ဆီးရီးယား ရှေ့ရေး နှင့် ရိုက်ခတ်နိုင်ခြေ

မမြသဇင်အောင်နဲ့ အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၄)

ဆီးရီးယားအာဏာရှင် Bashar al-Asad ထွက်ပြေးသွားရတဲ့အတွက် ကမ္ဘာတလွှား အာဏာရှင်အုပ်စိုးမှုကို ဆန့်ကျင်တိုက်ခိုက်နေသူတွေသာမက ငြိမ်းချမ်းရေး လိုလားသူအားလုံးက စိတ်အားတက်ကြွနေကြပါတယ်။ တချိန်တည်းမှာပဲ လစ်လပ်သွားတဲ့ ဆီးရီးယားပြည်တွင်း အင်အားဟာကွက်ကို ဘယ်လိုဖြည့်ပြီး၊ အရှေ့အလယ်ပိုင်း‌ဒေသတွင်း အင်အားချိန်ခွင်ရှာ ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံဿ။ ဆီးရီးယားမှာ သမတအာဆက်ရဲ့ အုပ်ချုပ်ရေးက ရုတ်တရက်ကို ဒီလိုမထင်မှတ်ထားဘဲနဲ့ ဒီလောက်မြန်မြန်ပြုတ်ကျသွားတဲ့ အခြေအနေကို အကျဉ်းရုံးပြောပြပေးပါ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာ မမြသဇင်။ တကယ်တော့ ပြုတ်ကျဖို့ဆိုတာကတော့ လူတိုင်းက မျှော်လင့်နေခဲ့တာ ကြာပါပြီ။ နှစ်ပေါင်း ၅၀ ကျော် - သူ့အဖေ စပြီးအုပ်ချုပ်တဲ့ အချိန်ကစလို့။ ဒါပေမဲ့ သူတို့ မပြုတ်ကျနိုင်တာကနေ အခုအချိန်မှာတော့ လောလောဆယ် မမျှော်လင့်တဲ့အချိန်မှာ ဝုန်းကနဲ့ ပြုတ်ကျသွားတဲ့ အကြောင်းရင်းကတော့ အဓိကတော့ လူထုမထောက်ခံ၊ လူထုမုန်းတီးမှုတွေပါပဲ။ တဖြည်းဖြည်းပိုမိုကြီးထွားလာခဲ့ပြီး ဘယ်လိုမှ လက်မခံနိုင်တော့ဘူး။ သူဟာ သူ့ရဲ့စစ်တပ်ကိုပဲ အားကိုးပြီး တိုက်နေခဲ့တာ အခုအခါမှာ စစ်တပ်တောင်မှ လက်နက်အင်အားအပြည့်ရှိရဲ့သားနဲ့ တိုက်ချင်စိတ် မရှိကြတော့ဘူး။ အဲဒီဟာကိုပဲ အာဆက်က သိလာတယ်။ သူပုန်တပ်ပေါင်းစုတွေကလည်း တမြို့ပြီးတမြို့သိမ်းပြီး၊ မြို့တော်အထိ သိမ်းလာတဲ့အခါမှာ သူနေလို့မရတော့လို့ ထွက်ပြေးသွားတယ်လို့ပဲ ပြောရမှာပါ။ လောလောဆယ်မှာ အရှိန်မြန်လာတဲ့ ကိစ္စကတော့ အာဆက်အစိုးရကို အဓိကကျောထောက်နောက်ခံပြုနေတဲ့ ရုရှားကလည်း ထိထိရောက်ရောက် မကူညီနိုင်တော့တဲ့ အခြေအနေလို့ ပြောရမှာပါ။ သူကလည်း ယူကရိန်းနဲ့ သိပ်ပြီးအလုပ်ရှုပ်နေတဲ့ကာလ ဖြစ်နေပြီး၊ အဲဒီအပြင် ဟက်ဇီဘိုလာတွေနဲ့ အစ္စရေးနဲ့ ပဋိပက္ခ ဖြစ်လာတော့ ဟက်ဇီဘိုလာကို ထောက်ခံနေတဲ့ ဆီးရီးယားဌာနတွေကိုလည်း အစ္စရေးက ဝင်တိုက်ဗုံးကျဲတာတွေ ရှိခဲ့တယ်ဆိုတော့ အာဆက်အစိုးရအဖို့ တော်တော်လေး ရပ်တည်ဖို့ ခက်ခဲလာတယ်။ အဲဒီအတွက် ပြုတ်ကျသွားတယ်လို ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ လောလောဆယ်မှာ လစ်ဟာသွားတဲ့ အင်အားဟာကွက်ကို ဖြည့်ဖို့က လွယ်ပါ့မလား။ တည်ငြိမ်တဲ့အခြေအနေကို ဖြစ်ဖို့အတွက် လွယ်ပါ့မလား။

ဖြေ ။ ။ အဲ့ဒါက အခက်ဆုံးပါပဲ။ အဲ့ဒါကို လူတိုင်းစိုးရိမ်ကြပါတယ်။ ပြည်သူလူထုအားလုံးကတော့ အပျော်လွန်နေတဲ့ အချိန်ပေါ့။ ဒါပေမဲ့ ဒီဟာကို တည်ငြိမ်အောင် ဘယ်လို ထိန်းမလဲဆိုတာ အရေးကြီးတယ်။ လောလောဆယ်မှာ‌တော့ တော်လှန်ရေးအဖွဲ့ကို ဦးဆောင်တဲ့ HTS အဖွဲ့က ငါတို့ဟာ အာဏာရှင်ကို ဖြုတ်ချလို့ပြီးပြီ။ ပြည်သူလူထုကို ကာကွယ်ဖို့ ငါတို့တာဝန်ဖြစ်တယ်။ အဲ့ဒါကြောင့် အကာအကွယ်ပေးတယ်ဆိုပြီးတော့ လူထုအဆောက်အအုံ Public Building အချို့ကို သူတို့ အကာအကွယ်ပေးတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဥပဒေမဲ့ လုယက်မှုတွေကတော့ ဒီတိုင်း ရှိနေဆဲပါ။ ဘယ်သူမှ မဟန့်တာဘဲနဲ့ သူတို့ ကြိုက်တဲ့ဟာကို ဖြုတ်ယူနေကြတာတွေ အများကြီး ရှိနေတယ်လို့ သတင်းတွေမှာ ထွက်နေပါတယ်။ ဒီဟာကို ဖြည့်ဖို့အတွက်ကတော့ ပြည်တွင်းမှာ အင်အားစုတွေ ညီညွတ်ပြီးတော့ ဖွဲ့စည်းနိုင်ဖို့ အရေးကြီးပါတယ်။ အခုလောလောဆယ် ခေါင်းဆောင်နေတဲ့ HTS အဖွဲ့ဟာ တချိန်တုန်းက Al-Qaeda အစွန်းရောက်အဖွဲ့ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် ကုလသမ္မဂကတောင်မှ ဒီအဖွဲ့ခေါင်းဆောင်ကို အကြမ်းဖက်သမား၊ အကြမ်းဖက်အဖွဲ့ဆိုပြီး စွပ်စွဲနေကြတာ ဖြစ်ပါတယ်။ အမေရိကန်တို့လည်း စွပ်စွဲထားတယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းကတော့ တိုက်ပွဲပြင်းထန်လာတဲ့နောက်ပိုင်း လွန်ခဲ့တဲ့နှစ် တော်တော်အကြာကပဲ အစွန်းရောက်အဖွဲ့တွေနဲ့ အဆက်ဖြတ်ပြီးတော့ ပိုပြီးတော့ သမာသမတ် နေလာတာကို တွေ့ရလို့ လူတွေက ထောက်ခံလာကြပါတယ်။ ဒါကြောင့်လည်း သူထောက်ခံမှု ပိုရလာတာ ဖြစ်ပါတယ်။ အခုအဖွဲ့ဝင်ထဲမှာတော့ အများကြီး တော်လှန်ရေးညွန့်ပေါင်းအဖွဲ့ထဲမှာ ပါဝင်လာကြတယ်။ ဒါပေမဲ့ ကွဲပြားတဲ့အဖွဲ့တွေက အများကြီး။ ဆီးရီးယားနိုင်ငံမှာ အဓိကတော့ မွတ်စလင်ဘာသာဝင်တွေ၊ ခရစ္စယာန်တွေလည်း ရှိတယ်။ မွတ်စလင်တွေထဲမှာမှ လူအများစုကတော့ Sunni တွေ ဖြစ်တယ်။

အုပ်စိုးသွားတဲ့ အာဆတ်တို့ မိသားစုတွေကတော့ Alawite မွတ်စလင်အုပ်စုဝင်တွေ ဖြစ်တယ်။ နောက်ပြီးတော့ Kurds အနွယ်ဝင်တွေလည်းရှိတယ်။ အဲ့ Kurts တွေရဲ့ အဖွဲ့တခုကိုတော့ ဒီမိုကရေစီ ဘာညာဆိုပြီး ခေါင်စဉ်တပ်ပြီး အဲ့ဒါကို အမေရိကန်က ကျောထောက်နောက်ခံ ပြုတယ်လို့ ထင်ပါတယ်။ လောလောဆယ် ပုန်ကန်လိုက်တဲ့ တော်လှန်ရေးအဖွဲ့ကိုတော့ တူရကီအစိုးရနဲ့ ဆက်နွယ်တဲ့အဖွဲ့က ကြားခံပေးတယ်လို့ ထင်ပါတယ်။ အဲဒီလို အပြိုင်အဆိုင်တွေ ရှိနေတဲ့အတွက်ကြောင့် နောက်ကွယ်က တွန်းအားပေးတဲ့ နိုင်ငံတွေကလည်း ညီညွတ်အောင် တည်ငြိမ်တဲ့ ဆီးရီးယားနိုင်ငံတော် လိုချင်တယ်ဆိုရင် ပြည်တွင်းမှာ တည်ငြိမ်တဲ့အစိုးရ ပေါ်ထွက်အောင် ဝိုင်းဝန်းပြီး အားပေးကြနိုင်ရင်ဖွယ် ရှိပါတယ်။ အဲဒီလို လုပ်ကြမယ်ဆိုရင်တော့ တည်ငြိမ်တဲ့အစိုးရ ဖြစ်ထွန်းလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ လူထုတွေကလည်း စိတ်ဝမ်းကွဲနေလို့ မညီမညွတ်လို့ ငါတို့ခံခဲ့ရတယ်ဆိုတဲ့ သင်ခန်းစာရပြီးတော့ ပေါင်းစည်းညီညွတ်ရေးကို လိုလားကြလိမ့်မယ်လို့တော့ အကောင်းမြင်ပြီး မျှော်လင့်ရပါတယ်။

မေး ။ ။ အဲဒီတော့ ဒီအုပ်စုတွေမှာ မတူညီတဲ့ ဘာသာခွဲတွေ အများကြီးရှိတော့ ညီညွတ်ဖို့ လွယ်ပါ့မလား။

ဖြေ ။ ။ အဓိက စောစောက အဲ့ဒါပြောတာပေါ့။ ဒီဟာကို ညီညွတ်အောင်ညှိရမှာပဲ။ သူတို့ကတော့ အတတ်နိုင်ဆုံး ကြိုးစားလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ မညီညွတ်နိုင်စရာ အကြောင်းကတော့ သိပ်ပြီးတော့ မရှိတော့ဘူးလို့ ထင်ပါတယ်။ အချင်းချင်း သူတို့အာဏာခွဲဝေတဲ့ကိစ္စမှာ အပြိုင်အဆိုင် ဖြစ်လာရင် ဘယ်လို ခွဲဝေကြမလဲ။ အဲ့ဒါက အရေးကြီးဆုံးပါ။ တော်လှန်ရေးနဲ့ အစိုးရတခု ဖြုတ်ချရာမှာ အင်အားဟာ Power vacuum ဖြစ်လာရင်၊ တည်ငြိမ်တဲ့အစိုးရ အစားထိုးနိုင်ဖို့ဆိုတာ သိပ်အရေးကြီးပါတယ်။ ဆီးရီးယားတွေတင်မကဘူး၊ ကမ္ဘာမှာလည်း အမြဲတမ်းကြုံခဲ့ရတာ ဖြစ်ပါတယ်။ လစ်ဗျာမှာ ဒီလိုပဲ ဖြစ်ခဲ့တယ်။ နောက်ပြီးတော့ အာဏာရှင်စနစ် ပြုတ်ကျသွားတော့ ဆာဒန်ဟူစိန်ရဲ့ ဖြစ်ခဲ့တယ်။ ဆိုတော့ ဒီနိုင်ငံမှာလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာက‌တော့ ယတိပြတ် ပြောလို့မရဘူး။ အခုနက ပြောခဲ့သလို မျှော်လင့်နိုင်တယ်ဆိုတဲ့အခြေအနေ ရှိပါတယ်။

မေး ။ ။ ဒေသတွင်း ရိုက်ခတ်မှုကပါ နောက်ပြီးတော့ အ‌ရှေ့အလယ်ပိုင်းက အမေရိကန်အတွက်ဆိုရင် မဟာဗျူဟာအရ အရေးပါတဲ့နေရာတခု ဖြစ်တယ်။ အမေရိကန်အပါအဝင် အခြားအင်အားကြီးတွေရဲ့ ယှဥ်ပြိုင်မှုက ဘယ်လိုဖြစ်နိုင်လဲ။

ဖြေ ။ ။ အရှေ့အလယ်ပိုင်းဟာ အမေရိကန်အတွက်သာမက ကမ္ဘာ့အလယ်ပိုင်းဒေသတွေ အားလုံးအတွက် အရေးပါပါတယ်။ အရှေ့အလယ်ပိုင်း Middle East ဆိုတဲ့ဒေသဟာ ဥရောပ၊ အာရှ၊ အာဖရိက အဓိကတိုက်ကြီးကို သုံးတိုက်ကို ဆက်ထားတဲ့ အလယ်ဗဟို ဖြစ်ပါတယ်။ သမိုင်းအစဥ်အဆက်မှာ ဒီနေရာဟာ အင်အားတွေလုပြီးတော့ အပြိုင်အဆိုင်တွေများပြီးတော့ စစ်ပွဲတွေဖြစ်ခဲ့တာ မကြာခဏပါပဲ။ အဲဒါအပြင် အဓိက လောင်စာဖြစ်တဲ့ ရေနံတို့ဘာတို့ ထွက်လာတယ်။ နောက်ပိုင်းမှာတော့ ဒီဒေသဟာ ကမ္ဘာမှာ အရေးကြီးဆုံးဒေသ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်အတွက် အရေးပါသလို ကျန်တဲ့နိုင်ငံတိုင်းအတွက်လည်း အရေးပါပါတယ်။ ရုရှားအတွက်လည်း အရေးပါလို့ ရုရှားက ဒီဟာကို ဆီးရီးယားကနေ ခြေကုတ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်။ အခုအခါမှာတော့ ရုရှားက ဝင်မစွက်နိုင်တော့ဘူးဆိုတော့ ဒေသတွင်းမှာ အမေရိကန်နဲ့ သူတို့အပေါင်းအပါတွေက လောလောဆယ် အခြေအနေကောင်းမယ့် သဘောမှာ ရှိတယ်။ သို့ပေမဲ့လည်း အဓိက စိုးရိမ်နေရတဲ့ကိစ္စတခုကတော့ အစ္စရေးနိုင်ငံ ဖြစ်တယ်။ ဒေသတွင်းမှာ အစ္စရေးဟာ ဆီးရီးယားမှာ အာဆတ်အစိုးရ ပြုတ်ကျသွားပေမယ့် တက်လာတဲ့ မွတ်စလင်တွေကလည်းပဲ အစ္စရေးရဲ့ရန်သူ ဖြစ်နိုင်တယ်။ အစ္စရေးကို မလိုလာတဲ့အုပ်စုတွေ ဖြစ်နိုင်တယ်ဆိုတာကို သူတို့က သိပ်ပြီးတော့ စိုးရိမ်တယ်။ အဲ့ဒါကြောင့် ဆီးရီးယားမှာရှိတဲ့ အဆင့်မြင့် လက်နက်ယန္တရားစက်တွေကို ဖျက်မယ်ဆိုပြီး အစ္စရေးက မကြာသေးခင်က ထပ်ကြေညာသေးတယ်။ နောက်ပြီးတော့ အာဆတ် ပြုတ်ကျသွားပြီးတဲ့ နောက်မှာလည်း Chemical စက်ရုံတခုကို သွားပြီးတော့ ဖျက်လိုက်တယ်။ ဒါတွေဟာ အခု တက်လာတဲ့ သူပုန်ပေါ့လေ - ဒီဘက်အခေါ်ကတော့ တော်လှန်ရေးအင်အားစုတွေ - သူတို့လက်ထဲကို ဒီဟာတွေ ကျရောက်သွားရင် အစ္စရေးအတွက် သိပ်အန္တရာယ် ရှိလာနိုင်တယ်လို့ တွက်တယ်။ ဆို‌တော့ နောက်တခုက ဒီမှာ ခြေကုတ်ယူတာ အီရန်။ အီရန်ကလည်း သူတို့ရဲ့ ပြည်တွင်းမှာ အဓိက ခြေကုတ်ယူထားတယ်။ အီရန်က အဲဒီဘက်မှာ သူတို့အုပ်စုတွေက သိပ်ပြီးတော့ ခြေကုတ်ယူထားလို့ မရနိုင်တော့ဘူးဆိုရင် ဟူသီသူပုန်တွေ ရှိတယ်။ အဲဒီကနေပြီးတော့ ဟူသီသူပုန်တွေကနေတဆင့် အ‌ရှေ့အလယ်ပိုင်းမှာ သူတို့ဆက်ပြီးတော့ ခြေကုတ်ယူလာနိုင်တယ်။ အမေရိကန်ကိုလည်း ဟူသီတွေက တိုက်နေကြတာပါပဲ။ ယတိပြတ်ပြောလို့ မရသေးဘူး။ လောလောဆယ်မှာတော့ ဒေသတွင်းမှာ ပြိုင်ဆိုင်မှုမှာ ရုရှား မရှိတော့တဲ့အတွက် နည်းနည်းအရေးနိမ့်သွားမယ်။ သို့ပေမဲ့ တကယ်တမ်း လုံးဝချုပ်ငြိမ်းသွားမယ်လို့ မျှော်လင့်လို့ မရသေးဘူးလို့ ထင်ပါတယ်။

မေး ။ ။ ဒီတော့ ဆီးရီးယားရဲ့ အနာဂတ်အလားအလာက ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ ဆီးရီးယား အနာဂတ်အလားအလာကတော့ မှုန်ဝါးဝါးပါပဲ။ တကယ်တော့ ပြောဖို့သိပ်ခက်ခဲတယ်။ နိုင်ငံရေးမှာ ဖြစ်လာမယ့် အနာဂတ်ကို ကြိုခန့်မှန်းရတာ သိပ်ခဲယဉ်းတယ်ဆိုတာ ပညာရှင်တွေက ဂရိစကားပုံကို ကိုးကားပြီး‌တော့ပြောတာ ကြားဖူးတယ်။ “အတိတ်ဆိုတာက မြင်ရတယ်။ အတိတ်ဆိုတာ ငါတို့ရှေ့မှာ ဖြစ်သွားတာ။ အနာဂတ်ဆိုတာ ငါတို့ မမြင်ရဘူး။ အတိတ်ဆိုတာ ငါတို့နောက်မှာ ဖြစ်သွားတာကြောင့် ငါတို့မြင်ရတယ်။ အနာဂတ်ဆိုတာ ရှေ့မှာ ဖြစ်လာမှာဆိုတော့ ငါတို့ ကြိုတင်ခန့်မှန်းတာပဲ ရှိတယ်။ ယတိပြတ် ပြောလို့မရဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဆီးရီးယားနိုင်ငံရဲ့ ပထဝီအနေအထားအရ အချက်အခြာကျတဲ့နေရာ ဖြစ်တယ်။ သမိုင်းအစဥ်အဆက်ကလည်း သူတို့ဟာ ယဥ်ကျေးမှု ထွန်းကားခဲ့တဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့်မို့ ဒီဒေသဟာ ပြန်ပြီးတော့ တည်ငြိမ်လာနိုင်တဲ့ ဒေသဖြစ်ပါစေလို့ပဲ လူတွေက မျှော်လင့်ကြပါတယ်။ သို့သော်လည်းပဲ စောစောကပြောခဲ့သလို အခက်အခဲတွေ ပြဿနာပေါင်း သောင်းခြောက်ထောင် အုပ်စုကွဲတွေ။ ဒီဟာကို ပြေပြေလည်လည်ဖြစ်အောင် မြင်နိုင်ဖို့ဆိုတာကတော့ အများကြီး အချိန်ယူပြီးတော့ စိတ်ရှည်ရှည်နဲ့ ကြိုးစားရမယ့်ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ကိုယ့်နိုင်ငံအကျိုးစီးပွားတခုပဲကြည့်ပြီး ဝင်မစွက်ကြဘဲ ဒေသတည်ငြိမ်ရေးကိုပါ အဓိကထားပြီး လုပ်ရမယ့်သဘော ဖြစ်တယ်လို့ ထင်ပါတယ်။

မေး ။ ။ မေးချင်တာ တစ်ခု ရှိပါတယ်။ အခု ဆီးရီးယားရဲ့ အခြေအနေကို မြန်မာနိုင်ငံအခြေအနေနဲ့ ဘယ်လိုနှိုင်းယှဉ်သုံးသပ်ပါသလဲ။

ဖြေ ။ ။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ မြန်မာပြည်သူတွေ တော်တော်များများ ဝမ်းသာအားရ ဖြစ်ကြတယ်။ ကျနော်တို့ ပရိသတ်တွေ ရေးကြတာ - ဆီးရီးယားမှာ အာဆက်ပြုတ်ကျသွားပြီးနောက် နောက်ထပ်ပြုတ်ကျမယ့်လူက ဘယ်သူလဲ။ ဘာညာဆိုပြီး ပေါ်ပေါ်ထင်ထင် ရေးနေကြပါတယ်။ အဲဒါကော ဖြစ်မလာနိုင်ဘူးလားဆိုတော့ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုပုံစံမျိုးပဲ ကမ္ဘာပေါ်မှာ အာဏာရှင်အစိုးရတွေ - ကဒါဖီ၊ ဆဒန်ဟူစိန်တို့ ဒီလိုပြုတ်ကျသွားခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းတယ်။ အာဏာသိမ်းပေမဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုပါ။ သူက အောင်မြင်တယ်ဆိုတာကို ပြသဖို့ Legitimacy ရဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်။ ဒါပေမဲ့ မရသေးပါဘူး။ အခုလောလောဆယ်မှာ တရုတ်က သူတို့အကျိုးစီးပွား ဆုံးရှုံးမှာမို့လို့ ကျားကန်ပေးထားတဲ့သဘောသာ ရှိပါတယ်။ ဒါလဲ တရားဝင် Legitimacy ရတယ်လို့ မပြောနိုင်ပါဘူး။ နိုင်ငံတခုမှာ အာဏာသိမ်းတာဖြစ်ပြီးတဲ့နောက်မှာ လူတွေက အစဉ်အလာအရ ပညာရှင်တွေ သတ်မှတ်ထားတာက တစ်ပတ် ဆယ်ရက်လောက်ပဲအတွင်းမှာပဲ တိုင်းပြည်ကိုငြိမ်အောင် ပြန်ထိန်းနိုင်သလား။ အဲဒီလို ငြိမ်အောင်ပြန်ထိန်းနိုင်တယ်ဆိုရင်တော့ Successful coup ပေါ့။ အောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်တယ်။ အဲဒီလို မထိန်းနိုင်ဘဲနဲ့ ဖြစ်နေရင်တော့ အာဏာသိမ်းမှုက မအောင်မြင်ဘူး။ မြန်မာနိုင်ငံမှာ သုံးနှစ်ကျော် လေးနှစ်ထဲ ရောက်လာပြီး ဘယ်လိုမှ အောင်မြင်တယ်လို့ ပြောလို့မရပါဘူး။ လူထုရဲ့ မကျေနပ်မှုကလည်း ပိုများလာမယ်။ ဆိုတော့ ဆီးရီးယားလိုမှာပဲ တော်လှန်နေတဲ့ အင်အားစုတွေကလည်း တဖြည်းဖြည်းပိုမိုစုစည်းပြီးတော့ အင်အားကောင်းလာတာကို တွေ့ရတယ်။ ဒါပေမဲ့ တခုက ရုရှားက လက်နက်ပေးတာရယ်၊ တရုတ် ကျားကန်ပေးထားသလို ဖြစ်နေတယ်။ ဒီဘက်မှာတော့ နိုင်ငံတကာ ထောက်ခံမှု သိပ်မရှိဘူး။ အဲဒီအတွက်ကြောင့် လောလောဆယ် ဖြစ်လာမယ်လို့တော့ လူတွေက သိပ်မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ဖြစ်ပါ့မလားဆိုတာကတော့ ဖြေရခက်တဲ့ မေးခွန်းလိုပဲ ပြောရလိမ့်မယ်။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။