ထိုင်း-မြန်မာ နယ်စပ်အချက်အချာကျတဲ့ မြဝတီမြို့ တိုက်ပွဲကို ပြည်တွင်းသာမက အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေကပါ အထိတ်တလန့်နဲ့ အာရုံစိုက်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ ထိုင်းနိုင်ငံ ရပ်တည်ချက်က ဘယ်လို ရှိပါသလဲ။ အခုလောလောဆယ် အရှိန်လျော့သွားတယ်ဆိုပေမဲ့ ရှေ့အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ မြဝတီတိုက်ပွဲက စစ်ကောင်စီနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေကြားမှာ တစုံတရာညှိနှိုင်းမှု ရှိတယ်ဆိုပြီးတော့ တနင်္လာနေ့က Bangkok Post သတင်းစာမှာ ရေးထားပါတယ်။ အဲ့ဒီတော့ ဒါနဲ့ပတ်သက်ရင် မြဝတီတိုက်ပွဲဟာ စစ်ရေးအရ အတိုင်အတာတခုထိ အရှိန်မြင့်ခဲ့တယ်လို့ ပြောရင်ရပါသလား။
ဦးကျော်ဇံသာ ။ ။ အရှိန်မြင့်ခဲ့ပါတယ်။ ပထမဦးဆုံးအဆင့် အရှိန်သိသိသာသာ မြင့်လာတာ ရှမ်းမြောက်မှာ ဖြစ်ခဲ့တဲ့ ၁၀၁၇ တိုက်ပွဲမှာ အရှိန်သိပ်မြင့်လာခဲ့တယ်။ နောက် ကရင်နီဘက်မှာ မြင့်လာတယ်။ ရခိုင်ဘက်မှာဆို သိသိသာသာ မြင့်လာတယ်။ အခု မြဝတီဘက်မှာဆို တော်တော့်ကို မြင့်ခဲ့တဲ့အရှိန် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာကပါ စူးစိုက်ပြီးတော့ ဒီကိစ္စက သိပ်ကိုအရေးကြီးတယ် ဆိုပြီးတော့ တားမြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခု စေ့စပ်ပေးလို့ အရှိန်လျော့တယ်လို့ သတင်းတွေ ထွက်လာတယ်ပေါ့။ ဒါကလည်းပဲ နိုင်ငံရေးပြဿနာ ပြေလည်လာတာ မဟုတ်ပါဘူး။ ဒီတိုက်ပွဲတွေဟာ နိုင်ငံရေးပြဿနာ မပြေလည်ခြင်းတွေကြောင့် ဖြစ်နေရတဲ့ တိုက်ပွဲသာ ဖြစ်ပါတယ်။ စစ်ဆိုတာက နိုင်ငံရေးအတွက် နည်းပရိယာယ်ပိုင်းပေါ့လေ။ သူတို့အလျှော့အတင်း၊ အခြေအနေအရ အတိုးအလျှော့ ဆိုတာရှိရပါတယ်။ ဒါကြောင့် ဒီဟာကိုကြည့်လိုက်ရင် ဒီပြဿနာ လုံးဝပယ်ပျောက်သွားပြီ။ ပြီးပြတ်သွားပြီလို့ ပြောလို့မရပါဘူး။ ရေရှည်မှာ ဘယ်လို ပြန်ဖြစ်လာမလဲ ဆိုတာကတော့ အမြဲတမ်းစောင့်ကြည့် နေရမှာ ဖြစ်ပါတယ်။ လောလောဆယ် အရှိန်လျော့တယ် ဆိုပေမယ့်။
မေး ။ ။ တလောကပဲ ထိုင်းဝန်ကြီးချုပ်ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ အခုအခြေအနေတွေက ကြားဝင်မစွက်ရေးမူကို ဦးစားပေးနေလို့ မရတော့ဘူးပေါ့။ အခု ဒီအနေအထားက ထိုင်းက ကြားဝင်လာတယ်လို့ ပြောလို့ရမလား။
ဖြေ ။ ။ ပြောလို့ ရပါတယ်။ အဓိက ဒီကိစ္စပြန်လည်ပြီးတော့ တပ်တွေဆုတ်နေပြီ ဘာညာကလည်း ထိုင်းဗိုလ်ချုပ်ကြီးတယောက်က ပြောတဲ့စကား ထင်ပါတယ်။ အဲ့ဒါကို ကိုးကားပြီးရေးထားတယ် ထင်ပါတယ်။ ဒါကိုကြည့်ကတည်းက ထိုင်းရဲ့ ပယောဂကြောင့် ထိုင်းရဲ့ ဝင်ရောက်စေ့စပ်ပေးမှု့ကြောင့် ဒီကိစ္စဟာ နည်းနည်းလေး တဘက်နဲ့တဘက်နဲ့ ထိန်းထိန်းသိမ်းသိမ်း ပြန်ဖြစ်လာတယ် ဆိုတဲ့သဘောပါ။ ဘာကြောင့်လဲဆိုတော့ ထိုင်းအတွက် သိပ်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ကြားဝင်မှသာ ဖြစ်မယ်။ ကြားမဝင်ဘဲနဲ့၊ ဘက်မလိုက်ဘဲနဲ့ နေလို့က လုံးဝမဖြစ်နိုင်တော့ဘူး။ ဘက်မလိုက်ဘူး ဆိုတာထက် သူညှိပြီးတော့ ထိန်းရတော့မယ့်သဘော။ ကြားဝင်မှ ဖြစ်တော့မယ့်သဘော ဘာကြောင့်လဲဆိုရင် သူတို့နဲ့ နယ်စပ်ချင်းကပ်နေတာကို မြဝတီဆိုတာ မဲဆောက်နဲ့ ဘာမှမဝေးဘူး။ လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းနေတယ်။ မြဝတီကို ရောက်လာတဲ့ စစ်ပွဲဟာ သိပ်ကိုအရေးကြီးတာ ဖြစ်တာကြောင့် ထိုင်းက ဝင်စွက်ရပါတယ်။ Igor Blazevic က ရေးတယ်။ သူက စစ်ရေးသုံးသပ်သူအနေနဲ့။ မြန်မာစစ်ကောင်စီအနေနဲ့ ကချင်ဘက်ကို တပ်အင်အားဖိပြီး ပို့ဖို့ဆိုတာကလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သိပ်မလွယ်လှဘူး။ ရခိုင်ကို ပို့မယ်ဆိုရင်လည်း အရှုံးနဲ့ရင်ဆိုင်ပြီးတော့ ဟိုဘက်ကို ထွက်ပြေးတာဆိုတော့ ရှက်စရာသာ ပိုကောင်းတယ်ဆိုတော့ သူတို့ အားသွန်ခွန်စိုက် ဖိတိုက်နိုင်တာက မြဝတီဆိုတော့ သူတို့ မြဝတီကို ပုံအောပြီးတော့ လာနိုင်တာ ဖြစ်တယ်။ မြဝတီကို ဗုံးကြဲတာတွေ ဘာတွေလုပ်လာတော့ အဲ့ဘက်မှာပေါ့လေ။ Nikkei Asia က ထိုင်းစစ်တပ်ကို ကိုးကားပြီးတော့တောင် ဖော်ပြလိုက်တယ်။ ရှရှားကလေယာဥ်တွေ ပုံနှင့်တကွ ဖော်ပြထားတာ တွေ့လိုက်ပါတယ်။ တခြားထပ်မံပြီးတော့ အတည်ပြုမှုတော့ မရခဲ့ဘူးပေါ့လေ။ တော်တော်ကျယ်ပြန့်လာတဲ့ကိစ္စမှာ ထိုင်းက ဝင်မစွက်ဖက်လို့ကို မဖြစ်ပါဘူး။ ဒီကိစ္စမှာ သူ့အနေနဲ့ ဝင်ရောက်ပြီးတော့ စွက်ဖက်ရမယ် ညှိနှိုင်းပေးရမယ်ဆိုပြီးတော့ သိပ်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။
မေး ။ ။ ဟုတ်ပါတယ်။ မြဝတီဘက်က ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကိုလည်း ထိုင်းက တော်တော်လေးကို ကူညီတာလည်း တွေ့ပါတယ်။ အဲ့ဒီတော့ မြန်မာ့အရေး အခုအခြေအနေမှာ ထိုင်းရဲ့ ရပ်တည်တဲ့ သဘောထားက ဘယ်လိုပါလဲ။ ရှမ်းမြောက်မှာလည်း တရုတ်နဲ့ ဒီလိုအခြေအနေမျိုး ရှိခဲ့တယ်ဆိုတော့ ဘယ်လိုများကွာခြားပါလဲ။
ဖြေ ။ ။ တရုတ်နဲ့ ဝင်စွက်မှု့ကို အရင်ပြောရမယ်ဆိုရင် ရှမ်းမြောက်တိုက်ပွဲမှာ တရုတ် ရပ်တည်ချက်နဲ့ မြဝတီတိုက်ပွဲမှာ ထိုင်းရဲ့ရပ်တည်ချက်က ကွာပါတယ်။ ရှမ်းမြောက်တိုက်ပွဲ စရခြင်းမှာ ကိုယ်နှိုက်က တရုတ်ရဲ့ ပယောဂ မကင်းဘူးလို့ သုံးသပ်သူတွေက ပြောကြပါတယ်။ တရုတ်က မမြှောက်ပေးရင်တောင်မှ မီးစိမ်းပြခဲ့တယ်။ မမြင်ချင်ယောင်ဆောင်ခဲ့တယ်။ ဝကိုပေးထားတဲ့ လက်နက်တွေက ရှမ်းမြောက် တိုင်းရင်းသားအင်အားစုတွေဆီ ရောက်ပြီးတော့ အဲ့ဒီကနေ တိုက်ကြတယ်ဆိုတော့ တရုတ်ရဲ့ ပယောဂက မကင်းဘူးပေါ့လေ။ တရုတ်ရဲ့ အကျိုးစီးပွား၊ ကျားဖန့်ကိစ္စကြောင့် သူတို့နိုင်ငံမှာ အများကြီး နစ်နာနေတာကြောင့် ဖြေရှင်းခိုင်းတာ စစ်ကောင်စီက မဖြေရှင်းလို့ သူက အသာလေးတွန်းပေးလိုက်တဲ့ သဘောလို့ ယူဆတယ်။ ထိုင်းမှာတော့ အဲ့ဒီလိုမဟုတ်ဘူး။ ထိုင်းကတော့ ဘယ်လိုမှ စစ်ဖြစ်စေချင်မှာ မဟုတ်ဘူး။ သူတို့ လက်သတ်မွေးထားတဲ့ အဖွဲ့ဆိုတာလည်း မရှိဘူး ထိုင်းမှာ ထိုင်း လက်ရှိအစိုးရမှာလည်း ထိုင်းစစ်တပ်ရဲ့သြဇာက မလွတ်ကင်းသေးဘူးလို့ ပြောကြတယ်။ ဆိုတော့ သူတို့ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ် ရင်းနှီးမှု့ရှိတော့ သူတို့ရဲ့ အကျိုးစီးပွားချင်း ဆက်နွှယ်ရင်လည်း စစ်တပ်ခြင်းသာ ဆက်နွှယ်လိမ့်မယ် ထင်ပါတယ်။ ဆိုတော့ ဒီတိုက်ပွဲမှာတော့ ထိုင်းအနေနဲ့ တရုတ်ရဲ့ သဘောထားမျိုး အစကတည်းက မရှိခဲ့ဘူး။ သူတို့နိုင်ငံ နယ်နမိတ်ထဲကို ဝင်လာရင်တော့ ကာရမှာဘဲ။ အစကတည်းက နယ်စပ်ကျော်လာရင် ပစ်မယ်ခတ်မယ်ဆိုပြီးတော့ အမိန့်ပေးထားပြီးတော့ စစ်တပ်တွေကို အဲ့ဒီမှာ ချထားတာလည်း တွေ့ရပါတယ်။ ထိုင်းရဲ့ရပ်တည်ချက်က စောင့်ကြည့်ပြီးတော့ သူတို့ဘက်ကို ကျော်လာမယ်။ သူတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာမယ် နစ်နာလာမယ်ဆိုရင် တစုံတရာတော့ တုန့်ပြန်မှာ ဖြစ်ပါတယ်။ အခုလည်းပဲ ဒုက္ခသည်တွေ ဝင်လာတာကိုက မနိုင်မနင်း ပြဿနာ ဖြစ်လာမယ်။ ဒါကြောင့် ဒုက္ခသည်တချို့ကိုလည်း ပြန်သွားဖို့အတွက် သူက လုပ်တယ်။ မြဝတီလူထု၊ ပြည်သူတွေကလည်း မြဝတီကို ပြန်ပြီးတော့ နေချင်ကြတယ်နဲ့ တူပါတယ်။ ဒါကြောင့် သူတို့က မြဝတီက စီးပွားရေးအရ သိပ်အခိုင်အမာမြို့တမြို့ ဖြစ်နေတဲ့ အနေအထားမှာ ဒေသခံတွေကလည်း စစ်ဘေးဒုက္ခသည်အဖြစ် ဟိုဘက်မှာ ခိုလှုံရတာထက် သူတို့မြို့မှာ သူတို့ အေးဆေး ပြန်နေချင်ကြတယ်နဲ့ တူပါတယ်။ ဒါတွေကြောင့်လဲ သူတို့ ညှိနှိုင်းပေးခဲ့ကြတယ်လို့ ထင်ပါတယ်။ ဒါက ယာယီပေါ့လေ။ နောက်ဘာတွေ ဆက်ဖြစ်မယ်တော့ မသိပါဘူး။
မေး ။ ။ နောက် မြဝတီပွဲကို နိုင်ငံတကာက အာရုံစိုက်လာတာကို တွေ့ရသလိုမျိုး၊ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေကလည်းပဲ ဒီတိုက်ပွဲတွေကို အမြန်ဆုံးရပ်ဖို့ကို ကြေညာချက်တွေထုတ်ပြီး တောင်းဆိုခဲ့ပါတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂတို့လို အဖွဲ့တွေအနေနဲ့ ဒီထက်ပိုပြီး ဘာတွေ လုပ်ပေးနိုင်မလဲ။
ဖြေ ။ ။ ဒီ့ထက်ပိုပြီး လုပ်ပေးမယ်ဆိုတာထက်၊ အာဆီယံက ပြောလာတာကို အရင်ပြောရမယ်ဆိုရင် အာဆီယံက ဒီလိုတော့ ပြောရမှာပဲ။ အာဆီယံက ဒီကိစ္စအတွက် တာဝန်အရှိဆုံးဆိုပြီး သူ့ကိုပဲ တွန်းပို့ထားကြတာ။ အာဆီယံက အဖွဲ့အစည်းနဲ့လုပ်မယ်။ ထိုင်းတို့ဘာတို့က တနိုင်ငံထဲ လုပ်တာကို သူက မကြိုက်ဘူး။ ဒါပေမယ့် အခုလောလောဆယ်တော့ ထိုင်းလုပ်တာက ပိုပြီးတော့ ထိရောက်တယ်။ အာဆီယံက ပြောရမှာပဲ ချက်ချင်းရပ်ပါ ချက်ချင်းရပ်ပါဆိုပြီးတော့ ပြောရမှာဘဲ။ သို့ပေမဲ့ အခုရပ်သွားတဲ့ကိစ္စမှာ ထိုင်းရဲ့ ပယောဂသာလျှင် ပိုပြီးပါတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အာဆီယံရဲ့အဖွဲ့ တခုလုံးအနေနဲ့က သိပ်ထိရောက်မှု့ မရှိဘူး။ အာဆီယံရဲ့ ပြောတာမှာ နောက်သိသာတဲ့ ကိစ္စတခုက Humanitarian Corridor ဒုက္ခသည်တွေကို ကူညီဖို့ စာနာမှုလမ်းကြောင်းတော့ ဖွင့်လှစ်ပေးထားပါ။ ဒါကတော့ ပြောနေကျပါပဲ။ ဒါပါပဲ အာဆီယံကတော့ ဒီထ့က်ပိုပြီးတော့ ဘယ်လောက် လုပ်လာနိုင်မလဲကတော့ မသေချာပါဘူး။ အခုရထားတဲ့ နည်းနည်းအရှိန်လျော့နေတာကို ဆက်လက်ပြီးတော့ လျော့ပါးသွားအောင် အာဆီယံ လုပ်နိုင်မယ်လို့ သိပ်ပြီးတော့ မမျှော်လင့်နိုင်ဘူး ထင်ပါတယ်။ ကုလသမဂ္ဂလည်း ထိုနည်းလည်းကောင်းပါဘဲ။ ကုလသမဂ္ဂက ဘယ်တုန်းကမှ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီးတော့ ဝင်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။ အဓိကကတော့ ရုရှားတို့ တရုတ်တို့ ရှိနေတယ်။ တရုတ်က နည်းနည်း သဘောတူချင်ပြီးတော့ Abstain ပေါ့လေ ကြားနေမဲမပေးဘဲ နေခဲ့ရင်တောင်မှ ရုရှားကတော့ တဘက်သတ် စစ်ကောင်စီဘက်က လုံးဝရပ်တည်နေမှာ ဖြစ်ပါတယ်။ ဆိုတော့ ကုလသမဂ္ဂလည်း ဘာမှရှေ့တိုးနိုင်မှာ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်ချတာ ဝမ်းနည်းကြောင်း ထုတ်ပြန်တယ် ဒါမျိုး Resolution ချတာလောက်ပဲ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။
မေး ။ ။ အခု ဧပြီ ၂၄ ကနေပြီးတော့ ၂၆ ထိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တရုတ်နိုင်ငံကို သွားပါမယ်။ အဲ့ခရီးစဥ်မှာ မြန်မာ့အရေးကိုလည်း ထည့်ပြီးတော့ ဆွေးနွေးမယ်လို့ သိရပါတယ်။ တစုံတရာ မျှော်လင့်နိုင်ပါသလား။
ဖြေ ။ ။ မြန်မာ့အရေး ဆွေးနွေးမယ်ဆိုတာကတော့ မြန်မာပြည်မှာလည်း ဒီလိုမျိုးပြဿနာတွေ ဖြစ်နေပြီးတော့ သူတို့နိုင်ငံကြီး ၂ ခု ဆွေးနွေးမယ်ဆိုတာတော့ ထည့်ပြောမှာပေါ့လေ။ ဒါပေမဲ့ သူတို့ရဲ့ ဆွေးနွေးမယ့် Agenda ထဲမှာ၊ ထိပ်ဆုံးမှာတော့ ရှိမနေနိုင်ဘူးဆိုတာကတော့ လုံးဝသေချာပါတယ်။ အောက်ဆုံးမှာပဲ ရှိနေပါလိမ့်မယ်။ သူတို့မှာ ဒီဟာထက် အရေးကြီးတဲ့ ကိစ္စတွေအများကြီးပါ။ တရုတ်-အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ။ အမေရိကန်က အခု စစ်ရေးအကူအညီတွေ၊ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပေးဖို့ ယူကရိန်းရယ်၊ အစ္စရေးရယ်၊ ထိုင်ဝမ်ရယ် စသဖြင့် ဒီကိစ္စကို သူတို့ညှိရမှာဖြစ်ပါတယ်။ အမေရိကန်ဟာ တရုတ်နဲ့ လိုချင်တာ စစ်ရေးအရ ပဋိပက္ခ မဖြစ်လိုဘူး။ တင်းတင်းမာမာတော့ ပြိုင်ကြမယ်။ စီးပွားရေးလည်း သူတို့ဆက်လုပ်မှာဘဲ။ ဒါကြောင့် အမေရိကန် ဘဏ္ဍာရေး၀န်ကြီးလည်း ခဏခဏသွားတယ်။ အခုလည်းပဲ သူတို့ ဒီကိစ္စကို အဓိကထားပြီး ညှိမယ်လို့ ထင်ပါတယ်။ အဲ့ဒီကိစ္စ သူတို့ကူညီပေးတဲ့ကိစ္စနဲ့ တရုတ်ကို တိုက်ရိုက်စိန်ခေါ်ခြင်း မဟုတ်ဘူးဆိုတာကို သူတို့ အဓိက ညှိရပါလိမ့်မယ်။ အဲ့ဒီပြဿနာတွေကို တခုချင်းညှိမယ် ထိုင်ဝမ်ပြဿနာကိုလည်း အများကြီး သူတို့ ပြောမှာပေါ့။ မြန်မာ့အရေးကို ပြောဖို့ အချိန်တောင် ရပါ့မလား။ ဒါပေမယ့် ပြောရင်ဆိုတော့ သိပ်ကောင်းတယ်။ တကယ်ဖြစ်နိုင်တယ် အဲ့ဒီလမ်းက။ တချို့သုံးသပ်သူတွေ ရေးခဲ့ပါတယ်။ တရုတ်နဲ့အမေရိကန်ကတော့ အဲ့ဒီကိစ္စကိုထား မင်းတို့နဲ့ ငါတို့ကတော့ မြန်မာနိုင်ငံအတွက် ပြေလည်အောင် နှစ်ဘက်လုံးထိန်းပြီးတော့ ငါတို့လုပ်ကြမယ်ဆိုရင် အများကြီး ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။ ဒီလိုသဘောမျိုး ရရင်ပေါ့လေ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရင် နှစ်ဘက်လုံးက သူ့စည်းကိုယ့်စည်းထားပြီးတော့ သူ့မူကိုယ့်မူနဲ့ ညှိနှိုင်းပြီးတော့ မြန်မာနိုင်ငံကို ထိန်းထားနိုင်မယ်ဆိုပြီးတော့ သုံသပ်သူတချို့က ရေးခဲ့တာ ရှိပါတယ်။ အဲ့ဒီအတိုင်း ဖြစ်လာရင်တော့ အကောင်းဆုံးလို့ ပြောရမှာပါ။
မေး ။ ။ စစ်ကောင်စီထဲမှာလည်း အခြေအနေတွေက ယိုင်နဲ့နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဒီသတင်းတွေကကော ဘယ်လောက်ထိ မှန်ကန်နိုင်ပါသလဲ။
ဖြေ ။ ။ သတင်းတွေလို့မပြောဘဲ ကောလဟာလတွေလို့ ပြောရင်ပိုကောင်းမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သတင်းက လက်ဆုပ်လက်ကိုင် အားကိုးရလောက်တဲ့ သတင်းဆိုတာ သိပ်ရှားပါတယ်။ စစ်ကောင်စီ တက်လာတော့ သတင်းဆိုတာ လုံးဝလွတ်လပ်လွင့် မရှိတော့ ဒီကောလဟာလတွေ ဒါတွေပဲ ထွက်လာတာပါပဲ။ ဖရဲသီးလား၊ အတွင်းက ထွက်လာတဲ့ သတင်း။ အဲ့ဒီသတင်းတွေကို အခြေခံပြီးတော့ ခန့်မှန်းကြတယ်။ တကယ်လည်း ဒီဟာတွေက မှန်သွားတာလည်း အများကြီးဆိုတော့။ အဲ့ဒါတွေကိုလည်း ဘယ်လိုမှ ပစ်ပယ်ထားလို့ မရဘူး။ ဒီလိုပဲ ပြောရမယ်။ နောက်သဘောတရားတခုက ဘာရှိသေးလဲဆိုတော့ စစ်တပ်မှာ ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် သူတို့ ကျရှုံးနေတယ် - စစ်တပ်ဆိုရင် စစ်မြေပြင်မှာ တချိန်လုံး အရှုံးနဲ့ဘဲ ရင်ဆိုင်နေရတယ်။ တချိန်လုံး အရှက်ရစရာ ထွက်ပြေးတာ၊ လက်နက်ချတာ၊ အထိနာတာတွေပဲ ဖြစ်နေတယ်ဆိုတော့ ခေါင်းဆောင်မှု့အပေါ်မှာ အထင်သေးလာမှာဘဲ။ ယုံကြည်မှု့ နည်းလာမယ် သူတို့ဟာ။ သူတို့တပ်က ထွက်ပြေးတာတွေ ဘာတွေရှိလာကြမယ်။ စိတ်ဓာတ် ပျက်ပြားလာမယ်။ ဒီအချိန်မှာ သူတို့ရဲ့ခေါင်းဆောင်မှု့ကို Institution တခုအနေနဲ့ စစ်တပ် ရှင်သန်ကျန်ရှိချင်ရင် ခေါင်းဆောင်ပိုင်းကို ဖယ်ရှားရမယ်ဆိုတာ စစ်တပ်တွင်းက လူတွေ၊ စစ်တပ်နဲ့ ပတ်သတ်တဲ့လူတွေ သဘောပေါက်လာကြမယ်ဆိုတာ သေချာပါတယ်။
အဲ့ဒါကြောင့်လည်းပဲ အာဏာသိမ်းဖို့ လုပ်တယ်ဆိုတော့ သတင်းတွေ ထွက်လာတယ်။ အာဏာသိမ်းဖို့ လုပ်တယ်ဆိုတာကလည်း သူတို့ခန့်မှန်းကြတာတော့။ တချို့ကို ပြန်ပြီးတော့ ဖမ်းတယ်။ စစ်တပ်ကို ယှဥ်ပြိုင်နိုင်မယ်ဆိုတဲ့လူတွေကို သူတို့ အကြောင်းအမျိုးမျိုး အပြစ်တွေ ရှာပြီးတော့ ဖမ်းတယ်။ တရားစွဲဆိုတာတွေ လုပ်တယ်ဆိုတော့ အဲ့ဒါတွေကို ကြည့်ပြီးတော့ ခန့်မှန်းကြတာ ဖြစ်ပါတယ်။ ဒါလည်း ဖြစ်နိုင်တယ်။ သို့ပေမဲ့ စဥ်းစားစရာက အဲ့ဒီလို ခေါင်းဆောင်မှု့ကို ဖယ်ရှားချင်တဲ့သူတွေ တပ်တွင်းမှာ ပေါ်ပေါက်လာလို့ ဖယ်ရှားတာ အောင်မြင်သွားတယ် ထားပါတော့၊ ဒီမိုကရေစီအတွက် အားတက်စရာလား။ ဒီလူတွေက ပိုပြီးတော့တောင် တင်းမာလာနိုင်တယ်လို့ သုံးသပ်ချက်တချို့က ရှိပြန်သေးတယ်။ ဒီလူတွေက အခုလက်ရှိ ခေါင်းဆောင်မှု့ကို ဖယ်ရှားချင်တာကိုယ်နှိုက်က ဒီကောင်တွေ သိပ်ညံ့တာပဲ။ ဖယ်စမ်း ငါတို့ တက်လုပ်မယ်ဆိုပြီးတော့ အဲ့ဒီလို လက်သီးလက်မောင်းတန်းပြီးတော့ တက်လာမယ့် သူတွေသာ ဖြစ်နေတယ်ဆိုတော့ ပြည်သူတွေအတွက် သက်ညှာပြီးတော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ပေးဖို့ ငါတို့က စနစ်ပြောင်းသင့်ပြီး စစ်အာဏာရှင်စနစ်က ဖယ်ရှားသင့်ပြီဆိုပြီးတော့ တက်လာမယ်လို့တော့ မမျှော်လင့်နိုင်ဘူးလို့ ထင်ပါတယ်။ အဲ့ဒီလို ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့လေ။ အဲ့ဒီလို သူရဲကောင်း ပေါ်လာရင်။ ဒါပေမဲ့ ကျနော်ကတော့ အဲ့ဒီလို ဖြစ်လာမယ်လို့ မထင်ပါဘူး။
မေး ။ ။ အဲ့ဒီတော့ အခုအခြေအနေမျိုးမှာပေါ့ မြန်မာ့အရေး ပြေလည်ဖို့ တစုံတရာ ထွက်ပေါက် ရှိလာနိုင်မယ့် အလားအလာကကော ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ စောစောက ပြောသလိုဘဲ အမေရိကန်တို့ တရုတ်တို့ပေါ့လေ ဒီကိစ္စမှာ ညှိနှိုင်းပြီးတော့ နိုင်ငံကြီးတွေကလည်း မင်းတို့တော်ကြတော့ ညှိနှိုင်းကြတော့လို့ ပြောရင် ဖြစ်နိုင်ပါလိမ့်မယ်။ အဲ့ဒါတာက အဓိကကျပါတယ်။ လက်ရှိခေါင်းဆောင်က ငါအရေးနိမ့်နေပြီး၊ ဒီဟာကို ငါ ပုံမှန်ပြန်ရအောင် လုပ်မယ်ဆိုပြီးတော့ တဆင့်လျှော့ပေးသွားရင်တော့ မပြောတတ်ဘူး။ အဲ့ဒီလို သွားခွင့်၊ လျှော့ခွင့်ရော သူ့လူတွေက ပေးပါ့မလား။ အဲ့ဒီလို ဖယ်ရှားနိုင်တယ်ဆိုရင် ဖြစ်နိုင်တဲ့ Possibility တွေကတော့ အများကြီး ရှိနေပါတယ်။ ယတိပြတ် ပြောဖို့က အင်မတန်ခက်တဲ့ အခြေအနေ ဖြစ်ပါတယ်။
မမြသဇင်အောင် ။ ။ အခုလိုဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။