သမ္မတဟောင်း Donald Trump နဲ့ လက်ရှိသမ္မတ Joe Biden တို့ ပြန်တွေ့ကြမယ့် ၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ဘယ်လို ဆက်စပ်နေပါသလဲ။ မြန်မာ့နိုင်ငံရေးကိုရော ဘယ်လို ရိုက်ခတ်လာနိုင်ပါသလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အမေရိကန် ရွေးကောက်ပွဲဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ ဘယ်လောက်ထိ အရေးပါပါသလဲ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ သိပ်အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ တကမ္ဘာလုံးက စိတ်ဝင်စားဆုံး ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အမေရိကန်မှာဖြစ်တဲ့ ဖြစ်ရပ်တွေ၊ အမေရိကန်မှာ အစိုးရ အပြောင်းအလဲဖြစ်လာရင် မူဝါဒ ပြောင်းလဲပြီး၊ တကမ္ဘာလုံးကို ရိုတ်ခတ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမဲ့ တဆက်တည်းမှာ ပြောသင့်တာကတော့ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကိစ္စတွေကလည်း အမေရိကန် ရွေးကောက်ပွဲမှာ ပြန်လှန်ပြီးတော့ ရိုတ်ခတ်မှု ရှိပါတယ်။ ကျနော် ဘာသွားသတိရသလဲဆိုတော့ ဟိုးတုန်းက ဥရောပမှာ သြစတြီးယားနိုင်ငံရဲ့ Chancellor Metternich (1848) ပြောခဲ့တဲ့စကား ရှိတယ် "When France sneezes, the rest of Europe catches a cold - ပြင်သစ်က ဟပ်ချိုးလို့ ချေလိုက်ရင် ဥရောပတတိုက်လုံး အအေးမိ၊ နှာစေး ကြပြီ" ဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်သစ်မှာ တော်လှန်ရေးဖြစ်တော့ အကုန်လုံး ဥရောပကို ပျံ့နှံ့သွားသလိုပဲ အခုလည်းပဲ အမေရိကန်က ဟပ်ချိုးလို့ချေရင် တကမ္ဘာလုံး အအေးမိနှာစေးနေကြပြီလို့ ပြောရမယ့်သဘောပါပဲ။ အမေရိကန် ရွေးကောက်ပွဲက သိပ်အရေးကြီးပါတယ်။ အဲဒါကြောင့်လည်း ကမ္ဘာက စောင့်ကြည့်နေကြတယ်လို့ ဦးစွာပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ အခုလက်ရှိ သမ္မတဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ Re-match ပြန်ပြီးတော့ တွေ့ကြမယ့် အခြေအနေ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအပေါ်မှာကော ဘယ်သူနိုင်ခြေ ရှိပါသလဲ။
ဖြေ ။ ။ မှန်းရသိပ်ခက်ပါတယ်။ ကျနော် မပြောနဲ့ Opinion Poll လို့ခေါ်တဲ့ လူထုစစ်တမ်း လုပ်နေတဲ့ နှစ်ပေါင်းများစွာ လုပ်လာတဲ့ အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်တောင်မှ တကယ့်ရလာဒ်နဲ့ လွဲတတ်ပါတယ်။ ၂၀၁၆ တုန်းက ဒေါ်နယ်ထရမ့်နဲ့ ဟီလာရီ ကလင်တန် ပြိုင်တဲ့ပွဲမှာဆိုရင် ဟီလာရီ ကလင်တန် နိုင်မယ်လို့ လူတော်တော်များများက တွက်ထားတယ်။ ပထမပိုင်းမှာ ဟီလာရီ အလားသာပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ဒေါ်နယ်ထရမ့်ကို ထောက်ခံတဲ့ မဲတွေများလာပြီးတော့ နောက်ဆုံး ဒေါ်နယ်ထရမ့် နိုင်သွားတယ်ဆိုတော့ ကြိုတင်ခန့်မှန်းရ သိပ်ခဲယဉ်းပါတယ်။ အခု အမေရိကန် ပြည်သူတွေ ဒီနေရာမှာ သူတို့ရဲ့ ရွေးကောက်ပွဲ ကြည့်ရှုသူတွေက ဘယ်လိုအကြောင်းအရာကို သူတို့ စွမ်းဆောင်နိုင်မလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြမယ်ဆိုတော့ သူတို့ စစ်တမ်းတွေမှာ ဘာတွေ့ရသလဲဆိုတော့ စီးပွားရေးကို ဦးစားပေးပြီး ဆုံးဖြတ်မယ့်လူက ၇၉ ရာခိုင်နှုန်း ရှိတယ်။ တခါ ကျန်းမာရေးစောင့်ရှောက်မှုကို ကြည့်ပြီး ဆုံးဖြတ်မယ့်လူက ၆၈ ရာခိုင်နှုန်း ရှိတယ်။ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့ ကြည့်ပြီး ဆုံးဖြတ်မယ့်လူက ၅၇-၆၀ ရာခိုင်နှုန်း ရှိတယ်။ အဲဒီနောက်မှာမှ Illegal Immigration တရားမဝင် နိုင်ငံထဲကို ဝင်ရောက်တဲ့လူတွေကိစ္စ၊ ဥတုရာသီ ပြောင်းလာတဲ့ကိစ္စက ၅၀-၄၀ ရာခိုင်နှုန်း စသည်ဖြင့် ရှိကြပါတယ်။ ဒီအခြေအနေကိုကြည့်ပြီးတော့ လူတွေက ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ကြိုတင်ပြီးတော့ ခန့်မှန်းရဖို့တော့ အတော်မလွယ်ပါဘူး။ အဖြေရမှာပဲ ယတိပြတ်ပြောလို့ရမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ အမေရိကန် ရွေးကောက်ပွဲက နိုင်ငံတကာကို ရိုတ်ခတ်တဲ့ အလားအလာပေါ့။ ဒီအပေါ် အဓိကဆွေးနွေးချင်ပါတယ်။ ဒီတော့ အခုလက်ရှိ အနေအထားမျိုးမှာ နိုင်ငံတကာအခင်းအကျင်းမှာ ဘယ်ပြဿနာက အဓိကကျပါသလဲ။ ယူကရိန်း ပြဿနာလား။ ဂါဇာ ပြဿနာလား။
ဖြေ ။ ။ အဲဒီပြဿနာတခုချင်းဆီကို မပြောခင်၊ နိုင်ငံခြားရေးဝါဒနဲ့ ပတ်သက်ပြီးတော့ ဒီသမ္မတ ၂ ယောက်လုံးကတော့ အမေရိကန်ရဲ့ စောစောကပြောခဲ့သလို နိုင်ငံ့အကျိုးစီးပွားကိုလုပ်တာပဲ ဖြစ်ပါတယ်။ အဲဒီလိုဖော်ဆောင်တဲ့ နေရာမှာတော့ ဒေါ်နယ်ထရမ့်ကတော့ နိုင်ငံတကာနဲ့ သိပ်ပြီးတော့ ထဲထဲဝင်ဝင် နေတာထက်၊ သူက သူ့ဟာသူ သီးခြားရပ်တည်မယ်။ အကျိုးရှိတဲ့နေရာမှာ ဘယ်သူနဲ့မဆို ဆက်ဆံပြီးတော့ လုပ်မှာပဲ။ လစ်ဘရယ်၊ ဒီမိုကရေစီသဘောတရား ဘာညာ သူက ကြည့်မှာမဟုတ်ဘူး။ နမူနာတခုကို ကြည့်မယ်ဆိုရင် သူ့ရဲ့ ပထမအကြိမ် သမ္မတ ဖြစ်ခဲ့တုန်းကဆိုရင် မြောက်ကိုရီးယားလည်း သွားပြီးတော့ တွေ့ခဲ့တာပဲ။ နိုင်ငံတကာ လက်မခံဘဲပစ်ပယ်ထားတဲ့ အစိုးရမျိုးကိုလည်း တွေ့ခဲ့တာပဲ။ သူကတော့ အဲဒါမျိုးတွေ လုပ်သွားမှာပဲ။ ဒါပေမဲ့ သမ္မတဘိုင်ဒန်ကြတော့ သူက အုပ်စုဖွဲ့ပြီးတော့ သူတို့ရဲ့ မူဝါဒအတိုင်း ဒီမိုကရေစီ၊ လစ်ဘရယ် သဘောတရားကို အခြေခံပြီးတော့ တူတဲ့လူတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ့်သဘော ရှိပါတယ်။ တကယ်တော့ စစ်ရေးကာလအတွင်းမှာကိုယ်က အမေရိကန်ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ သီးခြားရပ်တည်ပြီးတော့ ဆိုဗီယက်ပြည်ထောင်စုက သူတို့အင်အားစုနဲ့သူတို့ စီးပွားရေးအားဖြင့်၊ နိုင်ငံရေးအားဖြင့် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်တယ်။ အဲဒီလို ပြိုပျက်သွားပြီးနောက်မှာ ရုရှား၊ တရုတ်တို့က အမေရိကန်နဲ့ လုံးဝခွဲပြီးတော့ သီးခြားစီရပ်တည်နေကြတယ်။ အဲဒါကို သူတို့နဲ့ ဆန့်ကျင်ပြီးတော့ ကိုယ်ဘက်ပါမယ့်လူတွေကို စည်းရုံးပြီးတော့ ဘိုင်ဒန်က ရပ်တည်မယ့်သဘော ရှိပါတယ်။ ဆိုတော့ နိုင်ငံခြားရေးဝါဒမှာ အဓိက အဲဒီလိုပြိုင်ကြပါလိမ့်မယ်။
မေး ။ ။ အဲဒီတော့ ဒီပြဿနာတွေကို တခုချင်း ကြည့်မယ်ဆိုရင် လက်ရှိ ယူကရိန်းအပေါ်မှာ အမေရိကန်ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ စစ်ပွဲကလည်း ကြာလာပြီဆိုတော့ ပြည်သူတွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အမေရိကန်အများစုကတော့ ယူကရိန်းကို ထောက်ခံတယ်။ ရုရှားကျူးကျော်မှုကို ဘယ်သူမှ မလိုလားကြပါဘူး။ ဒါပေမဲ့လဲ ယူကရိန်းစစ်ပွဲမှာ စစ်ရေးအကူအညီတွေ ဒီလောက်တောင် ပေးရမလား။ ပေးသင့်သလားဆိုတာကို လူတိုင်း တွေးတောလာတယ်။ စဉ်းစားလာတယ်။ အဲဒီလို ပေးနေတာကို သိပ်သဘောမကျသူတွေက ပိုပိုများလာပါတယ်။ တချို့က ဒါကို ဘယ်လိုမြင်သလဲဆိုရင် It's a forever war - အစဉ်သဖြင့် ဖြစ်နေတဲ့ စစ်ပွဲ၊ ဘယ်တော့မှ ရပ်တန့်မှ မဟုတ်ဘူး။ ဘာဖြစ်လို့ ငါတို့က ဒါကို စစ်ရေးအရ ကူညီနေရမလဲဆိုတာကို သမ္မတဘိုင်ဒန်ရဲ့ မူဝါဒနဲ့ ပတ်သက်ပြီးတော့ အဲဒီလို မြင်လာကြတဲ့လူတွေ အများကြီးရှိလာပါတယ်။ သမ္မတဘိုင်ဒန်ကိုယ်တိုင်လည်း အာဖဂန်နစ္စတန်မှာ ဖြစ်နေတဲ့စစ်ပွဲကို A forever war ထာဝရ ဖြစ်နေမယ့်စစ်ပွဲ ဆိုပြီးတော့ ရုတ်သိမ်းလာခဲ့တာဆိုတော့ အခုလည်းပဲ ဒေါ်နယ်ထရမ့်တို့ဘက်က ဒီသဘောတရားနဲ့ ထိုးနှက်လာပါတယ်။ ယူကရိန်းမှာ သူတို့ အဲဒီလိုကျသွားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမဲ့လဲ ဒေါ်နယ်ထရမ့်ဘက်ကကြတော့ ဘယ်လိုလဲဆိုတော့ ဒေါ်နယ်ထရမ့်ကတော့ ပြောနေတာပဲ သူသမ္မတ ဖြစ်လာရင် ၂၄ နာရီအတွင်းမှာ ယူကရိန်းစစ်ပွဲကို ရပ်လိုက်မယ် ပြောနေတယ်။ သမ္မတပူတင်နဲ့ သူက စိမ်းစိမ်းကားကား မရှိခဲ့တဲ့လူဆိုတော့ သူ့အတွက်လည်း ဖြစ်နိုင်တယ်ဆိုတော့ တချို့က အဲဒါကို မျှော်မှန်းကြတယ်။ တကယ်လို့ သမ္မတထရမ့်သာ သမ္မတ ဖြစ်လာခဲ့မယ်ဆိုရင် သူသည် ပူတင်နဲ့ ညှိပြီးတော့ ငြိမ်းချမ်းနိုင်တဲ့ နည်းတနည်းနဲ့ ထွက်ပေါက်ရအောင် လုပ်နိုင်မလားဆိုတာကို မျှော်လင့်ကြပါတယ်။ သို့သော်လဲ တချိန်တည်းမှာလည်း နောက်တခု ဖြစ်နိုင်တာကို ကျနော် ထင်တာကတော့ သမ္မတဘိုင်ဒန်လက်ထက်မှာလည်းပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တူရကီကို သွားပြီးတော့ တူကရီသမ္မတ Erdogan နဲ့တဆင့် Erdogan က ရုရှားနဲ့ ဆက်ဆံရေးကောင်းတယ်။ သိပ်အရေးပါတဲ့နေရာ ဖြစ်တယ်။ သူကတဆင့် စေ့စပ်ဖို့ပြောနေတဲ့ စကားတွေလည်း ရှိတယ်ဆိုတော့ မျှော်မှန်းချက်တွေအမျိုးမျိုး ရှိနေကြပါတယ်။ သူတို့ ၂ ယောက်ရဲ့ ချဉ်းကပ်မှုကတော့ အဲဒီလို ကွဲလွဲကြပါတယ်။
မေး ။ ။ နောက်တခုကတော့ ဂါဇာကိစ္စပေါ့။ ဂါဇာနဲ့ ပတ်သက်ပြီးတော့ သမ္မတဘိုင်ဒန်က ပြီးခဲ့တဲ့အပတ်တုန်းက နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောသွားတာ ရှိပါတယ်။ နှစ်ပြည်ထောင်မူဝါဒကသာ အဖြေဖြစ်လိမ့်မယ်လို့ ပြောသွားပါတယ်။ ဒီတော့ ဂါဇာနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ သဘောထားက ဘာပါလဲ။
ဖြေ ။ ။ အဲဒီမူဝါဒက တကယ်တော့ လက်တွေ့ကျပါတယ်။ နိုင်ငံတကာကလည်း နှစ်ပြည်ထောင်စနစ် ဖြစ်မှသာ ဖြစ်မယ်ဆိုတာကို လက်ခံကြတယ်။ အဓိက ပြဿနာက Netanyahu တို့က လက်မခံပါဘူး။ Netanyahu နဲ့ သမ္မတဘိုင်ဒန်ကြားမှာလည်း သိပ်ပြီးတော့ သဘောထားချင်း ကင်းကွာကြတယ်။ Netanyahu က သူ့ရဲ့ စစ်ရေးပေါ်လစီနဲ့ စစ်နဲ့သာ ဖြေရှင်းမယ်ဆိုတဲ့ မူဝါဒကိုသာ သမ္မတဘိုင်ဒန်က မကြိုက်ဘူး။ ငြိမ်းချမ်းရေး စေ့စပ်စေချင်တယ်။ ခင်များ အဲဒီလို တိုက်နေခြင်းအားဖြင့် ခင်များကို နိုင်ငံတကာက မုန်းတီးသွားလိမ့်မယ်။ နိုင်ငံတကာ ထောက်ခံမှု ဆုံးရှုံးမယ်။ ခင်များတို့ နိုင်မှာ မဟုတ်ဘူးလို့ပြောတာ မဟုတ်ဘူး။ ဝန်ကြီးချုပ် Netanyahu က လုံးဝလက်မခံဘူး။ ဆိုတော့ သမ္မတဘိုင်ဒန်က အဲဒီလို မပြောနိုင်တော့ သိပ်ပြီးတော့ သူကို လူကြိုက်မများဘူး ဖြစ်လာတယ်။ ဒီလူက တကယ်ထိထိရောက်ရောက် မပြောနိုင်ဘူး။ တချို့ကလည်း သမ္မတဘိုင်ဒန်က တဘက်ကသာ အဲဒီလိုပြောနေပေမဲ့ တကယ်တမ်း ထိထိရောက်ရောက် တားချင်စိတ် ရှိရဲ့လား။ ဘာကြောင့်စစ်ရေးတွေ အကူအညီ ပေးနေသလဲ ဘာညာဆိုပြီး ပြောနေတာတွေလည်း ရှိတယ်ဆိုတော့ ဒီကိစ္စမှာ သမ္မတဘိုင်ဒန်ရဲ့ Popularity လူကြိုက်များမှုက တဖြည်းဖြည်းကျဆင်းလာမယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ မီရှိကန်မှာ ကြိုတင်ရွေးကောက်ပွဲလုပ်တော့ တချို့က Uncommitted ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘိုင်ဒန်မူဝါဒကို မကြိုက်တဲ့အတွက်ကြောင့် မဲမပေးဘဲနေမယ်ဆိုပြီးတော့ ပြောခဲ့တဲ့လူတွေ သိန်းသန်းချီ ရှိတယ်ဆိုတာကို မမြသဇင် ကြားမိမှာ ဖြစ်ပါတယ်။ ကျနော်ထင်တယ် သမ္မတဘိုင်ဒန်ကတော့ လူကြိုက်များလာဖို့အတွက် တနည်းနည်းနဲ့ ဒီကိစ္စကို ကြံစည်ရမယ် ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ ဒေါ်နယ်ထရမ့်ကကော ဒီရွေကောက်ပွဲမှာ သမ္မတဘိုင်ဒန်နဲ့ Re-match ဖြစ်လာမယ့် အခြေအနေဖြစ်နေတော့။
ဖြေ ။ ။ ဒေါ်နယ်ထရမ့်ကတော့ ယတိပြတ် သူ့ရဲ့မူဝါဒက အစ္စရေနဲ့ ဂါဇာမှာ ဖြစ်နေတဲ့ ပြဿနာဆိုင်ရာ မူဝါဒ ဘယ်လိုဆိုတာ တရားဝင်ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။ ဒါပေမဲ့ သူ ဘာပြောလဲဆိုတာတော့ ရှိတယ်။ သူက မိန့်ခွန်းတခုထဲမှာ ထည့်ပြောတာက ငါ သမ္မတ ဖြစ်ခဲ့တုန်းက အစ္စရေးက Very safe သိပ်လုံခြုံတယ်။ အဲဒီလိုမျိုး ပြောခဲ့တယ်။ သူ သမ္မတ ဖြစ်လာရင် ဘယ်တော့မှ အတိုက်ခံရမှာ မဟုတ်ဘူးဆိုတာလည်း ပြောတယ်။ အဓိကအားဖြင့်က ဟားမက်စ်တို့ ဟာဇစ်ဘိုလာတို့က အီရန်က ထောက်ပံ့ထားတဲ့ အဖွဲ့တွေဆိုပြီးတော့ ပြောတယ်။ ဒေါ်နယ်ထရမ့်က သူသမ္မတ ဖြစ်ခဲ့တုန်းက အီရန်က သူ့ရဲ့ Proxy ဟားမက်စ်တို့ကို မထောက်ပံ့နိုင်အောင် လုပ်ခဲ့တယ်ဆိုပြီးတော့လည်း သူက ပြောတယ်။ မူဝါဒတော့ မထုတ်ပြန်ဘူး။ ဒါပေမဲ့ သူ့ရဲ့ အစ္စရေးဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဘူးတဲ့လူကတော့ ပြောတယ် - အစ္စရေးက နိုင်ရမယ်။ ဒီစစ်ပွဲကို ဘာဖြစ်တယ်ဆိုပြီးတော့ ထရမ့်ရဲ့အာဘော် ဟုတ်မဟုတ်တော့ မပြောတတ်ဘူး။ ဒီသတင်းကို ဖော်ပြတဲ့အခါမှာ အဲဒီသံအမတ်နဲ့ ထရမ့်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့ပုံကို ပြပြီးတော့ မီဒီယာတွေက အဲဒီဟာကို ရေးထားတာ တွေ့တယ်ဆိုတော့ မီဒီယာတွေက အဲဒီတွေးစရာဖြစ်အောင် ရေးနေသလားတော့ မပြောတတ်ဘူး။ ၂ ယောက်စလုံးကလည်း ဒီကိစ္စမှာလည်း အပြတ်အသတ်တော့ ပြောလို့မရဘူး။ မဲဆန္ဒရှင်တွေက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ ဒီမှာ အမေရိကန်ရွေးကောက်ပွဲ၊ နိုင်ငံခြားရေး မူဝါဒတို့ ကမ္ဘာ့လက်ရှိ အခင်းအကျင်းတွေကို ပြောမယ်ဆိုရင် တရုတ်ကိုလည်း မေ့ထားလို့ မရပါဘူး။ ဆိုတော့ အမေရိကန်နဲ့ တရုတ်ရဲ့ ဆက်ဆံရေးအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အမေရိကန်-တရုတ် ဆက်ဆံရေးက သမ္မတဘိုင်ဒန်အုပ်စုနဲ့ ထရမ့်အုပ်စုတို့က တရုတ်ကို အဓိကအားဖြင့် သူတို့ကို စိန်ခေါ်နေတဲ့ လူဆိုပြီးတော့ နှစ်ဘက်စလုံးက မြင်ပါတယ်။ ဒါပေမဲ့ သမ္မတဘိုင်ဒန်က ငါတို့က သူတို့ကို ပြိုင်ဘက်လို့ သဘောထားရမယ်။ စီးပွားရေးအားဖြင့် ငါတို့ကို ပြိုင်ဘက် ဖြစ်တယ်ဆိုပြီး အဲဒီလိုထားတယ်။ စီးပွားရေးအားဖြင့်လည်း ပူးပေါင်းတာတွေ ရှိတယ်။ စစ်ရေးအားဖြင့် ပြိုင်ဆိုင်မှုတွေကို ကန့်ကွက်တယ်၊ ဟန့်တားတယ်။ ထိုင်ဝမ် ဘာညာကိစ္စတွေမှာ။ ထရမ့်တို့အုပ်စုကတော့ ရီပတ်ဘလင်ကန် ၈၀-၉၀ ရာခိုင်နှုန်းလောက်က ဘယ်လိုမြင်သလဲဆိုတော့ အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှု Critical Threat - အဓိကခြိမ်းခြောက်မှုကြီးတရပ် ဖြစ်တယ်။ တရုတ်က အမေရိကန်အတွက်။ စီးပွားရေးပြိုင်ဘက်တင်မက ခြိမ်ခြောက်မှုအဖြစ် ထရမ့်တို့က မြင်တယ်။ ရီပတ်ဘလင်ကန် တော်တော်များများကလည်း အဲဒီလို မြင်ကြပါတယ်။ ထရမ့်ကတော့ ပြည်တွင်းမှာပဲ အဲဒါကို Protectionism ကုန်သွယ်ရေးမှာ။ နိုင်ငံခြားအခွန်တွေ သိပ်တိုးမြှင့်ပြီး အဆမတန်ကောက်တယ်။ သူတို့ပစ္စည်း မဝင်နိုင်အောင် လုပ်မယ်။ နောက်ပြီး ကုန်ထုတ်လုပ်ငန်းတွေကိုလည်း ပြည်တွင်းမှာပဲ လုပ်ခိုင်းမယ်။ ဆိုတော့ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပိုများပြီးတော့ ပိုဖြစ်မယ်ဆိုတဲ့ protectionist စီးပွားရေးကာကွယ်တဲ့ မူဝါဒနဲ့ လုပ်တယ်။ ဘိုင်ဒန်ကတော့ အဲဒီလောက် မဟုတ်ဘူး။ စီးပွားရေးအားဖြင့်တော့ ပူးပေါင်းဆောင်ရွက်မယ်၊ စစ်ရေး၊ မဟာဗျူဟာရေး ပြိုင်ဆိုင်မှုတွေကိုပဲ အဓိကထားကြမယ်ဆိုပြီး လုပ်ကြပါတယ်။ တရုတ်ကလည်း အဓိက လူတွေ စဉ်းစားကြမယ့် ပြဿနာတခု ဖြစ်ပါတယ်။ အဲဒါ အမှန်ပါပဲ။
မေး ။ ။ နောက်ဆုံးမေးချင်တာက အမေရိကန် ရွေးကောက်ပွဲက မြန်မာ့အရေးကိုကော ဘယ်လို ရိုတ်ခတ်လာနိုင်ပါသလဲ။
ဖြေ ။ ။ စဉ်းစားသင့်တဲ့ ကိစ္စပါပဲ။ မြန်မာ့အရေးကို မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ သမ္မတဘိုင်ဒန်လက်ထက်မှာ Congress ကတော့ Burma Act ကို ပြဌာန်းခဲ့တယ်။ ဒါပေမဲ့ သမ္မတဘိုင်ဒန်တို့က အတိအကျ ဒီဟာကို လိုက်နာပြီးတော့ အပြည့်အဝ အကောင်အထည် ဖော်ရခက်နေတယ်။ အကောင်အထည် မဖော်ဘူးဆိုပြီး ဝေဖန်ခံရတယ်။ သို့သော်လဲ ဆက်ဆံရေးမှာတော့ သမ္မတဘိုင်ဒန်လက်ထက်မှာ NUG တို့ဘာတို့ ဒီမှာ ရုံးဖွင့်ခွင့်ရတယ်။ ဆိုပြီးတော့ သူတို့လှုပ်ရှားမှုက ဒီမှာအခြေစိုက်ပြီးတော့ နိုင်ငံတကာလှုပ်ရှားမှုက ဒီမှာအခြေစိုက်ပြီး လုပ်နေတာတွေ တွေ့တယ်။ ဆိုတော့ ဒါကတပိုင်းပေါ့။ သမ္မတထရမ့်ကတော့ သိပ်စိတ်ဝင်စားတယ်။ သူတို့အကျိုးနဲ့ တိုက်ရိုက်မထိတွေ့ရင် ဂရုစိုက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ပါမောက္ခ စတိုင်းဘတ် ပြောတာကို သတိရမိတယ်။ ပထမတကြိမ် ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာတော့ အဲဒီအခါမှာ ရခိုင်ပြည်မှာ ပဋိပက္ခတွေ ဖြစ်နေတယ်။ အဲဒီတုန်းက သူ့ကိုမေးတော့ ဒီဒေါ်နယ်ထရမ့်က ရခိုင်ပြည် ဘယ်မှာရှိမှန်းတော့ သိမယ်လို့ ငါ မထင်ဘူးလို့ ပြောခဲ့တယ်။ အဲဒါ ဖြစ်နိုင်တယ်။ ဒေါ်နယ်ထရမ့်က ဘာမှသိပ်စိတ်မဝင်စားဘူး။ မြန်မာနိုင်ငံကိစ္စဟာ သိပ်အရေးကြီးတဲ့၊ အမေရိကန် အကျိုးစီးပွားကို တိုက်ရိုက်ထိတွေ့လာပြီ၊ ပတ်သက်လာပြီ ဘာညာဆိုရင်တော့ သူက တခုခု ဝင်လုပ်ပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ သူက သိပ်ပြီးတော့ ဂရုတစိုက် လုပ်မှာမဟုတ်ပါဘူး။ သို့သော်လဲ သူတို့ပါတီထဲမှာ Mitch McConnell တို့လို အရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတယ်။ နိုင်ငံရေးအားဖြင့် ဆီနိတ်မှာဆိုတော့။ သူတို့ကတော့ ဆက်လက်ပြီးတော့ ကြိုးစားမှာပဲ။ အစိုးရအနေနဲ့တော့ သမ္မတဘိုင်ဒန်လက်ထက်မှာလောက်တောင်မှ အရေးတယူ လုပ်ပါ့မလားဆိုတာတော့ စဉ်းစားစရာပါ။
မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာရှင်။