အာဆီယံစည်းဝေးပွဲ မြန်မာ့အရေး ရလဒ်

Your browser doesn’t support HTML5

ပြီးဆုံးသွားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲကနေ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် အားတက်ဖွယ် တစုံတရာ ရရှိခဲ့ပါသလား။ မမြသဇင်အောင်က အယ်ဒီတာ ဦးကျော်ဇံသာအား မေးမြန်းတင်ပြထားပါတယ်။

ပြီးဆုံးသွားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲကနေ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် အားတက်ဖွယ် တစုံတရာ ရရှိခဲ့ပါသလား။ မမြသဇင်အောင်က အယ်ဒီတာ ဦးကျော်ဇံသာအား မေးမြန်းတင်ပြထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ပြီးခဲ့တဲ့အပတ်က ကျမတို့တွေ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ ဘာပေါ်ထွက်လာနိုင်သလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ အခု ဒီအစည်းအဝေးက ပြီးသွားပါပြီ။ ဒီတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ ရလဒ်က ဘယ်လိုထူးခြားတာတွေ ရှိပါသလဲ။

ဖြေ ။ ။ ရလဒ်ကို ပြောရမှာ - ထူးခြားမထူးခြားဆိုတာတော့ ကျနော်တို့ ဆုံးဖြတ်ရမှာပေါ့။ ရလဒ်ကတော့ သူတို့ရဲ့ ၃၁ မျက်နှာလောက် ကြေညာချက်ကြီးထဲမှာ မြန်မာအကြောင်းနဲ့ ပတ်သက်ပြီးတော့ တစ်မျက်နှာလောက် ပါပါတယ်။ အချက်အလက် သုံးလေးချက် ရေးထားတယ်။ အဓိကပြောထားတာကတော့ နံပါတ်တစ်က အာဆီယံရဲ့ မူ ၅ ချက်ကို ဆက်လက်ပြီးတော့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အခိုင်အမာ ပြောပါတယ်။ နောက်တခုကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကို သူတို့ ရှုတ်ချတယ်။ နောက်တခုကတော့ မြန်မာနိုင်ငံကို ထိုင်း ဒုတိယဝန်ကြီးချုပ် Don Pramudwinai သွားခဲ့တဲ့ ကိစ္စကို အဖွဲ့ဝင်နိုင်ငံတချို့ကလည်း Positive ဖြစ်တယ်၊ ကောင်းတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့ကတော့ ဒါဟာ အာဆီယံရဲ့ မူအတိုင်း ဖြစ်သင့်တယ်။ ဘာလုပ်လုပ် ဥက္ကဋ္ဌနဲ့ ညှိနှိုင်းပြီးတော့ လုပ်သင့်တယ်လို့ ပြောထားပါတယ်။

နောက်တစ်ချက်က ဘာကိုပြောသလဲဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မူ ၅ ချက်ရဲ့ လုပ်ဆောင်မှု ဘယ်လောက်အထိ ထိရောက်ခဲ့သလဲဆိုတာကို လာမယ့် စက်တင်ဘာမှာလုပ်မယ့် ထိပ်သီး နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ တင်ပြပြီးတော့ ဆွေးနွေးမယ်လို့ ပြောထားပါတယ်။ အဓိက ဒါပဲပြောထားတယ်ဆိိုတော့ ထူးခြားသလား။ အဲဒါနဲ့ ပတ်သက်တာဆိုရင်တော့ စဉ်းစားသာကြည့်တော့ - သိပ်မထူးခြားဘူးလို့ ပြောလို့ရမယ် ထင်ပါတယ်။ ဒီအတိုင်းပဲ မကြာခဏ ကြားနေရတဲ့ ကိစ္စပါပဲ။

မေး ။ ။ အာဆီယံအဖွဲ့ဝင်တွေဘက်က သိပ်ပြီးတော့ မထူးခြားဘူးဆိုရင် အမေရိကန်၊ တရုတ် သူတို့ကကော မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး သတင်းစကားတွေ ပေးပါသလဲ။

ဖြေ ။ ။ အမေရိကန်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မသွားခင်ကတည်းက အာဆီယံကို မူ ၅ ချက်အတိုင်း ဖိဖိစီးစီး ကိုင်တွယ်ဖို့ တိုက်တွန်းမယ် ဘာညာဆိုပြီး ကြုံးဝါးပြီးတော့ သွားခဲ့တယ်။ ဟိုရောက်တော့လည်း အဲဒါပါပဲ - အာဆီယံ မူ ၅ ချက်အတိုင်း ဆက်လက်လုပ်ပါဆိုတာကိုပဲ ပြောပါတယ်။ ပြောပြီးတော့ သူ့ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး သွားတဲ့ကိစ္စကို သတင်းထောက်တွေက အတိအကျမေးတယ်။ ဒါကို သူက မဖြေဘူး။ လွှဲရှောင်ပြီးတော့ အဲဒါကို သူက အာဆီယံ မူ ၅ ချက်အတိုင်း လုပ်ဖို့ပဲ ပြောတယ်ဆိုတော့ သူ့ပါးစပ်ကလည်း သိပ်မထူးခြားဘူး။ အဓိက သူ အဲဒီကိုလာတဲ့ကိစ္စက အာဆီယံမှာ တရုတ် လွှမ်းမိုးမှုကို ဟန့်တားဖို့ အဓိကသွားတာ ဖြစ်ပါတယ်။ မြန်မာ့အရေးကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုတာ ကျနော် အရင်ပြောခဲ့သလိုပါပဲ သူ့အတွက်က သာမန်ကိစ္စမျှသာ ယူဆထားဟန် တူတယ်လို့ ထင်ပါတယ်။

ဆိုတော့ တရုတ်ကလည်း ထိုနည်းလည်းကောင်းပါပဲ သို့သော်လည်း တရုတ်ကတော့ Pramudwinai မြန်မာနိုင်ငံကိုသွားတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတာကို သူက ထောက်ခံတယ်၊ positive ဖြစ်တယ်။ ဘယ်နည်းနဲ့ပဲသွားသွား နှစ်ဘက် အပြုသဘောနဲ့ တွေ့ဆုံဆွေးနွေးရင် ကောင်းမယ်ဆိုတာကို သူက ပြောတယ်ဆိုတော့ တရုတ်ကတော့ အမေရိကန်ထက် နည်းနည်းတက်ကြွတယ်။ တချိန်တည်းမှာ သူက အာဆီယံရဲ့ မူ ၅ ချက်ကိုလည်း ထောက်ခံတယ်။ အာဆီယံ မူ ၅ ချက် ပြီးမြောက်အောင်၊ အောငမြင်အောင် လုပ်ဖို့ကိုလည်း အားပေးတယ်လို့ ပြောပါတယ်။ တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့လည်း အဲဒီမှာ ဘေးထွက်အစည်းအဝေးနဲ့ ထိုင်း Pramudwinai နဲ့ အကြိတ်အနယ် ဆွေးနွေးကြတယ်။ ခင်မင်ရင်းနှီးကြောင်း ဖက်လှဲတကင်းနဲ့ ထိုင်းနဲ့ အမေရိကန် ဆက်ဆံရေး ဘယ်လောက်အရေးကြီးတယ်။ ထိုင်းနဲ့ တရုတ် ဆက်ဆံရေး ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သူတို့ သူ့ဘက်ကိုယ့်ဘက် ဆွဲကြခြင်းသာ ဖြစ်ပါတယ်ဆိုတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ခဲ့တာကတော့ အမေရိကန်ဘက်ကတော့ သိပ်ထူးထူးခြားခြား မရှိပါဘူး။ တရုတ်ကလည်း ဒီအတိုင်းပဲ နှစ်ဘက်စေ့စပ် ညှိနှိုင်းဖို့ တရုတ်ရဲ့ ထူးခြားချက်ကတော့ ထိုင်းနိုုင်ငံခြားရေးဝန်ကြီး သွားခဲ့တာကို ထောက်ခံခြင်းတခုပဲ ထူးခြားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒီမှာပါ EU မူဝါဒရေးရာ အကြီးအကဲ Josep Borrell က မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့ မိန့်ခွန်းမှာ ပြောပါတယ်။ အဲဒီတော့ EU နဲ့ အာဆီယံနဲ့ အလှည့်ကျ ပူးပေါင်းဆောင်ရွက်ရေးမူအဖြစ် မြန်မာက ဆောင်ရွက်ရတော့မယ့်အချိန်မှာ ဒီလိုပြောလိုက်တယ်ဆိုတော့ ဒါက ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ။

ဖြေ ။ ။ အာဆီယံနဲ့ ပတ်သက်ပြီးတော့ အခုနပြောတဲ့ မြန်မာနိုင်ငံပေါ် ဘယ်လိုသဘောထားသင့်တယ်ဆိုတာကို EU က ပိုပြီးတော့ လက်တွေ့ကျတယ်။ ထိရောက်တယ်။ သူတိို့က သူတို့ကိုယ်ကျိုးထက် မြန်မာနိုင်ငံရဲ့ စံကို မူကို ဆုံးဖြတ်တဲ့သဘော ဖြစ်ပါတယ်။ သူတို့ EU တဖွဲ့လုံးအနေနဲ့ မြန်မာ့အရေးမှာ အာဆီယံနဲ့ ပြိုင်ပွဲကိစ္စတွေမှာ သူတို့ သိပ်ပြီးတော့ စိတ်မဝင်စားဘူး။ တရုတ်နဲ့လည်း အင်မတန် ရင်းရင်းနှီးနှီး ဆက်ဆံနေတဲ့ ပြင်သစ်၊ စပိန်တို့ဆိုရင် EU နိုင်ငံတွေက ဆက်ဆံရေးကောင်းတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ တရုတ်နဲ့လည်း သိပ်ပြိုင်ဆိုင်ချင်တဲ့ နိုင်ငံတွေ မဟုတ်ပါဘူး။ ဆိုတော့ သူတို့ဟာ သူတို့ရဲ့ ရပ်တည်ချက်ကတော့ စီးပွားရေး ဆက်သွယ်ရေးမှာ မြန်မာနိုင်ငံနဲ့ နောက် ဆက်ဆံရမယ်ဆိုတော့ မြန်မာနိုင်ငံကို သူတို့ရဲ့ လွတ်လပ်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါက ကြိုဆိုသင့်တဲ့ကိစ္စ။ ပိုပြီးထိရောက်တဲ့ကိစ္စ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံကို အာဆီယံ ကိိုယ်စားလှယ်အဖြစ် ငါတို့ လက်မခံနိုင်ဘူးပြောရင် အာဆီယံက စဉ်းစားရတော့မယ်၊ မြန်မာနိုင်ငံကို မင်းတို့ကို ကိုယ်စားလှယ်အဖြစ်နဲ့ မလွှတ်နိုင်ဆိုပြီးတော့ နောက်တယောက်ကို စဉ်းစားရမယ်ဆိုတော့ အာဆီယံထဲမှာပင် မြန်မာနိုင်ငံက ပိုပြီးဘေးရောက်သွားနိုင်တဲ့သဘော ဖြစ်တယ်။ EU ရဲ့ ပြောလိုက်တဲ့ကိစ္စ၊ EU ရဲ့ ပြောကြားချက်က ထိရောက်မယ်လို့ ယူဆပါတယ်။

မေး ။ ။ အဲဒီတော့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးနဲ့ အချိန်ကိုက်ဆိုသလို ထိုင်းက ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားတဲ့ Don Pramudwinai တို့က ဇူလိုင် ၉ ရက်နေ့တုန်းက သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်ဆိုပြီးတော့ ဒီအစည်းအဝေးပွဲမှာ ပြောလိုက်တော့ တော်တော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို လုပ်ကြဖို့အတွက် ပြောတယ်ဆိုတဲ့ ပုံစံမျိုးလည်း ပြောပါတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ပြောစရာတွေ တော်တော်များပါတယ်။ Don Pramudwinai ခရီးစဉ်ကို သူ သွားရောက်တာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ကြပါတယ်။ ပိုပြီးဖြစ်နိုင်တဲ့ ဝေဖန်မှုကတော့ ထိုင်းနိုုင်ငံရဲ့ အကျိုးစီးပွားဆိုတာထက် Don Pramudwinai တို့ရဲ့ အသိုင်းအဝိုင်း။ သူတို့ရဲ့ပါတီ၊ သူတို့ရဲ့ ဘုရင်စနစ် လိုလားတဲ့ အုပ်စုတွေ၊ စစ်တပ်နဲ့ အလွမ်းသင့်တဲ့ ဗမာလိုခေါ်ရင် ခရိုနီ - သူတို့ရဲ့ စီးပွားရေးက မြန်မာနိုင်ငံမှာ လုပ်နေတယ်ဆိုတော့ အခုတော့ ဖြစ်လာမယ် မသေချာဘူးပေါ့ - ဖိထာတို့လို ပါတီမျိုးက တက်လာရင်၊ မြန်မာနိုင်ငံကို တင်းတင်းကြပ်ကြပ် ကိုင်မယ်ပြောတော့၊ ဒီဆက်ဆံရေးတွေ ပျက်သွားမှာစိုးတယ်။ ဆိုတော့ သူတို့ လူတန်းစား အကျိုးစီးပွားအပြင်၊ သူတို့နိုင်ငံဟာလည်း မြန်မာနိုင်ငံက သဘာဝဓါတ်ငွေ့တွေကို မှီခိုအားထားနေရတာ၊ တနှစ်ကို ၃.၆ ဘီလီယံ ဒေါ်လာဖိုး ရှိတယ်။ ဒါတွေကိုလည်း ပျက်သွားမှာစိုးလို့ သူ သွားရောက်တယ်ဆိုပြီးတော့ သူ့ရဲ့ခရီးစဉ်ကို ဝေဖန်တာ။ ဆိုတော့ မြန်မာနိုင်ငံကိုသွားတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ နစ်နာနေပြီ၊ ငြိမ်းချမ်းရေးအတွက် သူနဲ့ ဆွေးနွေးဖို့၊ စကားပြောဖို့ ပြောတယ်လို့ သူပြောတဲ့စကားကို quote အနေနဲ့ ပြောပါရစေ။ အဲဒီစကားဟာ တကယ်လို့ ပြောခဲ့ရင်၊ ဆွေးနွေးခဲ့ရင် ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ တကယ်တမ်းလည်း ဒီလိုရှိပါတယ်။ ရှိနိုင်ပါတယ်။ သူက အမြဲတမ်း စကားပြောချင်တယ်၊ ဆွေးနွေးရင်နဲ့ ညှိနှိုင်းချင်တဲ့လူ။ Dialogue Culture ကို အမြဲတမ်း တိုးမြှင့်နေတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်ဆိုတော့ ဒါလဲ ကောင်းပါတယ်။

တခါ မြန်မာစစ်ကောင်စီက ဘာကြောင့် ခွင့်ပြုသလဲ။ ဒါကိုလဲပဲ မြန်မာစစ်ကောင်စီကလည်း သူတို့အကျိုးအတွက်။ သူတို့ထွက်ပေါက် ပိတ်နေပြီ။ သူတို့ ထွက်ပေါက်ရှာတဲ့အနေနဲ့ နိုင်ငံတကာမှာ နည်းနည်းမျက်နှာပန်းလှစေချင်လို့ လုပ်တာ။ ဘာအတွက်ပဲလုပ်လုပ် အကျိုးသက်ရောက်မှုကိုပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ မှန်မှာပဲ - သူတို့က ထွက်ပေါက်ပိတ်မိနေပြီ။ ခံနေရတာ များနေပြီဆိုတော့။ သူတို့ထွက်ပေါက်ရှာဖို့အတွက် တွေ့ခွင့်ပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မျှော်လင့်တာတခုက စစ်ကောင်စီက သူတို့ရဲ့ အမှားကို ပြင်ချင်တယ်ဆိုတဲ့ စိတ်ဓါတ်၊ ပြင်ရဲတဲ့သတ္တိနဲ့ လုပ်တယ်ဆိုတာမျိုး ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ အဲဒီလိုဖြစ်ပြီး ဆွေးနွေးရတယ်ဆိုရင်တော့ ဒါက အကျိုးမယုတ်နိုင်ဘူးလို့ ယူဆပါတယ်။

နောက်တခု ကျနော်ပြောချင်တာက Pramudwinai ကပြောတယ်။ မြန်မာနိုင်ငံ ပြဿနာကို နှစ်ပိုင်းခွဲတယ်။ လောလောဆယ် ပြဿနာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နဲ့ စစ်တပ်နဲ့ ပြေလည်ရေး ဖြစ်တယ်။ တိုင်းရင်းသားတွေ ပြဿနာကတော့ နောက်မှသီးခြားဆိုပြီးတော့။ သီးခြားတော့ မဟုတ်ဘူး၊ ထိတွေ့ဆက်စပ်နေတယ်။ တပေါင်းတည်း၊ တထိုင်တည်း ဖြေရှင်းဖို့တော့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီနဲ့ တွေ့ရမယ်ကိစ္စကတော့ အဓိကကျတယ်။ ဒါက အရင်သွားရမယ်။ နောက်ပြီးတော့ တဆက်တည်းမှာပဲ လူပေါင်းစုံပါဝင်တဲ့၊ ဘက်ပေါင်းစုံ ပါဝင်တာလည်း တချိန်တည်းတွဲပြီးတော့ မရှေ့မနှောင်း လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ သီးခြားစီတော့ မဟုတ်ဘူးလို့ ကျနော် မြင်ပါတယ်။ အဲဒါပါပဲ Pramudwinai ရဲ့ ခရီးစဉ်က။

မေး ။ ။ အခုလို သူတို့ တွေ့ဆုံခဲ့တာ တစုံတရာ ပြေလည်လာဖိို့ ဖြစ်နိုင်ပါသလား။ ဒါပေမဲ့ တရုတ်၊ လာအို၊ ကမ္ဘောဒီးယားတို့ကတော့ ဒီအပေါ်မှာ အကောင်းမြင်တဲ့သဘော ရှိပါတယ်။ တချို့နိုင်ငံတွေကတော့ မဟုတ်ဘူး။ ဒါက အာဆီယံကို ဘောင်ကျော်တယ်လို့ မြင်ပါတယ်။ ဒီအပေါ် ဘယ်လိုသုံးသပ်ပေးလိုပါသလဲ။

ဖြေ ။ ။ အာဆီယံကို ဘောင်ကျော်တယ်လို့မြင်တာ အာဆီယံအဖွဲ့ထဲမှာ ဥက္ကဋ္ဌတို့၊ နောက်ပြီးတော့ အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးတို့က မြင်တယ်။ ဒါပေမဲ့ ဒီသုံးနိုင်ငံကလွဲရင် ကျန်တဲ့နိုင်ငံတွေကတော့ သဘောတူကြတယ်။ ဒါကို ကောင်းတယ်လို့ ပြောကြတယ်။ အာဆီယံထဲမှာ သဘောထား ကွဲလွဲကြတယ်။ ကျနော်ထင်တယ် အာဆီယံရဲ့ ပူးတွဲကြေညာချက် နည်းနည်းနောက်ကျပြီးတော့ ထွက်တာ၊ ဒီကိစ္စကို ညှိနေရလို့ ဖြစ်ပါလိမ့်မယ်။ နောက်ဆုံး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ ပူးတွဲကြေညာချက်မှာ ဘယ်လိုရေးလိုက်သလဲဆိုတော့ Pramudwinai အဲဒီကိုသွားပြီး ဆွေးနွေးတဲ့ကိစ္စကို အဖွဲ့ဝင်နိုင်ငံတချို့ကတော့ ကောင်းတယ်။ Positive ဖြစ်တယ်လို့ ယူဆကြတယ်။ သူတို့ပြောချင်တာကတော့ အဖွဲ့ရဲ့ မူ ၅ ချက် ဘောင်အတွင်းက လုပ်သင့်တယ်။ ဥက္ကဋ္ဌနဲ့ ညှိနှိုင်းပြီး လုပ်သင့်တယ်လို့ ဒီလောက်ပဲ ရေးထားတယ်။ ရှုတ်ချတယ် ဘာညာဆိုတာ အဲဒီကြေညာချက်ထဲမှာ မပါဘူး။ အာဆီယံရဲ့သဘောပဲ။ တနိုင်ငံချင်း ပြောတုန်းကတော့ လက်သီးလက်မောင်းတန်းပြီးတော့ နောက်ဆုံးတော့ tone down လုပ်ပြီး လုပ်တယ်ဆိုတာကို အဓိကတွေ့ရပါတယ်။ အာဆီယံကတော့ အဲဒီလိုတော့ လုပ်သွားတာပဲ။

ဒီကိစ္စဟာ အာဆီယံပေါ်မှာ ရိုက်ခတ်မှု ရှိတာထက်၊ မြန်မာနိုင်ငံအကျိုးပေါ်မှာ ထိရောက်မှုရှိဖို့သာ လိုအပ်တယ်လို့ ထင်ပါတယ်။ Pramudwinai အနေနဲ့လည်း ဒီဟာကို ဘယ်လိုတူသလဲဆိုတာကို အကြမ်းမျဉ်း ပြောရမယ်ဆိိုရင် လူအုပ်စုတဖွဲ့ကနေ လူတယောက်ကို ဝိုင်းပြီးကျဉ်ကြတယ်။ အဲဒီအုပ်စုထဲကပဲ ဟိုလူနဲ့ ငယ်သူငယ်ချင်းတယောက်က သွားပြီးလည်းပင်ဖက်ပြီးတော့ မင်းကိုတော့ ဒီလိုပြောနေကြပြီး ဘာညာစေ့စပ်လုပ်ပေးချင်တဲ့သဘော လုပ်တယ်ဆိုတော့ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း - ငယ်သူငယ်ချင်းလို ဖြစ်နေပြီတော့ ကျန်တဲ့အဖွဲ့ဝင်တွေနဲ့စာရင် အဲဒီလို ဖြစ်နေတယ်။ ဒါကတော့ အကောင်းဆုံး ဥပမာလို့ထင်တယ် - နှိုင်းယှဉ်ကြည့်တာပေါ့။

မေး ။ ။ အာဆီယံဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက်မှာ အခြေခံဘုံသဘောတူညီချက် ငါးရပ်အတိုင်း ဆက်ပြီးတော့ မြန်မာ့အရေးကို ဆောင်ရွက်သွားမယ်။ နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ကတော့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်နေတဲ့ ကိစ္စတွေကို ဆက်ပြီးတော့ မလုပ်အောင်လို့၊ စစ်ကောင်စီကို ဖိအားပေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သဘောတူညီမှု ရခဲ့တယ်လို့ ပြောပါတယ်။ အဲဒီတော့ အာဆီယံနဲ့ မြန်မာ ရှေ့အလားအလာ ဘယ်လိုရှိနိုင်ပါသလဲ။

ဖြေ ။ ။ အာဆီယံနဲ့ မြန်မာကတော့ သိပ်ထူးခြားလာမယ်လို့တော့ မထင်ဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြောတာထက် အရင်တခါ ပြောဖူးတယ် - အာဆီယံက ပိုအလေးအနက်ထားပါတယ်။ သူတို့က တကယ်လက်တွေ့ကြုံနေရသူ။ အမေရိကန်က အနောက်က ပံ့ပိုးတဲ့သဘောသာ ဖြစ်ပါတယ်။ ဆိုတော့ အာဆီယံအနေနဲ့ တကယ်ပဲ သူတို့ပြောင်းလဲအောင်လုပ်ဖို့ ကြိုးစားနေတာပဲ။ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတချို့က တလိုင်းတည်း မကျတော့လည်း သူတို့အတွက် အခက်အခဲ ရှိနေတယ်။ မြန်မာနိုင်ငံပေါ်မှာ ပိုပြီးအကျိုးသက်ရောက်လာလေမလားထက်၊ အာဆီယံထဲမှာ ပိုပြီးကွဲလွဲလာလေမလားဆိုတာကို ပညာရှင်တချို့ကလည်း တွက်ကြပါတယ်။ အခုလုပ်လိုက်တော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံက ပိုပိုပြီး ကွဲလာမယ်။ သို့ပေမဲ့ အာဆီယံရဲ့ အဓိက အစည်းအဝေးလုပ်ခဲ့တာကိုက မြန်မာပြဿနာဟာ တခုပါတယ်။

ဒါပေမဲ့ အာဆီယံကွန်မြူနီတီ - ဥရောပသမဂ္ဂတို့လို နောင်တချိန်မှာ အဲဒီလိုမျိုး ပိုပြီးစည်းလုံးညီညွှတ်တဲ့ လူ့အသိုင်းအဝိုင်းကြီး တိုးတက်အောင်လုပ်ဖို့ သူတို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဟိုတုန်းကလည်း အာဆီယံသံတမန်တချို့ပြောတယ် မင်းတိို့နိုင်ငံကြောင့် ငါတို့ကို အနှောင့်အယှက် ဖြစ်နေတယ်လို့ ပြောကြတယ်ဆိုတော့ အခုတော့ မြန်မာကိုဖယ်ပြီးတော့ စဉ်းစားကြလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံပေါ်တော့ သိပ်ပြီးတော့ လွှမ်းမိုးမှု ရှိလာလေမလားဆိုတာကတော့ အတိအကျ မပြောနိုင်သေးပါဘူး။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။