အင်ဒိုနီးရှား နမူနာနဲ့ မြန်မာ့အခြေအနေ

Your browser doesn’t support HTML5

အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ကြီးစိုးမှုကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ ပုံစံမျိုး မြန်မာနိုင်ငံမှာ ဘာကြောင့် မဖြစ်လာခဲ့သလဲဆိုတာကို မမြသဇင်အောင်က ဦးကျော်ဇံသာအား မေးမြန်းတင်ဆက်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ကြီးစိုးမှုကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ ပုံစံမျိုး မြန်မာနိုင်ငံမှာ ဘာကြောင့် မဖြစ်လာခဲ့သလဲဆိုတာကို မမြသဇင်အောင်က ဦးကျော်ဇံသာအား မေးမြန်းတင်ဆက်ထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အင်ဒိုနီးရှားမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းတာ - စစ်တပ်က နောက်ဆုတ်သွားပြီးတော့ အောင်အောင်မြင်မြင် အသွင်ကူးပြောင်းနိုင်ခဲ့ပါတယ်။ မြန်မာမှာလည်း ဒီလိုဖြစ်မယ်လိို့ သုံးသပ်သူတွေက မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဖြစ်မလာပါဘူး။ အဲဒီတော့ ဘာကြောင့် ဖြစ်မလာလဲဆိုတာကို အရင်ဆွေးနွေးတာထက်၊ ဘာကြောင့် ဘယ်လို တူညီတဲ့အချက်တွေရှိလို့ ဒီလိုမျှော်လင့်ကြတာလဲ။

ဖြေ ။ ။ မင်္ဂလာပါ မမြသဇင်။ တူညီတဲ့အချက်တွေက သမိုင်းနောက်ခံချင်း တူညီပါတယ်။ သူတို့နှစ်ခုစလုံးက လွတ်လပ်ရေးအတွက် - အင်ဒိုနီးရှားက ဒတ်ချ်ကိုလိုနီ ဖြစ်ခဲ့တယ်။ Dutch-East India Company ကနေ ဒတ်ချ်အစိုးရလက်အောက် ရောက်ခဲ့တယ်။ မြန်မာကလည်း အိန္ဒိယအရှေ့ကုမ္ပဏီ သိမ်းပြီးတော့ အင်္ဂလိပ်အစိုးရလက်အောက် ရောက်ခဲ့တယ်။ နောက် နှစ်နိုင်ငံလုံးက ကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့တယ်။ တိုက်ပွဲဝင်တဲ့နေရာမှာ စစ်တပ်က အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာလည်း တူညီတယ်။ နောက်ပြီးတော့ လွတ်လပ်ရေးရပြီးနောက် နှစ်နိုင်ငံလုံးမှာ ဒီမိုကရေစီလမ်းကို ချမှတ်ခဲ့ပေမဲ့ ဒီမိုကရေစီ ကျရှုံးပြီးတော့ စစ်တပ် တက်လာခဲ့တယ်။ ဆိုတော့ အဲဒါတွေ တူပါတယ်။ အဲဒီလို စစ်တပ် တက်လာတဲ့နေရာကနေ စစ်တပ်က တဖြည်းဖြည်း နောက်ဆုတ်သွားပြီးတော့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်တက်လာနိုင်တယ်ဆိုတော့ ဒီနေ့ တွေ့ရတဲ့အတိုင်းပါပဲ။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ဖြစ်ခဲ့ဖို့ သင့်တယ်ဆိုပြီးတော့ လူတော်တော်များများက တွေးခဲ့ကြပါတယ်။ အဲဒါကြောင့် ဖြစ်သင့်တယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

မေး ။ ။ ဒါပေမဲ့ မြန်မာစစ်တပ်ကလည်း အင်ဒိုနီးရှားကို နမူနာယူဖို့ လုပ်ခဲ့တယ်လို့လည်း ကြားဖူးပါတယ်။ ဘာကြောင့် မအောင်မြင်ခဲ့တာပါလဲ။

ဖြေ ။ ။ နမူနာယူဖို့ လုပ်ခဲ့ပါတယ်။ ၁၉၉၃ မှာ အဲဒီတုန်းက နဝတရဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးခင်ညွှန့်က အင်ဒိုနီးရှားကို သွားပြီးတော့ လေ့လာခဲ့ပါတယ်။ ၁၉၉၃ အခြေအနေဟာ အင်ဒိုနီးရှားမှာ ကြည့်မယ်ဆိုရင် ဆူဟာတိုအစိုးရလက်ထက်မှာ သိပ်ပြီးတော့ အောင်မြင်ထွန်းကားနေတဲ့ စီးပွားရေးအားဖြင့်လည်း အင်မတန် အဆင်ပြေနေတဲ့ကာလ ဖြစ်ပါတယ်။ လူမှုဖွံ့ဖြိုးမှုတွေ အများကြီးရှိနေတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လုံးဝပစ်ပယ်ပြီးတော့ ချိုးနှိမ်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နဝတ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမယ်။ ပြန်ပြီးတော့ ရွေးကောက်ပွဲလုပ်မယ်ပြောတော့ အဲဒီအတွက် ၁၉၉၃ မှာပဲ ညောင်နှစ်ပင်ညီလာခံကို စခဲ့တဲ့ဆိုတော့ အဲဒီနှစ်မှာပဲ အင်ဒိုနီးရှားကို ဗိုလ်ချုပ်ခင်ညွှန့်က သွားရောက်လေ့လာတာ ဖြစ်ပါတယ်။ အဲဒီလိုလေ့လာတဲ့အခါမှာတော့ အင်ဒိုနီးရှားအတိုင်း ယူခဲ့သလားဆိုတော့ အင်ဒိုနီးရှားမှာက ဆူဟာတိုအစိုးရ တက်လာပြီးတော့ ဂိုခါ (Golkar) ပါတီ ထောင်ထားတယ်။

မြန်မာနိုင်ငံမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဖွဲ့စည်းခဲ့တယ်။ ဂိုခါနဲ့ ကွာတာကတော့ အင်ဒိုနီးရှားပါတီက သူတို့တပါတီတည်း မဟုတ်ဘဲနဲ့ အခြားအတိုက်အခံပါတီ နှစ်ခုကိုလည်း ရှင်သန်အောင် အစိုးရက အားပေးတာတွေ ရှိတယ်။ မြန်မာနိုင်ငံမှာတော့ လုံးဝအားမပေးခဲ့ဘဲနဲ့ သူတို့တပါတီတည်း အဓိကလုပ်လာခဲ့တယ်ဆိုတော့ အဲဒီနေရာမှာ ကွဲလွဲတယ်။ အဲဒါလည်း ဘာကြောင့်လဲဆိုတော့ အင်ဒိုနီးရှားမှာ ဆူဟာတိုလက်ထက်က သိပ်ပြီးတော့ စီးပွားရေး တိုးတက်တယ်။ ၁၉၇၀ မှာဆိုရင် အာရှကျားဆိုတဲ့ စာရင်းမှာတောင် အင်ဒိုနီးရှား ပါလောက်အောင် အပြောခံ သတ်မှတ်ခံခဲ့ရတဲ့ နိုင်ငံ ဖြစ်ခဲ့တယ်။ ဆိုတော့ ဒီအချိန်မှာ သွားလေ့လာတယ်။ သို့ပေမဲ့ ညောင်နှစ်ပင်ညီလာခံ ကျင်းပနေတုန်းမှာပဲ ၁၉၉၈ မှာ အင်ဒိုနီးရှားမှာ လူထုက မကျေနပ်ဖြစ်ပြီး ဆူပူပုန်ကန်မှု ဖြစ်ခဲ့တယ်။ အဲဒီလို စီးပွားရေးကျဆင်း ဖြစ်ပြီးတော့ ဆူဟာတို ပြုတ်သွားတော့ မြန်မာစစ်တပ်က အဲဒါကို သင်ခန်းစာ ယူတယ်ထင်တယ်။ ငါတို့လည်းပဲ ဒီအတိုင်း သီးခြားဆက်လုပ်ရင်တော့ ဒီလမ်းကို ရောက်မယ်ဆိုပြီးတော့များ လမ်းကြောင်းပြောင်းသလားလို့ ကျနော် စဉ်းစားမိတာပေါ့။

မေး ။ ။ အဲဒီတော့ ဒီနေရာမှာ ဆူဟာတို ပြုတ်ကျရတဲ့အကြောင်းကို နည်းနည်းလေး ပြောပြပေးပါအုံး။

ဖြေ ။ ။ ဆူဟာတိုက စောစောကပြောသလို သိပ်အောင်မြင်ခဲ့တယ်။ နောက်ပြီးတော့ စစ်တပ်ဟာ လုံးဝနိုင်ငံရေးထဲမှာ အပြည့်အဝ အာဏာယူမထားဘဲနဲ့ အရပ်သားတွေနဲ့ တွဲပြီးတော့ လုပ်လာတယ်။ စီးပွားရေး ဖွံ့ဖြိုးတယ်ဆိုပေမဲ့ ၁၉၉၇ မှာ အာရှ စီးပွားရေး အကျပ်အတည်း - Asia Financial Crisis ဖြစ်ခဲ့တယ်။ အဲဒီမှာ အင်ဒိုနီးရှားလည်း အထိနာတယ်။ အခြားအာရှနိုင်ငံတွေလည်း အများကြီး အထိနာတာပါပဲ။ အဲဒီထဲမှာ ဆူဟာတိုရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒကို လူတွေက မကြိုက်ဘူး။ အဲဒါကိုလည်း အပြစ်တင်ကြတယ်။ နောက်တခုက လူဆိုတာ အာဏာမှာ နှစ်ပေါင်းများစွာ တည်မြဲလာတော့ ပိုပြီးအာဏာရှင်ဆန်လာတယ်။ ပိုပြီး authoritarian ဖြစ်လာတယ်လို့ ဝေဖန်ခံလာရပါတယ်။ ပိုပြီးကြီးစိုးမှုတွေ လုပ်လာတယ်။ ၁၉၉၇ ခုနှစ် မတိုင်ခင် လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း အကုန်လုံး သူ့စိတ်တိုင်းကျတွေကို ထည့်ခဲ့တယ်ဆိုပြီး ဝေဖန်ခံရတယ်။ နောက်ပြီးတော့ စီးပွားရေး ကျဆင်းလာတယ်။ ပြည်သူတွေကလည်း ဒီမိုကရေစီကလည်း အင်အားကောင်းလာပြီး Civil Society က အင်အားကောင်းလာပြီး၊ Middle Class အင်အားကောင်းလာပြီး သူတို့ကလည်း မကြိုက်ကြတော့ဘူး။ အပြောင်းအလဲကို လိုချင်ကြတယ်။ အဲဒါကြောင့် ဆူဟာတိုကို ဖြုတ်ချတာ ဖြစ်ပါတယ်။ ဆူဟာတိုကလည်း သိပ်ပြင်းပြင်းထန်ထန် မခံဘဲနဲ့ နောက်ဆုတ်သွားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အင်ဒိုနီးရှားနဲ့ မြန်မာနဲ့ နိုင်ငံရေးအခြေအနေအရ တူတာတွေ ရှိတယ်လို့ ပြောလို့ရပါတယ်။ စစ်တပ်ချင်းကော ဘယ်လိုတူတာတွေ ရှိပါသလဲ။

ဖြေ ။ ။ စစ်တပ်ဆိုတာကတော့ စစ်တပ်ရဲ့ သဘောသဘာဝက လက်နက်ကို အားကိုးတဲ့ အဖွဲ့အစည်းပါပဲ။ ဆိုတော့ အရေးကြုံရင် သူတို့အနေနဲ့ လူတွေကို သတ်ပြတာ၊ နှိမ်နင်းရတာတွေကို ဝန်မလေးတဲ့ အဖွဲ့အစည်းလို့ ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အင်ဒိုနီးရှားမှာ ၁၉၆၅-၆၆ ကာလတုန်းက ကွန်မြူနစ်တွေကို သိန်းပေါင်းများစွာ အနည်းဆုံး ငါးသိန်းကနေ သန်းနဲ့ချီပြီးတော့ သတ်ဖြတ်ခဲ့ပါတယ်။ ကွန်မြူနစ်တွေကို လွှမ်းမိုးပြီးတော့ သူတို့ အာဏာရဖို့ ကြိုးပမ်းလာတဲ့အတွက်ကြောင့်။ ဒီဟာက သိပ်ပြင်းထန်ရက်စက်တဲ့ သမိုင်းမှာ အင်မတန် ကြီးကျယ်တဲ့ လူသတ်ပွဲကြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ သတ်တာပါပဲ။ စစ်တပ်တွေက သတ်ဖြတ်တဲ့နေရာမှာ တူပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားက အဲဒီကိစ္စပြီးသွားပြီ - နောက်တက်လာတဲ့အခါကြတော့ သူတို့က အာဏာကို အပြည့်အဝ မချုပ်ကိုင်ထားဘူး။ စောစောက ပြောခဲ့သလိုပဲ အရပ်သားတွေနဲ့ ပူးတွဲအုပ်ချုပ်ပြီး ဗျူရိုကရေစီ အုပ်ချုပ်ရေးမှာ မြန်မာနိုင်ငံမှာက အကုန်လုံး စစ်သားတွေကြီးပဲ။ စစ်သားမဟုတ်ရင် စစ်သားဟောင်း - ဘောင်ဘီချွတ်တွေပဲ အကုန်ကြီးစိုးနေခဲ့တယ်။ အင်ဒိုနီးရှားမှာ အဲဒီလို မဟုတ်ပါဘူး။ အရပ်ဘက်တွေကိုလည်း အများကြီး ဦးစားပေး ခန့်ထားခဲ့ပါတယ်။

နောက်တချို့ နှိုင်းယှဉ်ကြတာက အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်တွေဟာ Dutch train ဒတ်ချ်ကိုလိုနီတွေ လေ့ကျင့်ပေးခဲ့တဲ့ စစ်သားတွေ၊ စစ်ဗိုလ်ကြီးတွေလည်း အဲဒီမှာ ရှိနေခဲ့တယ်။ ဗိုလ်ချုပ် နဆူရှင် (Abdul Haris Nasution) ဆိုရင် သိပ်နာမည်ကြီးပဲ။ ပညာရှင်ပါ သူရေးတဲ့ စာအုပ်တွေလည်း ရှိတယ်။ မြန်မာနိုင်ငံမှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းကတော့ အဲဒီလို ရှိခဲ့ပါတယ်။ လူတွေလည်း လက်ခံကြတယ်။ တချို့ပညာရှင်တွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံတာလည်း မြန်မာနိုင်ငံ ခေါင်းဆောင်ပိုင်းမှာ အသိပညာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ နည်းသွားတယ်လို့ ပြောတယ်။ နောက် မြန်မာစစ်တပ်ထဲမှာရှိတဲ့ British train ပညာတတ်တွေကိုလည်း ဗိုလ်ချုပ်နေဝင်းက သူ့လူတွေနဲ့ အစားထိုးခဲ့တယ်။ သူတို့ကို ဖယ်ရှားခဲ့တယ်။ စစ်တပ်ချင်းက တဖြည်းဖြည်းကွာလာပါတယ်။ အစတုန်းကတော့ လွတ်လပ်ရေးအတွက် လုပ်ခဲ့ကြတာခြင်း တူပါတယ်။ အကျဉ်းရုံးပြောရရင် မြန်မာစစ်တပ်က အာဏာကို လုံးဝချုပ်ကိုင်တယ်။ အင်ဒိုနီးရှားကတော့ အုပ်ချုပ်ရေးပိုင်းနဲ့ တွဲမျှပြီးတော့ လုပ်ခဲ့တယ်။

မေး ။ ။ ဒါဆိုရင် ဒီအပေါ်မှာ တခုလောက် မေးချင်ပါတယ်။ If အကယ်၍များ တကယ်ကိုပဲ ထိထိရောက်ရောက် နမူနာယူပြီးတော့ လုပ်ခဲ့မယ်ဆိုရင် သူတို့လိုပဲ အသွင်ကူးပြောင်းရေးမှာ အောင်မြင်ခဲ့နိုင်ပါသလား။

ဖြေ ။ ။ If ဆိုတော့ တကယ်တော့ ဘယ်လိုဖြစ်ခဲ့ရင်ဆိုတာ သမိုင်းမှာ မရှိပါဘူး။ There's no 'if' in history သမိုင်းမှာ ဖြစ်ရပ်တွေက တွေးကြတာပဲ - ဗိုလ်ချုပ်အောင်ဆန်းသာ လုပ်ကြံမခံရရင် ဘယ်လိုဖြစ်မလဲဆိုတာ ငယ်ငယ်ကတည်းက တွေးလာခဲ့ရတာ။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ အမှန်တကယ် လိုအပ်ချက်ကတော့ ခေါင်းဆောင်ပိုင်းရဲ့ ပြောင်းလဲလိုတဲ့ ဆန္ဒလည်း ပါမယ်ထင်ပါတယ်။ ခေါင်းဆောင်မှုက အဓိကပါ။ ဒီလူတွေက သူတို့တိုင်းပြည်ရဲ့ အနာဂတ်ကို တကယ်ကောင်းစေချင်တဲ့ စေတနာနဲ့ ရှေ့ရှုပြီးတော့ လုပ်ခဲ့ကြမယ်ဆိုရင် သူတို့ လုပ်လို့ရမယ် ထင်ပါတယ်။ သူတို့က အကြောက်လွန်တာလည်း ပါမှာပေါ့။ သူတို့ဆုံးရှုံးခံရမယ်။ သူတို့က အပြစ်ဖြစ်မယ်ဆိုတဲ့ဟာမျိုး အဲဒါကြောင့်လည်း ဖြစ်ကောင်းဖြစ်မယ်။ သူတို့က အာဏာကနေ ဆုတ်ပေးချင်တဲ့ ဆန္ဒ လုံးဝမရှိသေးဘူး။ အခုဆိုရင် ပိုလိုတောင်မှ နောက်ကိုသာ တဖြည်းဖြည်း ဆုတ်သွားတာ တွေ့ရတယ်။ ဟိုဘက်နိုင်ငံတွေကတော့ တိုးတိုးသွားတယ်ဆိုတယ်။

အဲဒီလို mindset အာဏာကို ဆက်လက်ချုပ်ကိုင်ထားချင်တာထက် တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာလည်း လိုပါတယ်။ နောက်ပြီးတော့ လူတွေဟာ လူသတ်ရဲတယ်၊ ဘာမဆို လုပ်ရဲတယ် ဘာညာဆိုတာ သတ္တိ မဟုတ်ဘူး။ သတ္တိဆိုတာ အမှားကို ဝန်ခံပြီးတော့၊ အမှန်ကို ဆက်ပြီးလုပ်ရဲတာ သတ္တိပါ။ မြန်မာစစ်တပ်က စစ်ဗိုလ်တွေက ပစ်ရင် တည့်တည့်ပစ်တယ်ကွ။ ခင်များနဲ့ကျုပ်နဲ့ စစ်သားချင်း သွေးမကြောင်ပါဘူး ဆိုတာမျိုးတွေ နိုင်ငံခေါင်းဆောင်လုပ်တဲ့ အကြီးအကဲတွေက ဘာမဆို လုပ်ရဲတယ်ဆိုတော့ ဒါဟာ သတ္တိ မဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ သတ္တိများ ထင်နေသလား။ တကယ်တော့ မှားတာကို ပြင်ပြီးတော့ အကောင်းဆုံးလမ်းကို တိုင်းပြည်အတွက် ရွေးရင်တော့ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ တကယ်လို့များဆိုတဲ့ အချက်တွေကို ဖယ်ပြီးတော့ လက်တွေ့မှာ နှစ်နိုင်ငံရဲ့ အခြေအနေ အခုလက်ရှိ ပစ္စုပ္ပန်မှာ နှစ်နိုင်ငံ အခြေအနေကို နှိုင်းယှဉ်ပေးပါအုံး။

ဖြေ ။ ။ သိပ်ကွာသွားပါပြီ။ ဆီနဲ့ရေလိုပဲ ပြောပါတော့။ အင်ဒိုနီးရှားဟာ အခုဆိုရင် The third largest democracy in the world - ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံလို့ လက်မထောင်ပြီး ကြွေးကြော်နိုင်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ရက်စက်ကြမ်းကြုတ်မှု အများဆုံး။ ဖိနှိပ်ချုပ်ချယ်မှု အများဆုံးနိုင်ငံထဲမှာ ပါဝင်တယ်ဆိိုတော့ သိပ်ကွာပါတယ်။ နောက် စီးပွားရေး - အင်ဒိုနီးရှား စီးပွားရေးက ပြီးခဲ့တဲ့နှစ်တွေက ဖွံ့ဖြိုးမှု တိုးတက်မှုက Growth rate က ၇ ရာခိုင်နှုန်းလောက် ရှိတယ်။ အရှေ့ကိုတက်ဖို့ပဲ ရှိတယ်။ ကိုဗစ်အလွန်မှာ ဆက်တက်ဖို့ပဲ ရှိတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ တိုးတက်မှုက သိပ်ကြီးကျယ်လာပြီ ဖြစ်တယ်။

မြန်မာနိုင်ငံကတော့ တဖြည်းဖြည်းဆုတ်ယုတ်လာတယ်။ ဆိုတော့ ၂၀၂၀ ဖွံ့ဖြိုးတိုးတက်မှုရဲ့ လက်ရှိအခြေအနေဟာ ၁၄ ရာခိုင်နှုန်း လျော့ကျသွားပြီလို့လည်း အထောက်အထားတချို့နဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ စီးပွားရေးပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်။ အများကြီးကွာသွားပါတယ်။ နောက် လူနေမှုအဆင့်အတန်း။ အင်ဒိုနီးရှားနိုင်ငံမှာ ဒီမိုကရေစီဟာ လုံးဝအပြည့်အဝ - အနောက်တိုင်းအနေနဲ့ကြည့်ရင် အဲဒီလိုရှိတယ်လို့တော့ ပြောလို့မရသေးဘူး ဆိုကြပါတယ်။ ဥပမာအားဖြင့် လွတ်လပ်မှုနဲ့ လူ့မှုအခွင့်အရေးတွေ။ သို့သော်လည်း မြန်မာနိုင်ငံနဲ့ မနှိုင်းယှဉ်သာအောင် တိုးတက်ဖွံ့ဖြိုးနေပါတယ်။ မြန်မာနိုင်ငံကတော့ သိတဲ့အတိုင်းပါပဲ အင်မတန် ဆုတ်ယုတ်ကျဆင်းနေတဲ့ အခြေအနေ ဖြစ်ပါတယ်ဆိုတော့ သူတို့က လမ်းကြောင်းကလည်း အတက်လမ်းကို သွားနေတယ်။ မြန်မာပြည်ရဲ့ အုပ်ချုပ်မှုကလည်း နောက်ကိုပြန်ဆုတ်နေတယ်ဆိုတော့ ကွာဟသထက် ကွာဟလာဖို့ပဲ မြင်တယ်လို့ စိတ်မကောင်းစွာနဲ့ပဲ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အခု အာဆီယံ အလည့်ကျဥက္ကဋ္ဌအနေနဲ့ အင်ဒိုနီးရှားက သူ့ရဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံအတွက် ပြေလည်အောင်လို့ လုပ်ပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပေးနိုင်ပါလဲ။

ဖြေ ။ ။ ဒါကလည်း သိပ်တော့မဖြစ်နိုင်ပါဘူး။ အင်ဒိုနီးရှားခေါင်းဆောင် သမ္မတဝီဒိုဒို (Joko Widodo) ကိုယ်တိုင်က သိပ်မအောင်မြင်ဘူး။ humanitarian လူသားချင်းစာနာထောက်ပံ့မှုကလွဲလို့ ပြောပါတယ်။ ဒီထက်မှာမှ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံ သူ့ဟာသူ ဘေးဖောက်ပြီးတော့ ထင်ရာလုပ်နေတယ်ဆိုတော့ အာဆီယံခေါင်းဆောင်ပိုင်းကလည်း ဒီကိစ္စအပေါ် စိတ်ပျက်တယ်လို့ ပြောနေတာကို ကြားရမှာ ဖြစ်ပါတယ်။ ကျနော်ထင်တယ် အင်ဒိုနီးရှားကလည်း သိပ်ပြီးတော့ တတ်နိုင်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်။ တကယ်တမ်း လုပ်ရမယ်ဆိုရင်တော့ အနောက်နိုင်ငံတွေကလည်း လေပဲရှိတယ်။ ဖိအားပေးတာပဲ ရှိတယ်။ ရှုတ်ချတာပဲ ရှိတယ်။ ဘာမှမလုပ်နိုင်ဘူးဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာကို အင်ဒိုနီးရှားသာမက ဘယ်နိုင်ငံကိုမှ အားကိုးလို့မရတဲ့ အခြေအနေမျိုးလို့ ပြောရမှာပါ။ ၂၀၁၅ နောက်ပိုင်းကတည်းကစလို့ လူလတ်တန်းစား ဖွံ့ဖြိုးမှု ရှိလာတယ်။ တိုင်းပြည်ပွင့်လင်းမှုတွေ ရှိခဲ့တယ်။ NLD အစိုးရလက်ထက်မှာ အထူးသဖြင့်ပေါ့။ အဲဒီလိုရှိလာတော့ လူလတ်တန်းစား အရေအတွက် ပိုများလာတယ်။ ပညာတတ်လူငယ်တွေဟာ အင်မတန် အားတက်စရာ ကောင်းလာတယ်ဆိုတော့ သမိုင်းဟာ သူတို့ဘက်မှာပါ။ History is on their side ဆိုတော့ သူတို့က ဖန်တီးလာမှာ ဖြစ်ပါတယ်။ တချိန်ချိန်မှာတော့ ပြောင်းလဲမှာပါ။ အခြေအနေက ဒီအတိုင်းတော့ မနေပါဘူး။ သူတို့တွေလည်း အတတ်နိုင်ဆုံး ကြိုးစားနေတာကို တွေ့ရပါတယ်။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။