၂၀၂၄ မြန်မာ့နိုင်ငံရေး

မမြသဇင်အောင်နဲ့ အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၄)

ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေး တည်ငြိမ်မှုကင်းမဲ့တာနဲ့အတူ အခြေခံလုံခြုံရေး စီးပွါးရေးနဲ့ စာနာမှုအခြေအနေတွေလည်း ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ ပြိုလဲလုဖြစ်လာတဲ့ စစ်ကောင်စီကို တရုတ်နိုင်ငံက စစ်ရေး၊ နိုင်ငံရေးအပါအဝင် နည်းမျိုးစုံနဲ့ ကျားကန်ပေးဖို့ လုပ်လာပေမဲ့ ထိရောက်မှု ရှိပါ့မလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အခု ၂၀၂၄ ကုန်ပါတော့မယ်။ ဒီနှစ်အတောအတွင်း အခြေအနေတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက်မှာ စတင်ခဲ့တဲ့ မတည်ငြိမ်မှုတွေ လျော့ပါးကျဆင်းမယ့် အလားအလာတွေ ရှိခဲ့ပါသလား။ အခြေအနေတွေ ရှိခဲ့ပါသလား။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ အများကြီးစဉ်းစားကြည့်ပါတယ် ဘာများတိုးတက်မှု ရှိခဲ့ပါသလဲ။ ရှေ့အလားအလာအတွက်ဆိုတာ တော်တော်လေး အဖြေရှာရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်မှာ အဓိကတည်ငြိမ်မှု မရှိဘူး ဖြစ်နေတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ တည်ငြိမ်မှုက ဘယ်လောက်တောင် ယိုးယွင်းပျက်ဆီးလာသလဲဆိုတော့ နိုင်ငံခြားသံရုံးတွေကို အစိုးရက လုံခြုံရေးအာမခံနဲ့ထားတဲ့ သံရုံးတွေ၊ သံတမန်အဆောက်အအုံတွေကိုတောင် အကာအကွယ်မပေးနိုင်တော့ဘူး။ သာမန်အများပြည်သူတွေကလည်း အများကြီးအကာအကွယ်မဲ့နေတဲ့သဘော ဖြစ်နေပါတယ်။ မန္တလေးမှာ တရုတ်ကောင်စစ်ဝန်ရုံး သူတို့ရဲ့ အဓိကမိတ်ဆွေ၊ အဓိက အကာအကွယ်ပေးထားတဲ့ ဒေသတောင် တိုက်ခိုက်ခံရတယ်ဆိုတော့ သိပ်အခြေအနေဆိုးပါတယ်။ အဲဒီအနီးအနားတဝိုက်မှာလည်း တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်လာတာ တဖြည်းဖြည်း နီးကပ်လာတယ်ဆိုတော့ တည်ငြိမ်မှုက လုံးဝမရှိပါဘူး။ စစ်ကောင်စီဟာ အခြေခံလုံခြုံရေးတောင်မှ မပေးနိုင်တော့ဘူးဆိုပြီးတော့ နိုင်ငံတကာ သုံးသပ်သူတွေနဲ့ ပြည်တွင်းကလူတွေကလည်း ပြောကြပါတယ်။

နောက် စီးပွားရေးနဲ့ စာနာမှု အခြေအနေကို ကြည့်မယ်ဆိုရင် စီးပွားရေး တဖြည်းဖြည်း ကျဆင်းလာတယ်။ ကမ္ဘာ့ဘဏ်က တလောတုန်းက ခန့်မှန်းချက်ထုတ်တာ မြန်မာနိုင်ငံ စီးပွားရေးက ဆက်လက်ပြီး ကျဆင်းနေမယ့်သဘောကို တွေ့ရပါတယ်။ နောက် ပြည်သူတွေရဲ့ လောလောဆယ် ကြုံတွေ့နေရတဲ့ ကုန်စျေးနှုန်း ပြဿနာ၊ လောင်စာအခက်အခဲ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကလည်း အများကြီးဖြစ်နေပါတယ်။ ဆိုတော့ စီးပွားရေးက သိပ်ကျဆင်းတယ်။

နောက် စာနာမှု အခြေအနေကို ကြည့်မယ်ဆိုရင် လူပေါင်းသန်းနှစ်ဆယ်ကျော်လောက်ဟာ ဆင်းရဲနွမ်းပါးမှု အောက်ခြေမှာ Poverty Line ရဲ့ အောက်ခြေမှာ ရောက်နေတယ်ဆိုပြီးတော့ ကုလသမဂ္ဂက ထုတ်ပြန်တာကိုလည်း တွေ့ရပါတယ်။ သန်းနဲ့ချီတဲ့ ပြည်သူတွေ အငတ်ဘေး ကြုံလာမယ့် အခြေအနေ ရှိနိုင်တယ်ဆိုပြီးတော့ ခန့်မှန်းချက်တွေ ရှိပါတယ်ဆိုတော့ တိုင်းပြည်မှာ တည်ငြိမ်မှု မရှိဘူး၊ စီးပွားရေး စာနာမှု မရှိဘူးဆိုတော့ အကုန်လုံးဟာ ၂၀၂၄ မှာ ပိုလို့တောင်မှ ဆိုးဝါးကျဆင်းခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီအခြေအနေ အားလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင် မတည်မငြိမ် ဖြစ်နေတာ အဓိက စစ်ရေးအခြေအနေကြောင့်လို့ ပြောလို့ရသလား။

ဖြေ ။ ။ စစ်ဆိုတာဟာ နိုင်ငံရေးပြဿနာ မပြေလည်လို့ အဓိက စစ်ဖြစ်လာတဲ့သဘောပါ။ စစ်ရေးအခြေအနေကို ကြည့်မယ်ဆိုရင် ပိုပိုလိုသာ ဆိုးလာပါတယ်။ စောစောက ပြောခဲ့သလိုပါပဲ တော်လှန်ရေး အင်အားစုတွေက အများကြီးသိမ်းပိုက်လာလို့ သူတို့ဟာ အဖက်ဖက်ဆုတ်ယုတ်ကျဆင်းလာပါတယ်။ အဲဒါကြောင့်လည်း ပြည်ပနိုင်ငံတွေကို အားကိုးလာရတယ်။ နည်းမျိုးစံနဲ့ လေသံပြောင်းဖို့ ကြိုးစားလာတာကို တွေ့ရတယ်ဆိုတာ အမှန်ပါပဲ။

မေး ။ ။ ဒါပေမဲံ စစ်ကောင်စီကလည်း ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောထားပါတယ်။ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီတချို့ကလည်း ထောက်ခံထားတယ်။ သန်းခေါင်းစာရင်းကလည်း ကောက်နေပါပြီ။ ဒါတွေက တည်ငြိမ်တဲ့ အလားအလာလို့ ပြောလို့မရဘူးလား။

ဖြေ ။ ။ တည်ငြိမ်တဲ့လို့တော့ ပြောလို့မရဘူး။ တည်ငြိမ်မယ့် အလားအလာ။ တည်ငြိမ်ဖို့ အားထုတ်တဲ့ အလားအလာလားဆိုတော့ တည်ငြိမ်ဖို့ အားထုတ်မှုတော့ ဖြစ်ပါတယ်။ ဘာကြောင့် အားထုတ်လာလဲဆိုတော့ သူတို့က စစ်ရေးနဲ့ ရင်ဆိုင်လို့ လုံးဝမမီတော့ဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ လက်နက်ကိုင်တဲ့ တော်လှန်ရေးအင်အားစုတွေကို လက်နက်ကိုစွန့်ပြီးတော့ သူတို့စကား နားထောင်ဖို့ဆိုတာကို ပြောတယ်။ တရုတ်က ကြားဝင်ပြီးတော့ ဖြန့်ဖြေစေ့စပ်ပေးတဲ့သဘော ဖြစ်ပါတယ်။ ရွေးကောက်ပွဲ နောက်ကွယ်မှာလည်း တရုတ်က အဓိကပံ့ပိုးပေးတဲ့သဘော ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် သန်းခေါင်းစာရင်းကောက်တာကို ကြည့်ရင် မြန်မာစစ်ကောင်စီ ထိန်းချုပ်ထားနိုင်တာ ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ၆၀ ရာခိုင်နှုန်းကျော်ကျော်က တော်လှန်ရေးအင်အားစုတွေ လက်ထဲမှာ ကျရောက်နေပြီ ဖြစ်တယ်။ ဆိုတော့ အဲဒီလောက်ကို ကောက်တဲ့ သန်းခေါင်းစာရင်း၊ အဲဒီလောက်မှာပဲလုပ်မယ့် ရွေးကောက်ပွဲကလည်း တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ နောက် ရွေးကောက်ပွဲ သဘောသဘာဝကလည်း တရားမျှတ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ချေ လုံးဝမရှိပါဘူး။ စစ်ကောင်စီက တဘက်သတ် သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်တယ်။ သူတို့ကို အဓိက ယှဉ်ပြိုင်နိုင်မယ့် NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ရွေးကောက်ပွဲဝင်ခွင့် မပေးဘူး။ ပိတ်ပင်ထားတယ်။ ဆိုတော့ ကျန်တဲ့ပါတီတချို့က သူတို့ကို လိုလားတဲ့ပါတီတွေ၊ လူနည်းစုပါတီတွေသာ ဖြစ်တယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် သူတို့ဟာ ဖြစ်တဲ့နည်းနဲ့ သူတို့ အနိုင်ရအောင်လုပ်မယ့် ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ တော်တော်များများ ခန့်မှန်းနေကြတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ ဖြစ်ချင်လို့လုပ်တဲ့ ရွေးကောက်ပွဲ။ သူက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နိုင်အောင်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုပြီး ပြောကြပါတယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲကိုသာ လူတွေက လက်ခံကျေနပ်လို့ လုပ်ဖြစ်သွားတယ်ဆိုရင်တော့ လောလောဆယ်မှာ ဆူပူမှု ခဏကျဆင်းတယ်လို့ အထင်ရောက်နိုင်ပါတယ်။ သို့ပေမဲ့ တကယ်စစ်မှန်တဲ့ ပြေလည်မှုလမ်းကိုတော့ ဦးတည်နေတယ်လို့ ပြောရခက်ပါတယ်။

မေး ။ ။ အခုပဲ ၂၀၂၅ ဆိုရင် အာဏာသိမ်းတာဟာ ၄ နှစ်ထဲ ရောက်လာပါပြီ။ စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုမှု။ နောက် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ ထောက်ခံမှုက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ စစ်ကောင်စီကို ဘယ်နိုင်ငံကမှ တရားဝင် အသိအမှတ်ပြုတယ်လို့ မပြောကြပါဘူး။ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုက ကျနော်တို့ မကြာခဏ ပြောနေသလိုပဲ မအောင်မြင်တဲ့ အာဏာ သိမ်းမှုပါ။ လေးနှစ်ထိ အာဏာသိမ်းထားတာတောင် ညီညွတ်ဖို့ ကြိုးစားနေတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ နမူနာကြည့် ဆီးရီးယားမှာ ပြီးခဲ့တဲ့အပတ်က ဖြစ်တယ်။ အခု ကျောင်း‌တွေကို ပြန်ဖွင့်တယ်။ တက္ကသိုလ်တွေကို ပြန်ဖွင့်တယ်။ မြို့ထဲမှာ အသွားအလာ အရောင်းအဝယ်တွေ ပြန်ပြီး ဖြစ်နေတယ်ဆိုတော့ ဒါဟာသိပ်ပြီးတော့ မှန်ကန်တဲ့ နည်းလမ်းပေါ့လေ။ အပြောင်းအလဲ ဖြစ်ပေမယ့် ချက်ချင်းအခြေအနေမှန်ကို ဖန်တီးနိုင်တယ်။ နောက်ပြီး သူတို့ ပြန်လည်သင့်မြတ်ရေးစကားတွေ ပြောလာတယ်။ ကျနော်တို့ဆီမှာ အာဏာသိမ်းထားတာ ၄ နှစ်ရှိပြီ။ အခုတောင်မှ မှန်မှန်ကန်ကန် ဒီလမ်းကို မရောက်နိုင်သေးပါဘူး။ ဒါကြောင့် ဘယ်နိုင်ငံကမှ အသိအမှတ်မပြုကြဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ သူ့ရဲ့အကျိုးစီးပွားတွေ အများကြီးရှိနေတဲ့ အတွက်ကြောင့် စစ်ကောင်စီမှတပါး အစားထိုးပြီးတော့ သူဆက်ဆံပြီးတော့ သူ့အကျိုးစီးပွားတွေကို၊ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိန်းသိမ်းနိုင်တဲ့ အစားထိုး အာဏာပိုင်အဖွဲ့အစည်း သူ ရှာမတွေ့သေးဘူး။ သူက NUG တို့ ဘာတို့က လုပ်လာခဲ့ရင် NUG ကို သူက အထူးစိုးရိမ်ပါတယ်။ သူက NUG ပါလာရင် အမေရိကန် ပါလာမယ်။ အဲဒီနောက်က NUG ကို အမေရိကန်လူလို့ တရုတ်က မြင်ထားတာ ဖြစ်နေတော့။ အဲဒီကိစ္စကို သူက အထူးကြောက်ပြီးတော့ လက်ဦးမှုရအောင်ယူပြီးတော့ သူက တိုင်းရင်းသားတွေကို ညှိခိုင်းပြီးတော့ သူက ဝင်ပြီးတော့လုပ်ဖို့ ကြိုးစားနေခြင်း ဖြစ်ပါတယ်။

အာဆီယံက အခုပဲ ဒီထိုင်းမှာလုပ်မယ့် အစည်းအဝေးမှာ မြန်မာနိုင်ငံကိုလည်း ဖိတ်မယ်။ နောက်ပြီးတော့ ထိုင်းဝန်ကြီးချုပ်က မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ပြီး‌တော့ စစ်ကောင်စီကို ပြန်ပြီးတော့ အာဆီယံဘောင်ထဲကို ပြန်ခေါ်သွင်းဖို့သဘော လုပ်လာတာကို တွေ့ရပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် ကျနော် ထင်တာကတော့ တရုတ် တဘက်သတ် မောင်ပိုင်စီးသွားမှားကို ကြောက်လို့ အာဆီယံဟာ ငါတို့ဟာ နည်းနည်းဝင်ပြီး ထိန်းရင်ကောင်းမယ်။ လုံးဝပစ်ထားရင် တရုတ်လက်ထဲပဲ ရောက်မယ်ဆိုပြီးတော့။ ဒီသဘောထားက အရင်တုန်းကလည်းပဲ သူတို့ဆီမှာ ရှိခဲ့လို့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် လက်ခံခဲ့တာလည်း ဒီသဘောနဲ့ လက်ခံလိုက်တာ ဖြစ်တယ်။ အိန္ဒိယတို့က ပြတ်ပြတ်သားသား မလုပ်တာလည်း ဒီသဘောထားနဲ့ လုပ်နေတယ်ဆိုပြီး အကြောင်းပြတာပဲ။ တရုတ်လက်ထဲကို လုံးဝရောက်သွားမှာစိုးလို့ သဘောဆိုတော့ အခု အာဆီယံကလည်း အဲဒီသဘောနဲ့ ချဥ်းကပ်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ ကျန်တဲ့နိုင်ငံတွေမှာလည်းပဲ စစ်ကောင်စီကို အမြင်ကြည်လို့ မဟုတ်ဘူး တရုတ်အန္တရာယ်ကို ကြောက်လို့ အဲ့ဒီလို စစ်ကောင်စီကို နည်းနည်းလူရာသွင်းဖို့ ကြိုးစားတဲ့ ဖြစ်ရပ်မျိုးကတော့ ဖြစ်လာနိုင်ပါတယ်။ အဲဒီလောက်ထိပဲ ပြောနိုင်ပါတယ်။ သို့ပေမဲ့ ဒီမိုကရေစီ အနောက်နိုင်ငံတွေကတော့ ဒါကို ပြင်းပြင်းထန်ထန်ပဲ ဆန့်ကျင်ခုခံနေအုံးမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ မကြာသေးခင်ကပဲ တရုတ်နဲ့ လုံခြုံရေးကုမ္မဏီ ပူးတွဲဆိုပြီးတော့ လုပ်တာကကော အဲ့ဒါကကော ဘယ်လိုအနေအထား ရှိပါသလဲ။

ဖြေ ။ ။ အဲ့ဒါက သိပ်အန္တရာယ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ဟာ သူတို့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်တင်မကဘဲနဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးအတွက် သူတို့ ကာကွယ်ပေးရမယ့် သဘောဖြစ်လာခဲ့ရင် ဒီတိုင်းရင်းသားအဖွဲ့တွေနဲ့ ဝင်ပြီးတိုက်ရမယ့် သဘောရှိတယ်။ အဲဒီအခါကြရင် နိုင်ငံတကာကလည်း အထူးပြောစရာ ဖြစ်မယ်။ ပြီးတော့ ဒီဟာကို ပြင်းပြင်းထန်ထန် ပြောမယ်။ သူတို့အတွက် ထွက်ရသိပ်ခက်မယ် ဒီနွံထဲမှာ ပတ်သက်သွားရင်။ ဒါကြောင့် တရုတ်က ကြိုးစားသလို တရုတ်ကလည်း ပါးနပ်ပါတယ်။ တရုတ်က သိပ်ကျွမ်းကျင်တယ်။ သူက ဘာလို့လဲဆိုတော့ သူက အဓိက ထိပ်တိုက်တွေ့လာရင် AA နဲ့ တွေ့မှာလေ။ AA က သူတို့ရဲ့ စီးပွားရေး အချက်အခြာနေရာတွေကို သိမ်းဆည်းထားတယ်။ KNLA တို့ ရှမ်းမြောက်က ကချင်တို့နဲ့ တွေ့မယ်ဆိုတော့ ဒီအဖွဲ့တွေကို သူက အရင် သူက ကြိုပြီးညှိနေတယ်။ စစ်ကောင်စီနဲ့ ပြောထားတဲ့ တဘက်ထဲမှာပဲ သူက ဒီအဖွဲ့ကို အပြင်းအထန် ညှိနှိုင်းတဲ့သဘော တွေ့ရပါတယ်။ တွေ့တဲ့နေရာမှာ တရုတ်က သူတို့နဲ့ ထိပ်တိုက်မဖြစ်အောင်တော့ ညှိမှာပဲ။ AA တို့ ဘာတို့ KNLA တို့နဲ့ ညှိမှာပဲ။ ညှိတဲ့နေရာမှာ တော်လှန်ရေးအင်အားစုတွေကလည်း ဒီအတိုင်း တဘက်သတ်နားထောင်ပြီးတော့ ပြောပြရင် ခေါင်းငြိမ့်မယ့်သူတွေ မဟုတ်တော့ဘူး။ နောက်ပြီး လွတ်လပ်ရေးရထဲက ဒီလိုပြဿနာတွေ ဖြစ်လာခဲ့တာ အခု ဒီတိုင်းပြန်လွှတ်ပေးပြီးတော့ ဒုံရင်းဒုံရင်း’ ပြန်မသွားနိုင်ဘူးဆိုတော့ သူကလည်း ဖြစ်အောင်လုပ်မှာ ဖြစ်ပါတယ်။ တရုတ်က ဒီဟာကို အပြင်းအထန် ညှိနှိုင်းပါလိမ့်မယ်။ စစ်ကောင်စီဘက်က ဝင်ပြီးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ထိပ်တိုက်မတွေ့အောင် တရုတ်က အပြင်းထန်ဆုံး ကြိုးစားရပါလိမ့်မယ်။ ဒါတရုတ်ရဲ့ အဓိက အခက်အခဲ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ပြဿနာ ပိုဆိုးသွားနိုင်တယ်။ သို့သော် တရုတ်က အဲဒီလို ညှိနှိုင်းနိုင်တယ်ဆိုရင်တော့ အခြေအနေဟာ တမျိုးတမည် ဖြစ်ပြီးတော့ အလားအလား ကောင်းလာနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီလိုအနေအထားတွေအရတော့ ၂၀၂၄ က မြန်မာနိုင်ငံအတွက် အလားအလာကောင်းတွေ မရှိသလို ဖြစ်နေပါတယ်။ အဲဒီတော့ ၂၀၂၅ မှာကော တိုင်းပြည်ကောင်းလာမယ့် အလားအလာ အခြေအနေ ဘယ်လို ခန့်မှန်းပါမလဲ။

ဖြေ ။ ။ အခုနကပြောသလိုပဲ တရုတ်က ကြားဝင်စေ့စပ်ပြီးတော့လုပ်တယ်။ အာဆီယံကလည်း စစ်ကောင်စီကို ကျေနပ်အောင် နေရာလေးဘာလေး ပေးလာတယ်။ ပြန်ပြီးတော့ လက်ခံလာတယ်ဆို‌တော့ အဓိက တိုင်းရင်းသားတွေ ကျေနပ်အောင် လုပ်လိုက်ရင် တိုင်းရင်းသားအပါအဝင် တော်လှန်ရေးအင်အားစုတွေ မြန်မာပြည်သူတွေရဲ့ လျိချင်တဲ့သဘောထားတွေကိုပါ နည်းနည်းဖြည့်စွမ်းပေးနိုင်တယ်ရင်‌တော့ တဆင့်တက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်မြင်တာကတော့ မြန်မာပြည်မှာ အဓိကပြဿနာဟာ စစ်တပ်ကြီးစိုးနေမှု ဖြစ်ပါတယ်။ ဟိုတုန်းက စစ်တပ်က အမြဲတမ်းပြောတယ် - ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ ဘာတို့ ဦးသိန်းစိန်တို့လက်ထက်ထဲကလည်းပဲ စစ်တပ်က နိုင်ငံရေးက နောက်ဆုတ်ဖို့ ကြိုးစားနေတာက တဖြည်းဖြည်း ဒါပေမဲ့ တိုင်းပြည်တည်ငြိမ်ပြီးတော့ ငြိမ်းချမ်းရေးရသွားရင် မဆူပူတော့ဘူးဆိုရင် စစ်တပ်က လုံးဝထွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးက ဖယ်ပေးမယ်လို့ပြောတယ်။ ဆိုတော့ တိုင်းပြည်အေးချမ်းမှ စစ်တပ်က ထွက်မယ်။ ဖယ်ပေးမယ် နိုင်ငံရေးထဲက။ အခု ကျနော် စဥ်းစားမိတာက စစ်တပ်ဖယ်ပေးမှ တိုင်းပြည်ငြိမ်းချမ်းမယ်။ ဟိုဘက်က ပြန်စဥ်းစားရတော့မယ့်သဘော ဖြစ်ပါတယ်။ ဒီစစ်တပ်က ငါတို့သာလျှင် ကြီးစိုးမယ်ဆိုတဲ့ စိတ်ဓာတ် ရှိနေသမျှ ကာလပတ်လုံး။ ဒီလို နေရာယူနေသမျှ ကာလပတ်လုံး။ ဒီတော်လှန်ရေးအင်အားစုတွေ မြန်မာပြည်သူတွေ တော်တော်များများပေါ့လေ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ လက်ခံကြမှာ မဟုတ်ပါဘူး။ ဒီဟာကို မလျှော့နိုင်ရင်တော့ ဆက်လက်ပြီးတော့ ဖြစ်မယ်။ တရုတ်က အတင်းအဓ္ဓမ လုပ်ပေးပြီးတော့ နိုင်ငံတကာကလည်း သူတို့ မွန်းကြပ်နေလို့ လက်ခံလိုက်ပါဆိုပြီး အတင်းလုပ်ခဲ့ရင်တောင်မှ လူတွေရဲ့ စိတ်ထဲမှာ တအုံနွေးနွေးနဲ့ မကျေနပ်မှုတွေက ဖြစ်နေပြီးတော့ ဒီသံသရာ‌ပေါ့လေ - ဆက်လက်ပြီးမှ သွားနေလိမ့်မှာ ဖြစ်တယ်လို့ပဲ စိတ်မကောင်းစွာနဲ့ ပြောရမှာ ဖြစ်ပါတယ်။

ဖြေ ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင့် အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူတင်ပါတယ်။