အီဂျစ်သမ္မတဟောင်း အဂတိမှု ထောင်သုံးနှစ်

အီဂျစ်သမ္မတဟောင်း Hosni Mubarak နဲ့ သားနှစ်ယောက်ဖြစ်တဲ့ Gamal (ဝဲ) နဲ့ Alaa ယာတို့ကို ရုံးထုတ်ချိန် သီးသန့်အခန်းငယ်ထားစဉ် သမ္မတဟောင်းက သူ့ကို ထောက်ခံသူတွေကို လက်ဝှေ့ယမ်းနှုတ်ဆက်စဉ်။ (မေ ၉၊ ၂၀၁၅)

အီဂျစ်သမ္မတဟောင်း ဟော်စ်နီ မူဘာရက်နဲ့ သားနှစ်ယောက်ကို အလွဲသုံးစားမှုဆိုင်ရာ စွဲချက်တွေနဲ့ အီဂျစ်တရားရုံးတခုက ထောင်ဒဏ်သုံးနှစ်စီ ပြစ်ဒဏ်ချလိုက်ပါတယ်။

အမှုကို ပြန်စစ်ဆေးတဲ့ တရားခွင်ကနေ အခုလို ပြစ်ဒဏ်ချလိုက်တာဖြစ်ပြီး ဒီ အတွက်ကြောင့် မစ္စတာမူဘာရက်ဟာ ရာဇဝတ်သားဖြစ်သွားပါပြီ။ နိုင်ငံခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ချခံရတာ လေးနှစ်ကြာပြီးတဲ့နောက် အခုလို ပြစ်ဒဏ်ချခံရတာပါ။

အီဂျစ်နိုင်ငံကို အာဏာရှင်တဦးအဖြစ် နှစ်ပေါင်း ၃၀ အုပ်စိုးခဲ့တဲ့ မစ္စတာမူဘာရက်နဲ့ သားတွေဖြစ်ကြတဲ့ Gamal နဲ့ Alaa တို့ဟာ တခြားပြစ်မှုတွေနဲ့ ထောင်ထဲရောက်နေတာ သုံးနှစ်ထက်မနည်း ရှိနေပါပြီ။ ၂၀၁၁ ခုနှစ်မှာ ရာထူးကဖြုတ်ချခံလိုက်ရတဲ့၊ အခုအခါ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်းဟာ ထောင်ထဲမှာ နောက်ထပ် ဆက်နေရဦးမလားဆိုတာကတော့ စနေနေ့ ပြစ်ဒဏ်ချချိန်မှာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

ရာထူးကဖြုတ်ချခံရတဲ့ အီဂျစ်မ္မတဟောင်း Hosni Mubarak၊ သားများဖြစ်တဲ့ Gamal Mubarak (ဝဲ) နဲ့ Alaa Mubarak (ယာ) တို့ကို စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၃ ခုနှစ်က တရားရုံးထုတ်ချိန်မှာ တွေ့ရစဉ်။

ဒီအမှုက သမ္မတနန်းတော်ကို ပြန်ပြီး မွမ်းမံ တည်ဆောက်တာမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို အလွဲသုံးစားလုပ်မှုနဲ့ မူဘာရက်အပေါ် စွပ်စွဲခဲ့တာကို ပြန်ပြီး စစ်ဆေးတဲ့အမှုပါ။ အဲဒီငွေတွေကို သမ္မတနန်းတော် မပြုပြင်ဘဲ မူဘာရက်က ကိုယ်ပိုင် အဆောက်အဦးတွေကိုပြုပြင်ဖို့ သုံးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။