထားပြီးတော့ အီရန်က ဟက်ဇ်ဘိုလာတွေကို ဖွဲ့စည်းပေးခဲ့တယ်။ အဓိကအားဖြင့်တော့ အီရန်က ဘယ်လောက်တောင် ထောက်ပံ့ပေးထားလဲဆိုရင် တစ်နှစ်ကို ဒေါလာသန်း ၁၀၀ ဟက်ဇ်ဘိုလာကို အီရန်ထောက်ပံ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ ဆိုတော့ ဒါကတပိုင်း။

အစ္စရေးကလည်းပဲ လက်ဘနွန်ခရစ်ယာန်တွေကို အစ္စရေးက ပံ့ပိုးပြီးတော့ ထိန်းချုပ်ထားတယ်ဆိုတော့ လက်ဘနွန်ကိစ္စက သိပ်ပြီးတော့ ရှုပ်ထွေးပါတယ်။ ဆိုတော့ ဒီကိစ္စကတော့ အဲဒီပြဿနာတွေက ပိုမိုကြီးထွားလာနိုင်တာကတော့ လက်ဘနွန်ဘက်ကတော့ ဟက်ဇ်ဘိုလာတွေရဲ့ တိုက်ပွဲကတော့ ပိုပြီးပြင်းထန်လာမယ်။ အဲဒီတော့ တိုင်းပြည်တွင်းမှာလည်း ဟိုတုန်းက ပြည်တွင်းစစ် ဖြစ်ခဲ့ဘူးတယ်ဆိုတော့ အဲဒီလိုပုံစံမျိုး ဖြစ်လာနိုင်တဲ့ အခြေအနေထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။ ဆိုတော့ အစ္စရေးကိုတိုက်တဲ့ တိုက်ပွဲကတော့ လက်ဘနွန်ဘက်ကတော့ ဟက်ဇ်ဘိုလာတွေကတော့ ဆက်လျက်ပြီးတော့ တိုက်နေကြအုံးမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ အီရန်နဲ့ကော ထိပ်တိုက်တွေ့လာနိုင်လား။

ဖြေ ။ ။ အီရန်ရဲ့ Policy က အီရန်က အစ္စရေးနဲ့ State to State နိုင်ငံနိုင်ငံချင်း ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ချက်ရှိဟန် မတူဘူးပေါ့လေ။ တနည်းအားဖြင့် ပထဝီအနေအထား အားဖြင့် အီရန်ဟာ အစ္စရေးနဲ့ နယ်နမိတ်ချင်း ထိဆက်မနေဘူး။ အစ္စရေးရဲ့ မြောက်ပိုင်းမှာ လက်ဘနွန် ရှိမယ်။ အရှေ့မြောက်ဘက်မှာ ဆီးရီးယား ရှိမယ်။ နောက် အီရတ် ရှိမယ်။ တောင်ဘက်မှာဆိုရင် အီဂျစ် ရှိမယ်။ Sinai ဆိုပြီးတော့ ရှိမယ်။ အီရန်နဲ့က နယ်စပ်ခြင်း ထိတွေ့ မနေတဲ့အတွက် သူတို့ကြားမှာ အဲဒီလောက်ထိ နယ်စပ်ချင်း ထိပ်တိုက်မတွေ့နိုင်ဘူး။ သို့သော် အီရန်ဟာ Non-State Actor တွေကို ဖန်တီးထားတာ။ သူတို့ဟာ ဟက်ဇ်ဘိုလာ၊ ဟာမက်စ်၊ ဟူသီတို့လို အဖွဲ့တွေကို ဖန်တီးထားပြီးတော့ သူတို့နဲ့တဆင့် တိုက်နေတာ ဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံ-နိုင်ငံချင်း ထိပ်တိုက်တွေ့စရာ အစ္စရေး-အီရန် စစ်ပွဲဆိုပြီးတော့ ဖြစ်လာနိုင်မယ့် အဆင့်ထိတော့ မရောက်နိုင်ဘူးလို့ တွက်ကြပါတယ်။ ဆိုတော့ အီရန်က ဒီပုံစံအတိုင်းပဲ ဆက်တိုက်နေမယ်။ ဆိုတော့ သူတို့ကလည်း ဆုတ်ပေးမှာ မဟုတ်ဘူး။ ဆိုတော့ ပဋိပက္ခကတော့ ဒီလိုပဲ ဆက်သွားနေမယ့် သဘောရှိပါတယ်။

မေး ။ ။ အဲဒီတော့ ဒီအနေအထားတွေကို သုံးသပ်မယ်ဆိုရင် အစ္စရေးကကော နိုင်နိုင်ချေ ရှိလို့ပါလား။ နောက် အာရပ်နိုင်ငံတွေကကော ဘယ်လိုတုံ့ပြန်ပါမလဲ။

ဖြေ ။ ။ အစ္စရေး နိုင်နိုင်ချေကတော့ တကယ်တော့ အစထဲက တိုက်လာခဲ့တာ ဟို အစ္စရေးနိုင်ငံ ထူထောင်တဲ့အချိန် ၄၈ ကတည်းက အာရပ်နိုင်ငံတွေက အဲဒါကို လက်မခံချင်လို့ ပါလက်စတိုင်းအတွက် ပေးထားတဲ့တခြမ်း ရှိတယ်။ အစ္စရေးအတွက် ပေးထားတဲ့တခြမ်း ရှိတယ်။ ကုလသမ္မဂက ခွင့်ပြုပေးထားတာ။ အဲဒါကို အာရပ်နိုင်ငံတွေအားလုံးက လက်မခံဘူး။ အစ္စရေးကို ပေးတာ မကျေနပ်ဘူးဆိုပြီးတော့ ဝင်တိုက်ကြတာ။ အဲဒီက စဖြစ်ခဲ့တယ်။ အစ္စရေးက ပါလက်စတိုင်းအတွက် သတ်မှတ်ပေးထားတဲ့ နယ်မြေတွေကိုပါ သူတို့ထပ်သိမ်းတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်း နယ်မြေ တိုးတိုးလာပြီးတော့ ပါလက်စတိုင်းတွေ နေရာဆို ကျဥ်းကျဥ်လေးပဲ ကျန်ပါတော့တယ်။ ဆိုတော့ အဲဒီလို စစ်ဖြစ်နေတယ်ဆိုတော့ အစ္စရေးက စစ်နိုင်လားဆိုတော့ သူတို့က သူတို့ လုံခြုံရေးအတွက် သူတို့ ယူရတယ်ဆိုပြီးတော့ သူတို့ ဖိပြီးတိုက်နေကြတာပဲ။ ဆို‌တော့ စောစောက ပြောခဲ့သလိုဘဲ Tactical နည်းဗျူဟာအရတော့ သူတို့ ထိန်းထားနိုင်တာ ရှိသလို ဒါပေမဲ့ သူတို့တွေက လုံးဝအပြီးပြတ် ချေမှုန်းလိုက်မယ်၊ သူတို့အန္တရာယ် ဆိုတာထိကတော့ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ အမြဲတမ်း သူတို့က ရန်ငြိုးပြုပြီးတော့ တိုက်ခိုက်ခြင်းခံနေရမှာ ဖြစ်ပါတယ်။ ဆို‌တော့ အပြီးသတ် နိုင်နိုင်တယ်ဆိုတာတော့ ဘယ်သူမှ မတွက်ဆကြပါဘူး။ ဒီလိုပဲ ဆက်လက်ပြီးတော့ ဖြစ်နေမှာပါပဲ။ အရှိန်ပြင်းလာမယ်။ အရှိန် အကြောင်းကြောင်း ကြောင့် လျော့လာတာ ရှိမယ်။ ဒါပေမဲ့ ဆက်ပြီးတော့ ပဋိပက္ခ ဖြစ်နေမှာပါ။ အောင်ပွဲရနိုင်လောက်တဲ့ အခြေအနေတော့ မရှိဘူးလို့ တွက်ကြပါတယ်။

မေး ။ ။ ဒါပေမဲ့ အခြေအနေတွေက အခုနလိုမျိုး ပဋိပက္ခတွေက ပိုပိုပြီးတော့ အရှိန်ပြင်းလာတယ်။ ပိုပိုပြီးတော့ ဒေသတွင်း တိုက်ပွဲတွေက ပိုပိုများလာတယ်။ အဲဒီတော့ နိုင်ငံတကာ အသိုင်းအတိုင်းကကော ကြားဝင်စေ့စပ်ပေးနိုင်တဲ့ အခြေအနေရှိပါသလား။

ဖြေ ။ ။ နိုင်ငံတကာကတော့ အမျိုးမျိုးပြောနေတာပါပဲ။ စောစောက ပြောခဲ့တဲ့ထဲမှာ Arab World အာရပ်ကမ္ဘာကို အရင်ပြောရမယ်ဆို အာရပ်နိုင်ငံတွေက မညီညွတ်ဘူး။ အာရပ်နိုင်ငံမှာ အချင်းချင်းက ကွဲပြားနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ပါလက်စတိုင်းကိစ္စအတွက်ဆို အစ္စရေးကို ငါတို့ အစကတည်းက တိုက်ခိုက်ကြတယ်။ ဒါပေမဲ့ ငါတို့ တစ်ခါမှလည်း မနိုင်ဘူးဆိုတော့ ပါလက်စတိုင်း လူစုအတွက် ငါတို့ဟာ ငါတို့နိုင်ငံရဲ့ သူတို့ National Interest နိုင်ငံတွေက အများကြီး ကွဲနေတာကို။ အဲဒီ Interest ကို စတေးမခံနိုင်ဘူး ဆိုပြီးတော့ ရှိတယ်။ သူတို့က အစ္စရေးနဲ့ စေ့စပ်ခဲ့ရတာတွေလည်း ရှိတယ်။ ဥပမာအားဖြင့် အီဂျစ်ဆိုရင်လည်းဘဲ အစ္စရေးနဲ့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးစေ့စပ်ခဲ့တယ်။ လက်ခံခဲ့တယ်။ ‌ဂျော်ဒန်ဆိုရင် လက်ခံတယ်။ သူတို့ (၂) နိုင်ငံက ဘာကြောင့် အဲဒီလို လက်ခံကြလဲ။ သူတို့ နိုင်ငံအကျိုးစီးပွားပဲ။ သူတို့က နယ်ချင်းစပ်နေတယ်။ တိုက်ပွဲဖြစ်ရင် ပါလက်စတိုင်း ဒုက္ခသည်က သူတို့နိုင်ငံတွေထဲကို ဝင်လာမှာ။ ဒုက္ခသည်တွေ - ပါလက်စတိုင်းတွေပေါ့လေ။ ပါလက်စတိုင်း လက်နက်ကိုင်တွေပါ အကုန်ဝင်လာမယ်။ အရင်တုန်းကလည်း ဝင်ခဲ့ဘူးလို့ ပြဿနာအများကြီး ဖြစ်ဖူးတယ်။

ဆိုတော့ ဒီကိစ္စကို သူတို့ တွက်တယ်။ သူတို့ အကျိုးစီးပွား ပိုအရေးကြီးတယ်ဆိုပြီးတော့ အစ္စရေးနဲ့ သင့်မြတ်အောင် လုပ်လိုက်တယ်။ ဆိုတော့ အခုစစ်ပွဲမှာလည်း ပဋိပက္ခတွေ ပြေလည်အောင်ဆိုပြီး အဲ့နှစ်နိုင်ငံက အဓိက ဦးဆောင်ပြီးတော့ စေ့စပ်ပေးနေတယ်။ ဆိုတော့ အာရပ်နိုင်ငံတွေရဲ့ သဘောပေါလေ။ ကျန်တဲ့နိုင်ငံတွေကတော့ ပါလက်စတိုင်းကိစ္စကို နည်းနည်းထည့်ပြီး တင်းတဲ့နိုင်ငံ ရှိတယ်။ ကိုယ့်အကျိုးစီးပွားအတွက် အလျော့ပေးပြီးတော့ စီးပွားရေးအရ အစ္စရေးနဲ့ ဆက်ဆံနေတဲ့ နိုင်ငံ ရှိတယ် အမျိုးမျိုးပါပဲ။ နိုင်ငံတကာကတော့ ဒီစစ်ကို နှစ်ဘက်လုံး နောက်ဆုတ်ကြပါဆိုပြီး ပြောနေကြတာဘဲ။ ကုလသမဂ္ဂ အတွင်းရေးမှူးကလည်း catastrophe ကပ်ဘေးကြီး စိုက်‌တော့မယ်။ စိုက်နေပြီပေါ့လေ။ အဲ့ဒါ ခင်ဗျားတို့ ရပ်ကြဆိုပြီး နှစ်ဘက်စလုံးကို ပြောတယ်။ ကမ္ဘာမှာ အဆင့်မှီဆုံး သံတမန်ကြီးပေါ့လေ။ ဒါပေမဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ အစ္စရေးကတော့ မရဘူး။ ငါတို့က ရည်မှန်းချက် ပေါက်မြောက်အောင် ဆက်တိုက်မယ်ဆိုပြီး အမြဲတမ်းပြောနေတယ်။ ဂရုမစိုက်ဘူး။ ကျန်တဲ့ နိုင်ငံတွေ တော်တော်များများက အားလုံးလိုလိုပဲ နှစ်ဘက်ကို သည်းခံကြပါ။ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ ပြောတယ်။ ဘယ်သူမှ လက်မခံကြဘူး။

တချိန်တည်းမှာလည်းပဲ အမေရိကန်က အရေးကြီးတဲ့ နိုင်ငံတစ်ခု။ အစ္စရေးကို အမေရိကန်က ရပ်ပါလို့ ပြောတယ်။ အပစ်အခတ် ရပ်စဲပါလို့ ပြောတယ်။ ဒါပေမဲ့ အစ္စရေးကို လက်နက်ထောက်ပံ့တယ်။ အဲဒါကိုလည်း တချို့က ဝေဖန်ကြတယ်။ ဝေဖန်တယ်ဆိုပေမယ့် အစ္စရေးနိုင်ငံကို လုံးဝချေမှုန်းပြီးတော့ ဖယ်ရှားလိုက်ချင်တဲ့ အင်အားစုတွေက ရှိနေတာကို။ အဲဒီတော့ အစ္စရေး ဆက်လက် ရပ်တည်နိုင်ဖို့အတွက်ကတော့ လက်နက်နဲ့ ကျားခံနေဖို့ လိုတယ်ဆိုတာက အမှန်ပဲ။ အမေရိကန်ဘက်ကတော့ အဲဒါနဲ့ Justify လုပ်တယ်။ ဒီနိုင်ငံကို လုံးဝချေမှုန်းလိုက်လို့တော့ ဘယ်ဖြစ်မလဲ။ သူတို့ကို အကာအကွယ်ပေးရမှာပဲဆိုပြီးတော့ ထားတယ်။ ဆို‌တော့ နိုင်ငံတကာကလည်းပဲ ပြတ်ပြတ်သားသား လုပ်နိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ ပြောရမှာပဲ။ အမေရိကန်နိုင်ငံလည်း ဟန့်တားတယ်၊ စေ့စပ်ပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားတာပဲ ရှိတယ်။ အမေရိကန် အစိုးရအဆက်ဆက်ဟာ ဒီလိုပဲ ကြိုးစားတာ ရှိတယ်။ ဂျော်ဒန် နဲ့ အီဂျစ်တို့နဲ့ အောင်မြင်ခဲ့တဲ့ လူတွေဟာ ငြိမ်းချမ်းရေးဆုတွေတောင် ရခဲ့ပါတယ်။ ဒါပေမဲ့ တဘက်က လက်ခံတဲ့သူတွေ အသတ်ခံသွားရတယ်၊ လုပ်ကြံပြီးတော့။ သိပ်တော့မလွယ်လှဘူး ထင်ပါတယ် နိုင်ငံတကာက ဝင်စွတ်ဖို့လည်း။

မေး ။ ။ ဟုတ်ပါတယ်။ ဒီအရှေ့အလယ်ပိုင်း ပြဿနာက လာမယ့် နိုဝင်ဘာ အမေရိကန် ရွေးကောက်ပွဲမှာလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုအနေနဲ့ ဖြစ်လာမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲအလွန် ဘယ်လို အပြောင်းအလဲတွေ ရှိလာနိုင်ပါသလဲ။

ဖြေ ။ ။ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စပါဘဲ။ အမေရိကန်ရွေးကောက်ပွဲမှာ နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စဟာ အဓိက Issue တစ်ခုပေါ့လေ။ ဒီဟာကိုလည်း မေးကြတယ်။ ဖြေကြတယ်။ ဆိုတော့ ကျနော် တစ်ခုသွားသတိရတယ်။ ပထမဆုံး ပြောချင်တာကတော့ ဘယ်သတင်းဌာနကလည်း မသိဘူး။ ယူကရိန်းသမ္မတကို အင်တာဗျူးမှာ မေးတယ်။ မေးတဲ့အခါမှာ ထည့်ပြောတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲနိုင်လာရင် ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ပြီးတော့ ချက်ချင်းရပ်သွားအောင် လုပ်မယ်လို့ ပြောတယ်။ သူ ဘယ်လို လုပ်မလဲတော့ ငါမသိဘူးတဲ့။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ပြောတဲ့စကားက ရွေးကောက်ပွဲ အကြိုပြောတဲ့စကားသာ ဖြစ်တယ်။ ဒါက Election Promise ပဲတဲ့။ ဒါက လက်တွေ့ကို မယူဆနိုင်ဘူး။ လက်တွေ့ မဟုတ်ဘူး။ အရှေ့အလယ်ပိုင်းကိစ္စမှာလည်း ဒီလိုပဲ နှစ်ဘက်လုံးက ပြောနေကြတယ်။ ဒါပေမဲ့ ဘယ်လောက် သူတို့ လက်တွေ့လုပ်နိုင်မှာလဲဆိုတာက သိပ်အရေးကြီးတဲ့ ကိစ္စပါ။ ဘယ်သူက ဖြေရှင်းပေးနိုင်မှာလဲ။ ဆိုတော့ မူအားဖြင့်ကတော့ ကမ္ဘာက လက်ခံထားတာက Two State Policy ပေါ့လေ။ အစ္စရေးကိုလည်းပဲ လုံခြုံတဲ့နိုင်ငံ အကုန်လုံးက အာရပ်ကမ္ဘာက လက်ခံရမယ်။ ပါလက်စတိုင်းအတွက်လည်း သီးခြားနိုင်ငံတစ်ခု ဖန်တီးပေးရမယ် ဆိုပြီးတော့ပြောတယ်။ အဲဒီ ကြွေးကြော်သံတွေက ပါလက်စတိုင်းကို သီးခြားနိုင်ငံတစ်ခု ထူထောင်နိုင်ပေးဖို့အတွက် အတည်ပြုဖို့ဆိုတဲ့ အယူအဆက အစ္စရေးဘက်က သိပ်မှေးမှိန်းနေပြီး၊ ကြားတောင်မကြားရသလောက် ဖြစ်လာပါတယ်။ ဆိုတော့ ဒေါ်နယ်ထရမ့် သူ သမ္မတ ဖြစ်တုန်းက စေ့စပ်ရေးလုပ်ခဲ့တဲ့ သူ့ plan စီးပွားရေး ဖွံ့ဖြိုးအောင် ဘယ်လို ဘယ်လို ‌ဒေါ်လာဘီလီယံ ၅၀ ကျော်ပေးမယ်။ မင်းတို့ဒေသ ဒီမှာ အေးဆေးနေဆိုပြီး လုပ်ခဲ့တယ်။ အဲဒီကိစ္စမှာလည်း နှစ်နိုင်ငံ Two State Policy မပါဘဲ လုပ်ခဲ့တာ. တချို့က သူက ပါလက်စတိုင်းကို စတေးပြီးတော့ လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြတယ်။ ဆိုတော့ အခုတက်လာရင် သူ ဘယ်လိုလုပ်မလဲ မသိဘူး။ ဟိုဘက်ကလည်းပဲ ကမ်မလာဟဲရစ်ကလည်း ပထမတကြိမ်မှာတုန်းက သူ့ရဲ့ မိန့်ခွန်းမှာလည်း မသိဘူး။ Party Convention မှာ ထင်တယ် - Two State Policy ကို ထည့်မပြောဘူး။ Debate မှာကြတော့ Two State Policy ကို ထည့်ပြောလာတယ်။ ဆိုတော့ သူတို့လည်းပဲ အဲဒီလိုပဲ ပြောနေကြတာပါဘဲ။ အဓိကအားဖြင့် Rhetoric သာ ဖြစ်တယ်။ တကယ်လက်တွေ့ Policy ဘာပြီးရင်ဘာဆိုတာ ဘယ်သူမှ ချမပြနိုင်ခြင်း မရှိပါဘူး။ ဆိုတော့ သိပ်ပြီးတော့ မရေရာတဲ့ အခြေအနေလို့ ပြောရမှာပါ။

မေး ။ ။ အဲဒီတော့ ဒီလိုအခြေအနေမှာပဲ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကကော ရှိနိုင်ပါအုံးမလား။

ဖြေ ။ ။ အဝေးကြီးပါ။ အဝေးကြီးပါ။ ငြိမ်းချမ်းရေးဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ လူတွေရဲ့ ပြည်သူတွေရဲ့ ရင်ထဲ နှလုံးသားထဲမှာ ကိုယ်တိုင်က ရန်ငြိုးရန်မီးတွေ ငြိမ်း‌အေးသွားတဲ့အခါမှ အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်မှာပါ။ အခုက ရန်မီးတောက်စရာ အကြောင်းတရား အမျိုးမျိုးရှိတဲ့အတွက်ကြောင့် တနည်းမဟုတ် တနည်းတော့ ဖြစ်နေကြမှာပဲ။ သို့သော်လဲပဲ အကုန်လုံး နားလည်မှုနဲ့ ညှိပြီးတော့၊ လူတွေ ပြည်သူတွေရဲ့ ဒုက္ခကို ငဲ့ညှာပြီးတော့ ဒီအဆင့်မှာ ငါတို့ ထိန်းထားရအောင်ဆိုပြီး ဘာညာ လုပ်နိုင်တဲ့အဆင့်သာ ထားရှိပြီး၊ အဲဒီကမှတဆင့် တဆင့်ပြီးတဆင့် တက်သွားရမှာပါ။ အခုလောလောဆယ်မှာတော့ အဲဒီလောက်တောင် မလုပ်နိုင်သေးဘူးဆိုတော့ အများကြီး လိုသေးတယ်လို့ ပြောရမှာပါ။

မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင် - အခုလို ဆွေးနွေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။