အီဂျစ်အရေးအမေရိကန်ကြားနေမှု အီဂျစ်ဗိုလ်ချုပ်ဝေဖန်

အီဂျစ်စစ်တပ်အကြီးအကဲ Abdel Fattah el-Sissi (ဇူလိုင်လ ၂၄ ရက်၊ ၂၀၁၃)

ပြီးခဲ့တဲ့လက အီဂျစ်သမ္မတမော်စီကို ဖြုတ်ချခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ပြတ်ပြတ်သားသား ထောက်ခံဖို့ ငြင်းဆန်နေတဲ့အတွက် အီဂျစ်စစ်တပ်အကြီးအကဲ Abdel Fattah el-Sissi က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

သမ္မတအိုဘားမားအစိုးရက အီဂျစ်ပြည်သူတွေကို ကျောခိုင်းလိုက်ကြောင်း၊ ဒီအဖြစ်ကို အီဂျစ်လူထုက မေ့ပစ်လို့ရမှာ မဟုတ်ဘူးလို့ ဒေါသထွက်နေတဲ့ ဗိုလ်ချုပ်ကြီး Sissi က ဝါရှင်တန်ပို့စ် (Washington Post) သတင်းစာနဲ့ ကြုံတောင့်ကြုံခဲ တွေ့ဆုံခန်းမှာ ပြောဆိုလိုက်တာပါ။

စစ်တပ်ထောက်ခံတဲ့ ကြားဖြတ်အစိုးရနဲ့ အစ္စလာမစ် သမ္မတဟောင်း မော်စီ ထောက်ခံသူတွေကြား ဖြစ်ပွားနေတဲ့ အီဂျစ် နိုင်ငံရေးပဋိပက္ခမှာ အမေရိကန်ပြည်ထောင်စုက ကြားနေဖို့ ကြိုးစားနေဆဲကာလမှာ စစ်တပ်အကြီး Sissi ရဲ့ မှတ်ချက်ကို စနေနေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာမှာ ဖော်ပြလိုက်တာပါ။

မစ္စတာမော်စီ ရဲ့ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ကလည်း သမ္မတအိုဘားမား အစိုးရဟာ စစ်တပ်က သမ္မတမော်စီကို ဇူလိုင်လ ၃ ရက်နေ့ အာဏာ သိမ်းနိုင်အောင် မျက်စိပိတ် မသိကျိုးကျွန်ပြုခဲ့တယ်လို့ စွပ်စွဲပြီး ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အီဂျစ်ဟာ အမေရိကန်ရဲ့ အဓိကကျတဲ့ စစ်ရေးမဟာမိတ်ဖြစ်တာကြောင့် Coup အာဏာသိမ်းတယ်ဆိုတဲ့ အသုံးအနှုန်းကို မသုံးခဲ့ပါဘူး။ ဒီအသုံးကြောင့် အီဂျစ်ကိုပေးနေတဲ့ စစ်ရေးအကူအညီတွေ ဖြတ်တောက်ရမယ့်ကိန်း ဆိုက်နိုင်တာကြောင့် စစ်တပ်က အာဏာသိမ်းတယ်ဆိုတဲ့အသုံး ကို ရှောင်လွှဲနေရတာလည်းဖြစ်ပါတယ်။