ဖိလစ်ပိုင်နဲ့ မြန်မာ ဒီမိုကရေစီ အခြေခံကွဲလွဲချက်

Your browser doesn’t support HTML5

ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံ ဘာတွေများကွာခြား နေလို့ မြန်မာနိုင်ငံမှာကျတော့ ဒီမိုကရေစီ ကျဆုံးနေရပါသလဲ။ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဒီမိုကရေစီဟာ စိမ်ခေါ်မှုတွေကြုံခဲ့ရသည့်တိုင် ဆက်လက်ရှင်သန်နေပါတယ်။ အရှေ့တောင်အာရှ ဒီမိုကရေစီရဲ့ နောက်ဆုံးခံကတုတ်လို့ တချိန်က ဒေါ်အောင်ဆန်းစုကြည် ခေါ်ဆိုခဲ့ဘူးတဲ့ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံ ဘာတွေများကွာခြား နေလို့ မြန်မာနိုင်ငံမှာကျတော့ ဒီမိုကရေစီ ကျဆုံးနေရပါသလဲ။ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်တို့ နိုင်ငံရေးနောက်ခံ သမိုင်းကြောင်း ဒီနှစ်ခုကို အရင်ဆုံး နှိုင်းယှဉ်ပြီးတော့ သုံးသပ်ပေးပါ။

ဖြေ ။ ။ တူတာလည်း ရှိတယ်။ ကွာတာလည်း ရှိပါတယ်။ အဓိကအားဖြင့် နှစ်နိုင်ငံလုံးဟာ ဥရောပတိုက်သားတွေရဲ့ ကိုလိုနီ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံဟာ စပိန်ရဲ့ ကိုလိုနီအဖြစ် နှစ်ပေါင်း ၃၀၀ နေခဲ့ရတယ်။ မြန်မာနိုင်ငံကတော့ ဗြိတိသျှကိုလိုနီအဖြစ် နှစ်တစ်ရာလောက် နေခဲ့ရတယ်။ အဲဒီနှစ်ပေါင်း ၃၀၀ အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံဟာ အတော်လေး ပြောင်းလဲသွားပါတယ်။ သူတို့ တနိုင်ငံလုံးဟာ ကတ်သလစ်ဘာသာဝင်တွေ ဖြစ်သွားကြတယ်။ ဘာသာရေးဟာ သိပ်အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်လာတယ်။ နောက်ပြီးတော့ စပိန်အုပ်ချုပ်တဲ့ နှစ်ပေါင်း ၃၀၀ နောက်မှာ ၁၈ ရာစုနောက် ၁၉ ရာစုအစမှာကတည်းက အနောက်နိုင်ငံတွေမှာ ထွန်းကားလာတဲ့ လစ်ဘရယ် အယူအဆတို့၊ အမျိုးသားရေးအသိတို့ကို ရယူခဲ့ပါတယ်။ နောက်ပြီးတော့ စပိန်တွေရဲ့ စီးပွားရေး ဘာညာလုပ်ရင်နဲ့ ဖိလစ်ပိုင်နိုင်ငံမှာ လူလတ်တန်းစား စတင်ထွန်းကားလာတယ်လို့ ပြောလို့ရတယ်။

မြန်မာနိုင်ငံမှာတော့ အဲဒီလို မဖြစ်ခဲ့ပါဘူး။ ဗြိတိသျှလက်ထက်မှာ။ မြန်မာနိုင်ငံမှာ အဓိကကြီးပွားခဲ့တဲ့ လူတွေက နိုင်ငံခြားသားတွေ။ ဟိုဘက်က တင်သွင်းလာတဲ့ လူတွေသာ အဓိက ဖြစ်ပါတယ်ဆိုတော့ အတော်လေးကွာပါတယ်။ လူလတ်တန်းစား ဖွံ့ဖြိုးမှုလည်း အဲဒီလိို မရှိခဲ့ပါဘူး။ နောက်ပြီးတော့ ဘာသာရေးအားဖြင့်လည်း မပြောင်းလဲခဲ့ပါဘူး။ ဆိုတော့ တူတာခြင်းကတော့ အဲဒီလိုပါပဲ။ သူတို့ကတော့ စပိန်ကို တခါတော်လှန်တယ်။ နောက်ပြီးတော့ စပိန်နဲ့ အမေရိကန် စစ်ပွဲဖြစ်ပြီးနောက် ဖိလစ်ပိုင်ဟာ အမေရိကန်လက်ထဲကို ရောက်သွားပြန်တယ်။ အမေရိကန်ကို ဆက်တော်လှန်တယ်။ နောက် ဒုတိယကမ္ဘာစစ်ဖြစ်တော့ အမေရိကန်နဲ့ ပေါင်းပြီးတော့ ဂျပန်ကို တော်လှန်တယ် စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲခဲ့တယ်။

မြန်မာနိုင်ငံမှာလည်း အင်္ဂလိပ်ကို တော်လှန်တယ်၊ ဂျပန်ကို တော်လှန်တယ် စသည်ဖြင့် အကြမ်းဖျဉ်း နှိုင်းယှဉ်ရင်တော့ အဲဒီလို တူတာကော၊ မတူတာကော တွေ့ရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒါဆိုရင် မြန်မာစစ်တပ်နဲ့ ဖိလစ်ပိုင်စစ်တပ် ဘယ်လိုကွာခြားချက်တွေ ရှိပါသလဲ။ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ ဝင်ပြီးတော့ စွက်ဖက်တာတွေ ရှိပါသလဲ။

ဖြေ ။ ။ စစ်တပ်ချင်းကတော့ ပထမဦးဆုံး နှိုင်းယှဉ်ချင်တာကတော့ မြန်မာနိုင်ငံက စစ်တပ်က ဒုတိယကမ္ဘာစစ်အပြီး ရဲဘော်သုံးကျိပ်ကစပြီးတော့ အခြေတည်တယ်ဆိုတော့ ဂျပန်ဆီက၊ အဲဒီတုန်းက ဂျပန်ကလည်း အခုလို ဒီမိုကရေစီ ဂျပန် မဟုတ်ပါဘူး။ ဖက်ဆစ်ဂျပန်ဆီက သန္ဓေတည်လာတဲ့ စစ်တပ် ဖြစ်ပါတယ်။ အင်္ဂလိပ်က လွတ်လပ်ရေး ပေးခါနီးမှာ ဂန္ဓီစာချုပ်အရ သူတို့ trained ဗိုလ်ချုပ်တွေ၊ ကရင်အမျိုးသား ဗိုလ်ချုပ်တွေ အများကြီးထားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ဂျပန်လေ့ကျင့်မှုနဲ့ အရှိန်တက်လာတဲ့ ဗိုလ်ချုပ်နေဝင်းက ဟိုလူတွေကို ဖယ်ပြီးတော့ သူ့လူတွေနဲ့ အစားထိုးလာတာကို တွေ့ရပါတယ်။

ဖိလစ်ပိုင်စစ်တပ်ကတော့ အမေရိကန်ကို တော်လှန်နေတုန်းမှာ စပိန်လက်အောက်က ပြောင်းပြီးတော့ အမေရိကန်ကို တော်လှန်နေတုန်းမှာ အမေရိကန်နဲ့ အပေးအယူ လုပ်ပြီးတော့ သူတို့ကို common wealth လို့ခေါ်တဲ့ အမေရိကန်ရဲ့ ဓနသဟာရ နိုင်ငံတခုအဖြစ်နဲ့နေ ဆိုပြီးတော့ ထားပြီးတော့ စစ်တပ်ကိုလည်း သူတို့အများကြီး လေ့ကျင့်ပေးပါတယ်။ အမေရိကန် trained တွေ အများကြီး ဖြစ်လာတယ်။ နောက် ဂျပန် ကျူးကျော်လာတဲ့အခါ ဂျပန်ကို ခုခံတွန်းလှန်ရတဲ့အခါ အမေရိကန် ဗိုလ်ချုပ်တွေကိုယ်တိုင် ပစီဖိတ်စစ်မျက်နှာပြင်ရဲ့ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး Douglas MacArthur ကိုယ်တိုင် အဲဒီမှာ ကြီးကြပ်ပြီးတော့ ခေါင်းဆောင်ပြီးတော့ လေ့ကျင့်ပေးခဲ့တယ်။ သူတို့တွေက အမေရိကန် trained တွေ အများအပြားရတယ်လို့ ပြောလို့ရပါတယ်။ မြန်မာစစ်တပ်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ကြား အဲဒီလို အဓိကကွာခြားတာကို တွေ့ရပါတယ်။

မေး ။ ။ ဒါဆိုရင် ဒီနေရာမှာ အရင် သမ္မတဟောင်း မားကို့စ်လက်ထက် အာဏာရှင်စနစ်နဲ့ မြန်မာနိုင်ငံမှာ တချိန်က ဦးနေဝင်း အာဏာရှင်စနစ် ဒီအပေါ်ကို ဘယ်လိုနှိုင်းယှဉ်နိုင်ပါသလဲ။

ဖြေ ။ ။ အခုန စစ်တပ်ချင်းကွာတယ်ဆိုတာက အဲဒါလည်း အဓိကအကြောင်းတချက် ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ မားကို့စ်က စစ်ဗိုလ်ချုပ် မဟုတ်ပါဘူး။ သူက အရပ်သား ရွေးကောက်ခံပြီးတော့ သမ္မတသက်တမ်း နှစ်ကြိမ် ရရှိခဲ့တယ်။ တတိယအကြိမ်မှာ သူက ဆက်ပြီးနေချင်တဲ့အတွက် သူက စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုပြီးတော့ လုပ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် စစ်တပ်က သူ့ရဲ့လက်အောက်က ဖြစ်ပါတယ်။ အရပ်သားခေါင်းဆောင်တွေရဲ့ အောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၆၂ က စပြီးတော့ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလိုက်တော့ သူ့အပေါ်မှာ ဘယ်သူမှ မရှိဘူး။ သူပဲ ရှင်ဘုရင်လုပ်တော့တာပဲ။ တိုင်းပြည်ရဲ့ အာဏာသုံးရပ် သူ့လက်ထဲရောက်တာပဲ။ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး - သူ့ပါးစပ်ကထွက်တာ အာဏာ ဖြစ်သွားတယ်။ နောက် သူ့ခေတ်ကုန်လို့ သူ့ကို ဖြုတ်လိုက်တဲ့အခါမှာ တက်လာတဲ့လူကလည်း ထိုနည်းလည်းကောင်းပဲ ဗိုလ်ချုပ်နေဝင်း နေရာမှာ အစားထိုးပြီးတော့ သူတို့လည်း အာဏာချုပ်ကိုင်ကြတာ၊ အခုထိပါပဲ ဒီသံသရာ စစ်တပ်ရဲ့သံသရာ မပြတ်သေးပါဘူး။ အဲဒါကြောင့်လည်း ပြဿနာ ဖြစ်နေတာပေါ့။

ဖိလစ်ပိုင်စစ်တပ်ရဲ့ အထူးခြားဆုံးနဲ့ သမိုင်းတွင်ရစ်မယ့် လုပ်ရပ်တခုကတော့ ၁၉၈၆ မှာဖြစ်တဲ့ People's Power Revolution ပြည်သူ့အာဏာတော်လှန်ရေးမှာ ပြည်သူဘက်ကို ကူးပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Fidel Ramos နဲ့ အဲဒီတုန်းက ကာကွယ်ရေးဝန်ကြီး Enrile တို့ ပြည်သူ့ဘက်ကို ကူးပြောင်းပြီးတော့ အာဏာရှင် သမ္မတမားကို့စ်နဲ့ သူ့ရဲ့ညာလက်ရုံး ဗိုလ်ချုပ်ကြီး Fabian Ver တို့ကို ဆန့်ကျင်ခဲ့ပါတယ်။ ဒါက ဖိလစ်ပိုင်စစ်တပ်ရဲ့ အထူးခြားဆုံးနဲ့ သမိုင်းတွင်ရစ်တဲ့ လုပ်ရပ်ပါပဲ။ အဲဒါကြောင့်ပဲ ဖိလစ်ပိုင်ရဲ့ People's Power Revolution လူထုတော်လှန်ရေးဟာ တကမ္ဘာလုံးမှာ ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ၊ တကမ္ဘာလုံးက အလားတူ ဖိနှိပ်နေရတဲ့ ဒီမိိုကရေစီ၊ ပြည်သူတွေ လိုချင်တဲ့လူတွေအတွက် အထူးအားတက်စရာလည်း ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ စစ်တပ်မှာတော့ အဲဒီလိုမျိုး မကြုံခဲ့ရပါဘူး။ မကြုံရသေးဘူးပေါ့။ ဆိုတော့ စစ်တပ်ထဲမှာ အောက်ခြေကစပြီးတော့ professional စိတ်ဓါတ် - ပြည်သူကို အလုပ်အကျွေးပြုမယ်၊ ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်မယ်ဆိုတဲ့ အသိတရားက ဖိလစ်ပိုင်စစ်တပ်မှာ ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒါဆိုရင် ဒီနေရာမှာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေနဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ်တဲ့နေရာမှာကော ဘယ်လိုကွဲပြားမှုတွေ ရှိပါသလဲ။

ဖြေ ။ ။ အဲဒီလို ကိုင်တွယ်တဲ့နေရာမှာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုက ဖိလစ်ပိုင်မှာက မိုရို Moro တောင်ပိုင်းက Mindanao ဘက်က မူဆလင်တွေရဲ့ ခွဲထွက်ရေး၊ မလေးကျွန်းဆွယ်ဘက်က လူတွေနဲ့ ဆက်နွှယ်တဲ့ဆိုပြီးတော့ ပြောကြတယ်။ အဲဒီ မူဆလင်တွေ ပြဿနာ ရှိပါတယ်။ အဓိကပြဿနာက အဲဒါပါပဲ။ မြန်မာနိုင်ငံမှာကတော့ အခု နောက်ပိုင်းမှာ ပေါ်လာတဲ့ ရိုဟင်ဂျာ ပြဿနာထက် အရင်တုန်းက လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားတွေရဲ့ မတူကွဲပြားမှုနဲ့ သူတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်တာတွေ ပိုများတော့ မြန်မာနိုင်ငံရဲ့ လူမျိုးရေး ပဋိပက္ခက ပိုပြီး complex ဖြစ်တယ်။ ပိုမိိုရှုပ်ထွေးပါတယ်။ ဖိလစ်ပိုင်ကိစ္စလောက် မရှင်းပါဘူး။ ဖိလစ်ပိုင်မှာတော့ မိုရိုနဲ့ အပေးအယူလုပ်လိုက်၊ ညှိနှိုင်းလိုက်၊ ပြေလည်လိုက်၊ မကြာခဏ ဖြစ်တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးတယ်။ ပေးတဲ့ဟာကို တချို့က လက်ခံတယ်၊ တချို့က လက်မခံဘဲ ဆက်တိုက်တယ်။ နောက်ပြီးတော့ သဘောတူညီမှု ရတယ်။ အဲဒါမျိုးတွေ မကြာခဏ ဖြစ်နေတယ်။

မြန်မာပြည်မှာတော့ အဲဒီလို သဘောတူညီမှု ရရှိတဲ့အချိန်က အင်မတန်မှ နည်းပါးပါတယ်။ သို့သော်လဲ တခုရှိတာက ဖိလစ်ပိုင်ရဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ပိုပြီးတော့ ဘာဖြစ်လဲဆိုတော့ ပိုပြီးတော့ deadly အသေအပျောက် ကြမ်းတမ်းမှု ဖြစ်တယ်။ အဲဒီမှာ ဖြစ်လိိုက်ရင်တော့ အများကြီးပဲ သေကြတာ။ မြန်မာနိုင်ငံမှာတော့ ထိပ်တိုက်တိုက်ပွဲဆိုတာထက် ခြုံခိုတိုက်တာတိို့၊ ပြောက်ကျားနည်းနဲ့ တိုက်ကြတာတွေ ဖြစ်ကြတယ်ဆိုတော့ စစ်တပ်ချင်းလည်း ကွာပါတယ်။ သမ္မတ Duterte လက်ထက်မှာလည်း အဲဒီလို ကွာပါတယ်။ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုကို ကိုင်တွယ်ပုံလည်း ကွာပါတယ်။

မေး ။ ။ အဲဒါဆိုရင် တဆက်တည်းပဲ ပြောမယ်ဆိုရင် အခုလက်ရှိ သမ္မတ မားကို့စ်ဂျူနီယာရဲ့ အရှေ့ သမ္မတ Rodrigo Duterte လက်ထက်မှာကော သူ့ရဲ့လုပ်ရပ်တွေကို ဘယ်လိုပြောနိုင်ပါသလဲ။

ဖြေ ။ ။ သူ့ရဲ့လက်ထက်မှာ သမ္မတ Duterte ကို ဒီက နိုင်ငံရေးသိပ္ပံပညာရှင်တွေက populist politician ဆိုပြီး ပြောကြတယ်။ သူက ဒီမိုကရေစီရေးထက် လူကြိုက်များတဲ့ စကားတွေကို ပြောဆိုပြီးတော့ လူထုအကြိုက် ပြောပြီးတော့ လူထုထောက်ခံမှု ယူခဲ့တဲ့လူလို့ ဆိုပါတယ်။ ဆိုတော့ သူတို့နိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာ သိပ်ကြီးထွားလာတဲ့အခါမှာ 'ဒီကောင်တွေကို ငါ လုံးဝချမ်းသာမပေးဘူး၊ အပြတ်ချမယ်ဆိုပြီးတော့' အဲဒီကိစ္စ နှိမ်နင်းတဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်တယ်၊ ကျူးလွန်တယ်လို့ အပြောအဆို ဝေဖန်မှုတွေ အများကြီးခံခဲ့ရပါတယ်။ အဲဒါကြောင့် ဒီမိုကရေစီ အဆင့်အတန်းမှာ နိုင်ငံတကာရဲ့ သတ်မှတ်ချက် - EIU: Economist Intelligence Unit ရဲ့ သတ်မှတ်ချက်မှာ ကမ္ဘာ့နိုင်ငံ ၁၆၇ နိုင်ငံ ရှိတဲ့အနက် Duterte လက်ထက်မှာ သူတို့အဆင့်ဟာ ၅၂ - ၅၀ နီးပါးအောက်နားထိ ကျသွားခဲ့ပါတယ်။ သူ့လက်ထက်မှာ တော်တော်လေး အခြေအနေ ဆိုးခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒါဆိုရင် အခုလက်ရှိ ဖိလစ်ပိုင်ရဲ့ ဒီမိုကရေစီအဆင့်အတန်းက ဘယ်လိိုရှိပါလဲ။

ဖြေ ။ ။ အခုလက်ရှိမှာတော့ နည်းနည်းပြန်တက်လာတယ်။ အဲဒီစာရင်းကို ပြန်ကြည့်တော့ ဟိုတုန်းက ၅၂ ကနေ ၅၄ နေရာကို ပြန်တက်လာတယ်လို့ ပြောပါတယ်။ ၅၄ နေရာကို ပြန်တက်လာပေမဲ့လဲ သူတို့ရဲ့ ဒီမိုကရေစီကို သူတို့သတ်မှတ်ကြတာက minimal democracy ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲ ကျင်းပပုံတခုတည်းကို ကြည့်ပြီးတော့ ပြောလို့မရဘူး။ multiparty ရှိတယ်။ ဒါပေမဲ့ လူတွေရဲ့ participate ဘယ်လောက် ရှိသလဲ။ လူထုက ဒီမိုကရေစီကြောင့် ဘယ်လောက် အကျိုးပြုနိုင်သလဲ။ အဲဒါတွေက သိပ်အရေးကြီးပါတယ်။ အဲဒီလိုတွက်တဲ့ စံသတ်မှတ်တဲ့ တွက်ချက်မှုတွေ အများကြီး ရှိပါတယ်။ အဲဒီထဲမှာ ဖိလစ်ပိုင်ကတော့ သိပ်ပြီးတော့ အဲဒီလို ပြည့်မီတဲ့နိုင်ငံတခုတော့ မဟုတ်ဘူး။ နောက်ပြီးတော့ သူတို့မှာ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေက မကြာခဏ ဖြစ်နေတော့ စီးပွားရေး ဖွံ့ဖြိုးမှုကို အဟန့်အတား သိပ်ဖြစ်စေတယ်။ မြန်မာနိုင်ငံမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ မြန်မာနိုင်ငံမှာလည်း စီးပွားရေး ဖွံ့ဖြိုးဖို့၊ ဒီမိုကရေစီ ဖွင့်ပေးတယ်၊ နည်းနည်း လုပ်ပေးခဲ့တယ်။ နောက်တော့ ပဋိပက္ခတွေ ဖြစ်လာပြီး၊ အကုန်လုံး ပြန်ကျသွားတယ်ဆိုတော့ ဖိလစ်ပိုင်မှာလည်း မကြာခဏ ကြုံရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလောက်တော့ မဆိုးဘူး။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခုအနေအထား၊ အခြေအနေတွေနဲ့ ဖိလစ်ပိုင်ရဲ့ ရပ်တည်ချက်။ ဒီအပေါ်ကိုလည်း ပြောပြပေးပါအုံး။

ဖြေ ။ ။ ဖိလစ်ပိုင်ကလည်း ကမ္ဘာက ဒီမိုကရေစီနိုင်ငံတွေ ပြောသလိုပဲ မြန်မာနိုင်ငံမှာ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို သူတို့ ရှုတ်ချတယ်။ သူတို့ပြောတဲ့အထဲမှာ အာဏာသိမ်းတာကို ရှုတ်ချတယ်ဆိုတာတော့ မတွေ့ရသေးဘူး။ ၂၀၂၂ တုန်းက ကျောင်းသားတွေကို ကြိုးပေးကွပ်မျက်တာကိုတော့ အပြင်းအထန် သူတို့က ရေးပြီးတော့၊ ကြေညာချက်ထုတ်ပြန်ပြီးတော့ ရှုတ်ချတာကို တွေ့ပါတယ်။ ရက်စက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း ရှုတ်ချပါတယ်။ သို့သော်လဲပဲ ဒီမိုကရေစီရေးအတွက် မြန်မာစစ်ကောင်စီကို ဘယ်လိုဖိအားပေးပြီးတော့၊ ဘယ်လို လုပ်မယ်၊ ဒဏ်ခတ်ပိတ်ဆို့မယ်ဆိုတဲ့ အနောက်နိုင်ငံ ဒီမိုကရေစီအုပ်စုတွေ ပြောနေသလို၊ အဲဒီလို လိုက်ပြောတာကိုတော့ မတွေ့ရပါဘူး။ ဖြစ်နိုင်တာ တခုကလည်း အာဆီယံထဲက နိုင်ငံတွေကလည်း သူ့အလှည့် ဥက္ကဋ္ဌတာဝန် သူ့ပုခုံးပေါ် ရောက်လာမှပဲ ဒီပြဿနာကြီးက သိပ်ရှုပ်ထွေးတော့ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ပြင်းပြင်းထန်ထန်၊ အရေးတယူ စဉ်းစားကြတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကလည်း သူ့အလှည့် ဥက္ကဋ္ဌအလှည့် သူ့ဆီ မရောက်သေးတဲ့အတွက်ကြောင့် သိပ်တော့လေသံ မပြောင်းသေးဘူးလို့ ရေလိုက်ငါးလိုက် ဆက်ဆံနေတယ်လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ သူတို့ ရင်းရင်းနှီးနှီး သံတမန်ဆက်ဆံရေးတွေ ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးသုံးသပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။